စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်တာ ပိုဆိုးလာနေတယ်လို့ လေ့လာစောင့်ကြည့်အရေးအဖွဲ့ သတိပေး

၂၀၂၆ ပထမခြောက်လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ကြိမ်မက ရှိခဲ့ပြီး အရပ်သား ၄၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ACLED က မှတ်တမ်းတင်ထားပါတယ်။

၂၈ ၊ ဇူလိုင်

စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ် အာဏာရလာပြီးကတည်းက စစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ သိသိသာသာ တိုးလုပ်လာတယ်လို့ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ တခုက ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒေသတွင်း အစိုးရတွေက သံတမန်ရေးအရ ဆက်ဆံဖို့ ပိုကြိုးစားနေချိန်မှာပဲ အခုလို ဖြစ်လာတာပါ။

ဒီလို စီးနင်းတိုက်ခိုက်တာတွေဟာ မတ်လကုန်ပိုင်းက စစ်တပ်ကာကွယ်ရေးဦးစီးချုပ်သစ် ဖြစ်လာတဲ့သူရဲ့ ဗျူဟာတွေကြောင့် လို့ Armed Conflict Location & Event Data (ACLED) အဖွဲ့က ပြောပါတယ်။

ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ရယူဖို့ သူ ၁၅နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆီ လွှဲပေးခဲ့တာပါ။

“စစ်ကောင်စီက မတ်လမှာ စစ်တပ်ကွပ်ကဲမှုစနစ်ကို ပြန်ပြင်ဆင်ပြီးကတည်းက အရပ်သားတွေဟာ စစ်တပ်ရဲ့ ပိုဆိုးဝါးလာတဲ့ ဖိနှိပ်မှုတွေနဲ့ ပိုပြင်းထန်လာတဲ့ လေကြောင်းဗုံးကြဲမှုတွေကို ခံနေရတယ်” လို့ ACLED က ဆိုပါတယ်။

“ဒီလို ပြင်ဆင်မှုတွေထဲမှာ ပစ်မှတ်တခုတည်းကိုပဲ ဂျက်ဖိုက်တာ ၂ စီးကနေ ၅ စီးအထိ ပါတဲ့ အထူးအဖွဲ့တွေနဲ့ မနားတမ်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတာတွေ ပါပါတယ်” လို့လည်း ပြောပါတယ်။

မြန်မာဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ Reuters ရဲ့ မေးခွန်းတွေကို ချက်ချင်း အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။

ACLED ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခဆိုင်ရာ အချက်အလက်တွေကို သတင်းတွေ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့တွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေကနေ စုဆောင်းတာ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ ကသောင်းသနင်းအခြေအနေ ဖြစ်သွားခဲ့ရတာပါ။ နောက်ဆက်တွဲ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူ ၁ သိန်းနီးပါး သေဆုံးခဲ့ရပြီး သန်းပေါင်းများစွာ ဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။

အတိုက်အခံ အများစုကို ကန့်သတ်ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲအပြီး သမ္မတ မဖြစ်ခင် ရက်ပိုင်းအလိုမှာ ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ သစ္စာတော်ခံ၊ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

သူ့လက်ထက်မှာ စစ်တပ်ဟာ အရေးပါတဲ့ မြေရှားသတ္တုတွေရှိတဲ့ နယ်စပ်ဒေသနဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပါဝင်တဲ့ နယ်စပ်ဒေသ အတော်များများကို စစ်ဆင်ရေးတွေ ပြန်စခဲ့ပါတယ်။

“အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဧပြီလမှာ စစ်တပ်အကြီးအကဲအဖြစ်ကနေ အရပ်သားသမ္မတအဖြစ် ကူးပြောင်းပြီးနောက်ပိုင်း သူ့ရဲ့အာဏာမြဲဖို့ပဲ အာရုံစိုက်နေတာမို့ အရပ်သားတွေ သက်သာရာရဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ” လို့ ACLED က ပြောပါတယ်။

၂၀၂၆ ပထမခြောက်လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ကြိမ်မက ရှိခဲ့ပြီး အရပ်သား ၄၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ACLED က မှတ်တမ်းတင်ထားပါတယ်။ အဲဒီအထဲက ၄၀ ရာခိုင်နှုန်းလောက်ဟာ အညာဒေသလို့ လူသိများတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် သံတမန်ရေး လှုပ်ရှားမှုတွေ အရှိန်ရလာခဲ့ပြီး ဦးမင်းအောင်လှိုင်ဟာ အဓိကအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တဲ့ အာဆီယံအဖွဲ့နဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ပြန်စဖို့ ကြိုးစားနေပါတယ်။

ဦးမင်းအောင်လှိုင်ဟာ သူ့ရဲ့ တရားဝင်မှု ပိုရဖို့အတွက် သြဂုတ် ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

Ref – Reuters