ကျောင်းသားဟာ သေနတ်နဲ့ ပတ်သတ်လို့ အွန်လိုင်းကနေ လေ့လာခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေ ထုတ်ပြန်

“ကွန်ပျူတာကို စစ်ဆေးကြည့်ရသလောက် သူဟာ အွန်လိုင်းကနေ သေနတ်သုံးစွဲနည်းကို ၁ နှစ်ကနေ ၂ နှစ်အထိ လေ့လာခဲ့တာကို တွေ့ရတယ်” လို့ စစ်ဆေးတွေ့ရှိချက်ကို ပြောပြပါတယ်။

၁၀ ၊ ဩဂုတ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက  နွန်သဘူရီ ကျောင်းမှာ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားဟာ ပစ်ခတ်မှုမတိုင်ခင် ၁ နှစ်ကနေ ၂ နှစ်အတွင်း သေနတ်အသုံးပြုနည်းကို အွန်လိုင်းကနေ လေ့လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့ ဇုံ ၁ ဒုတိယရဲမှူးချုပ် အက်တာဖွန် အနုစစ် က စုံစမ်းစစ်ဆေးမှုတွေအရ ဖြစ်စဉ်ဟာ အကြောင်းရင်း တခုတည်းကြောင့် မဟုတ်ဘဲ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း အများအပြား ပါဝင်နေတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။

ဒီထဲမှာ မိသားစုပြဿနာတွေ၊ စာသင်ကြားရေး ခက်ခဲမှုတွေ၊ ကျောင်းသားအချင်းချင်း ဆက်ဆံရေးတွေနဲ့ ဆိုရှယ်မီဒီယာပေါ်က အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာတွေကို ကြည့်ရှုလေ့လာခဲ့တာတွေ ပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ဟာ လူ ၂၀ နီးပါးကို စစ်ဆေးမေးမြန်းထားပြီး သေနတ်၊ ကျည်ခွံတွေ၊ ဖုန်းတွေနဲ့ ကွန်ပျူတာတွေ အပါအဝင် အဓိက သက်သေပစ္စည်းတွေကို မှုခင်းဆေးပညာအရ စစ်ဆေးဖို့ စေလွှတ်ထားပါတယ်။

ရဲအရာရှိတွေဟာ အဆိုပါကျောင်းသားရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဖုန်းအဟောင်းတလုံးနဲ့ ကွန်ပျူတာတလုံးကို သိမ်းဆည်းခဲ့ပါတယ်။ ပထမအဆင့် တွေ့ရှိချက်တွေအရ သူဟာ အွန်လိုင်းမှာ အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်တွေကို လေ့လာခဲ့ပြီး သေနတ်တွေကို စိတ်ဝင်စားခဲ့တာတွေ့ရပါတယ်။

ရဲမှူးချုပ် က ကျူးလွန်သူဟာ အွန်လိုင်းကနေ BB သေနတ် (လေသေနတ်အမျိုးအစား) တလက် မှာယူခဲ့ပြီး လွန်ခဲ့တဲ့နှစ်က ကျောင်းကို ယူလာခဲ့လို့ ဆရာတစ်ယောက်က သိမ်းဆည်းခဲ့ဖူးတယ်လို့ ပြောပါတယ်။

“ကွန်ပျူတာကို စစ်ဆေးကြည့်ရသလောက် သူဟာ အွန်လိုင်းကနေ သေနတ်သုံးစွဲနည်းကို ၁ နှစ်ကနေ ၂ နှစ်အထိ လေ့လာခဲ့တာကို တွေ့ရတယ်” လို့ စစ်ဆေးတွေ့ရှိချက်ကို ပြောပြပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့အနေနဲ့ ကျောင်းသားဟာ သေနတ်ပစ်ကွင်းမှာ လေ့ကျင့်တာ ဒါမှမဟုတ် စနစ်တကျ သင်တန်းတက်ရောက်ခဲ့တာမျိုး မှတ်တမ်း မတွေ့ရှိရပါဘူး။

ရဲမှူးချုပ် က ကလေးဟာ ကျောင်းလွယ်အိတ်ထဲမှာ ဓါးတစ်ချောင်း ထည့်ထားခဲ့တယ်လို့ ပြောပါတယ်။

သေနတ်ပုံတွေ ဆွဲတာ၊ သေနတ်အကြောင်းတွေ ရေးသားခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ အတည်မပြုနိုင်သေးဘဲ ဆက်လက် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

“ဒီစုံစမ်းစစ်ဆေးမှုဟာ ကျောင်းသားမှာ အပြစ်ရှိမရှိ သက်သေပြဖို့သက်သက် မဟုတ်ဘဲ ဒီဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအရင်း အမှန်ကို ရှာဖွေဖို့ ဖြစ်ပါတယ်” လို့ ရဲမှူးချုပ် က ပြောပါတယ်။

တွေ့ရှိချက်တွေအရ မိဘတွေ လမ်းခွဲခဲ့ကြပြီး အသက် ၂ နှစ်လောက်ကတည်းက အဘိုးအဘွားတွေနဲ့ နေထိုင်ခဲ့ရတာ၊ စာသင်ကြားရတာ ခက်ခဲတာ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ အနိုင်ကျင့်ခံရတယ်ဆိုတဲ့ သတင်းတွေ အပါအဝင် အကြောင်းအရင်း အများအပြား ရှိနေတာကို တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ဟာ ပင်မအကြောင်းအရင်း တခုတည်းကိုတော့ အတည်မပြုနိုင်သေးဘဲ ကျောင်းပြန်မဖွင့်ခင် မိဘတွေ၊ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ကို အဓိက ထားဆောင်ရွက်နေပါတယ်။

ရဲတပ်ဖွဲ့က မိဘတွေနဲ့ ဆရာဆရာမတွေကို ကလေးတွေရဲ့ အမူအကျင့်ကို စောင့်ကြည့်ဖို့၊ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခွင့်ပေးဖို့နဲ့ အွန်လိုင်းမှာ ကြည့်ရှုနေတာတွေ (အထူးသဖြင့် အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာတွေ) ကို ဂရုစိုက်ကြည့်ရှုပေးကြဖို့ တိုက်တွန်းထားပါတယ်။

အတုခိုးကျူးလွန်မှုတွေ ဖြစ်လာနိုင်တာကို သတိပေးထားပြီး မသင်္ကာဖွယ် လှုပ်ရှားမှုတွေ ဒါမှမဟုတ် အများပြည်သူဆိုင်ရာ နေရာတွေမှာ လက်နက်ကိုင်ဆောင်ထားတဲ့ သတင်းအချက်အလက်တွေကို သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ဆေးရေးဂိတ်တွေကို တိုးမြှင့်လိုက်ပြီး လက်နက်ကိုင်ဆောင်မှုကိုလည်း ပိုမိုတင်းကြပ်စွာ ထိန်းချုပ်ပြီး လုံခြုံရေးတွေကို တိုးမြှင့်ထားပါတယ်။ လာမယ့်သီတင်းပတ် ကျောင်းမဖွင့်မီမှာ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောင်းနဲ့ ထိခိုက်နစ်နာခဲ့တဲ့ ကလေးတွေရဲ့ အိမ်တွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာ ပျံ့နေတဲ့ အမေဖြစ်သူနဲ့ ကျုးလွန်သူကျောင်းသားကလေးကြား ပေးပို့ထားတယ်ဆိုတဲ့ စာတိုတွေ အပါအဝင် အတည်မပြုရသေးတဲ့ သတင်းအချက်အလက်တွေနဲ့ ရုပ်သံဖိုင်တွေကို မျှဝေခြင်းမပြုကြဖို့ ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပြီး ဒီလိုလုပ်ဆောင်တာဟာ နားလည်မှုလွဲမှားတာတွေ ဖြစ်စေနိုင်သလို သက်ဆိုင်သူတွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။

ကလေးရဲ့ အိတ်ထဲမှာ တွေ့ရှိခဲ့တဲ့ အိမ်သော့နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပဏာမ ဆေးစစ်ချက်တွေအရ ဆေးဝါးသုံးစွဲထားတဲ့ အထောက်အထား မတွေ့ရပါဘူး။

ဒီပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကျူးလွန်သူရဲ့ မိဘတွေကတော့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ကြီးမားလှတဲ့ ပူဆွေးသောကတွေအတွက် အထူး ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး လေးလေးနက်နက် တောင်းပန်ကြောင်းနဲ့ ထိခိုက်နစ်နာခဲ့ရသူ မိသားစုအားလုံးကို တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။

Ref – BangkokPost