ဧရာ၀တီမှာ စက်သုံးဆီတလီတာ ကျပ်တသောင်းဝန်းကျင်ထိ စျေးတက်

 

စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ပုသိမ်မြို့အတွက် သတ်မှတ်စျေးနှုန်းမှာတော့ ဓါတ်ဆီ 92 တလီတာကို ၃၄၃၀ နဲ့ 95 တလီတာကို ၃၅၄၀ သာရှိနေတာပါ။

၂၈ ၊ ဇူလိုင်။

စစ်အစိုးရက စက်သုံးဆီအရောင်းဆိုင်တွေကို ခွဲတမ်းပမာဏ လျှော့ရောင်းနေတဲ့ နောက်ဆက်တွဲ အနေနဲ့ ဧရာ၀တီတိုင်းအတွင်း စက်သုံးဆီတလီတာကို ကျပ်ငါးထောင်ဝန်းကျင်ကနေ တပတ်အတွင်း ကျပ်တသောင်းဝန်းကျင်ထိ ဈေးတက်သွားပါတယ်။

“တဂါလံကို သုံးသောင်းခွဲ၊ တချို့ရွာတွေမှာ လေးသောင်းထိ တက်တယ်။ ဘယ်လိုဖြစ်လို့ တက်လဲတော့မသိပါ ဘူး။ ဒီကကောင်တွေကတော့ သိတဲ့အတိုင်းပဲ နည်းနည်းလှုပ်ရင်ကို စျေးထိုးတင်တာ၊ ဟိုဘက်မှာကျရင်လည်း ဒီမှာ က တော်ရုံနဲ့ မချကြတော့ဘူး” လို့ အင်္ဂပူမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

အင်္ဂပူမြို့နယ်အတွင်းက ထူးကြီးမြို့မှာဆိုရင် QR ကုတ် နဲ့ ဝယ်ရတဲ့ မြို့ပေါ်ဆိုင်တွေမှာလည်း ဓါတ်ဆီတလီတာကို ကျပ် ၇၅၀၀ ထိ စျေးပေးနေရတယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့ပေါ်မှာတော့ စစ်အစိုးရ သတ်မှတ်စျေးအတိုင်း ကျပ် ၃၆၀၀ ဝန်းကျင်နဲ့ ဝယ်လို့ရနေပြီး QR ကုတ်ရှိသူတွေသာ အကန့်အသတ်နဲ့ ဝယ်ကြရတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရေကြည်၊ လေးမျက်နှာမြို့နယ်တို့မှာတော့ ဓါတ်ဆီတလီတာကို ကျပ် ၁၂၀၀၀ ဝန်း ကျင်ထိ စျေးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်  ဆီစျေးတက်နေတာကြောင့် ဆိုင်ကယ်ကယ်ရီသမားတွေဟာလည်း အလုပ်အကိုင်အဆင်မပြေဖြစ် နေကြရတယ်လို့ ဆိုပါတယ်။ “ကယ်ရီတကြောင်းကို ငါးထောင်၊ တသောင်းလောက်တောင်းမှ ကိုက်တော့မယ်၊ အဲဒီ စျေးနဲ့ဆို လူတွေ မစီးတော့ဘူး” လို့ ဒေးဒရဲမြို့မှ နှစ်ဘီးဆိုင်ကယ်မောင်းသူတဦးက ပြောပါတယ်။

စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ပုသိမ်မြို့အတွက် သတ်မှတ်စျေးနှုန်းမှာတော့ ဓါတ်ဆီ 92 တလီတာကို ၃၄၃၀ နဲ့ 95 တလီတာကို ၃၅၄၀ သာရှိနေတာပါ။ ဒါပေမယ့် စက်သုံးဆီဆိုင်ကြီးတွေဟာ သူတို့ခွဲတမ်းရတဲ့ဆီတွေထဲက အများစုကို မှောင်ခိုစျေးနဲ့ ပြန်ရောင်းတဲ့ ပြင်ပဆိုင်တွေကို ပြန်ရောင်းနေကြတာကြောင့် အခုလိုစျေးအဆမတန်တက်နေရတာလို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီလို စက်သုံးဆီမှောင်ခိုထုတ်ရောင်းသူတွေ အများအပြားရှိတာကြောင့် မိုးဦးကာလ လယ်သမားတွေ လယ် စထွန်ကြရမယ့်အချိန်တုန်းကလည်း စက်သုံးဆီတလီတာကို ကျပ်ခြောက်ထောင်ဝန်းကျင်ထိ စျေးတက်နေခဲ့ပါ တယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းကတည်းက စက်သုံးဆီစျေးတွေ စတက်နေခဲ့တာဖြစ်ပြီး အခု ဇူလိုင်လ ကုန်ပိုင်းမှာ တဟုန်ထိုး ထိုးတက်သွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အာရှနိုင်ငံတွေကို အဓိက ရိုက်ခတ်လာပြီး စက်သုံး ဆီ စျေးကွက်တွေမှာ အခုလို သက်ရောက်မှုတွေ ရှိလာတာပါ။ စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်း ကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အခက်ကြုံလာကြရတယ်လို့ ပြောကြပါတယ်။