လေးမျက်နှာမှာ စပါးခင်းဧကတသောင်းကျော် ရေမြုပ်တယ်လို့ စစ်အစိုးရထုတ်ပြန်

“ရေကျနောက်စိုက်ပဲဖြစ်ဖြစ် ဘာစပါးပဲဖြစ်ဖြစ် ဒီလို ရွှံ့ရည်တွေနဲ့ နစ်နေရင် ဆယ်ရက်ထက်မခံဘူး။ သူတို့ပြောနေတာက ဒီလယ်တွေ ပျက်သွားလည်း ဘာမှမဖြစ်ဘူးပေါ့။ အေးပေ့ါ လယ်တွေပျက်သွားရင် ဆုံးရှုံးမှာက လယ်သမား တွေပဲလေ။ သူတို့မှ မဟုတ်တာ”

၃၊ ။ဩဂုတ်

လေးမျက်နှာမြို့နယ်မှာ မိုးစပါးစိုက်ဧက သုံးသောင်းကျော်ရှိတဲ့အထဲ အခုရေဘေးကြောင့်  ဧကတသောင်းကျော် ရေမြုပ်နေပြီး ဧရာ၀တီ တတိုင်းလုံး စပါးစိုက်ဧကရဲ့ ၀ ဒသမ ၃၁ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် စပါးစိုက်ပျိုး ထုတ်လုပ်မှုအပေါ် သိသာတဲ့ ထိခိုက်မှု မရှိနိုင်ဘူးလို့ စစ်အစိုးရရဲ့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်အစိုး ရရဲ့ ထုတ်ပြန်ချက်မှာ မိုးစပါးစိုက်ဧက တသောင်းကျော်သာ ရေမြုပ်တယ်ဆိုပေမယ့် မြေပြင်မှာတော့ အဲဒီထက်ပို နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လေးမျက်နှာတခုတည်းမဟုတ်ဘဲ ရေကြည်၊ မြန်အောင် ဘက်တွေပါ ရေတက်နေပြီဆိုတော့ တသောင်းထက်များနိုင်တယ်။ တကွင်းလုံး ရေပြင်ချည်းပဲ တွေ့ရတယ်” လို့ ရေးဘေးကူညီ ကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ဟင်္သာတသားတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းရဲ့ ဆန်စပါးဖူလုံမှုဟာ ၄၇၃ ရာခိုင်နှုန်းကျော်အထိရှိတဲ့အတွက်ကြောင့် ဆန်စပါးဖူလုံရေးနဲ့ လိုအပ် ချက်တွေအတွက် စိုးရိမ်ပူပန်စရာ လုံး၀မရှိဘူး လို့လည်း တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လက်ရှိစိုက်ပျိုးထားတဲ့ မိုးစပါးတွေဟာလည်း ရေကျနောက်စိုက်လယ်ယာမြေတွေဖြစ်ပြီး ရေနစ်မြုပ်မှုကို ၁၄ ရက်လောက်အထိ သဘာ၀အတိုင်း ခံနိုင်ရည်ရှိတာကြောင့် အဲဒီကာလအတွင်း ရေပြန်ကျဆင်းသွားခဲ့ရင် စိုက် ခင်းထိခိုက်မှုလည်း မရှိနိုင်ဘူးလို့ တိုင်းအစိုးရအဖွဲ့က ဆိုပါတယ်။

ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်း အနည်းငယ်အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုး စိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီလို့လည်း ပြောပါတယ်။

“ရေကျနောက်စိုက်ပဲဖြစ်ဖြစ် ဘာစပါးပဲဖြစ်ဖြစ် ဒီလို ရွှံ့ရည်တွေနဲ့ နစ်နေရင် ဆယ်ရက်ထက်မခံဘူး။ သူတို့ပြောနေတာက ဒီလယ်တွေ ပျက်သွားလည်း ဘာမှမဖြစ်ဘူးပေါ့။ အေးပေ့ါ လယ်တွေပျက်သွားရင် ဆုံးရှုံးမှာက လယ်သမား တွေပဲလေ။ သူတို့မှ မဟုတ်တာ” လို့ အိုင်သပြုဒေသခံလယ်သမားတဦးက မှတ်ချက်ပေးပါတယ်။

လက်ရှိမှာ ရေကြီးနေတာဟာ လေးရက်ရှိသွားပြီဖြစ်ပေမယ့် ရေပြန်မကျဘဲ ထပ်တိုးလာနေသေးပြီး ဟင်္သာတမြို့ နယ်အစပ် ခမောက်စုကျေးရွာအနီးတဝိုက်နဲ့ ရေကြည်မြို့နယ်တို့ထိပါ ရေတွေရောက်နေပြီလို့ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ရေစီးကြောင့် လေးမျက်နှာ – ငသိုင်းချောင်းကားလမ်းမပေါ်၊ အိုင်သပြုအနီး ကရင်လက်သမားတံတား ကျိုးကျသွား ခဲ့ပြီး ကားလမ်းတခုလုံးလည်း ရေလျှံနေကာ ဆက်သွယ်ရေးပြတ် တောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေးကြီးနေတဲ့ လေးမျက်နှာ၊ အိုင်သပြုကျေးရွာတဝိုက်မှာ ဖုန်းလိုင်းအချို့နဲ့ လျှပ်စစ်မီး ပြတ်တောက် နေလို့ အိမ်တွေထဲ ပိတ်မိနေသူတွေအတွက် အကူအညီတောင်းဖို့ အခက်အခဲ ရှိနေတယ်လို့  ပြောကြပါတယ်။

ရေစီးနဲ့ မျောပါပျောက်ဆုံး နေသူအချို့လည်း ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ် နေကြတယ်လို့ ဆိုပါတယ်။

ငဝန်မြစ်ရဲ့ ရေကာတာဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်ကစပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့တို့က တာဘောင်ထပ်ပြီး နိမ့် ဆင်းတာမဖြစ်ရအောင် တုတ်ရိုက်တာ၊ သဲအိတ်စီတာတွေ လုပ်ခဲ့ကြပေမယ့် ထိန်းမနိုင်တော့ဘဲ ရေစိမ့်ပေါက်ပို ကျယ်၊ တာကျိုးတဲ့ အနေအထားထိ ရောက်သွားခဲ့ရတာပါ။

အခုအခါမှာတော့ ကျိုးသွားတဲ့တာတမံအပေါက်ဟာ ပေ ၂၀၀ ကျော်လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။

အခု လေးမျက်နှာ မြစ်ကျိုး ငဝန်ရေကာတာဟာ စစ်အစိုးရရဲ့  ပြုပြင်ထိန်းသိမ်းမှု အားနည်းလို့ ၊ အာဏာ သိမ်းပြီးနောက်ပိုင်း အရပ်သားအစိုးရ လက်ထက်ကလို  ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မရှိခဲ့လို့ အခုလို လေးမျက်နှာမြို့နဲ့ နီးကပ်တဲ့ အကွာအဝေးနေရာက အခြေအနေကို မထိန်းနိုင်ခဲ့တဲ့ အတွက် မကျိုးပေါက်သင့်ပဲ ကျိုးပေါက်ခဲ့ရတာလို့  လေးမျက်နှာမြို့နယ် အိုင်သပြုဒေသခံ သက်ကြီးပိုင်း အမျိုးသားတဦးက ပြောပါတယ်။