အိန္ဒိယက ပိုးဟပ်လူငယ်ခေါင်းဆောင်တွေ အစိုးရနဲ့ ဆွေးနွေးမယ် 

ဒါပေမဲ့ နိုင်ငံတစ်ဝန်း ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေကိုတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

၂၄ ၊ ဇူလိုင်

အိန္ဒိယမှာ အမျိုးသားအဆင့် စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် လူငယ်တွေ ဦးဆောင်တဲ့ “Cockroach” (ပိုးဟပ်) လှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဒီကနေ့ သောကြာနေ့မှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးကြတော့မှာပါ။ ဒါပေမဲ့ နိုင်ငံတစ်ဝန်း ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေကိုတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူ Sonam Wangchuk က ၂၆ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစာငတ်ခံဆန္ဒပြပွဲကို ညတွင်းချင်း ရပ်နားလိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ပညာရေးဝန်ကြီးကို ရာထူးက ထွက်ပေးဖို့ တောင်းဆိုရင်း မြို့တော်ဒေလီမှာ သောင်းနဲ့ချီတဲ့ ဒေါသထွက်နေတဲ့ လူငယ်တွေ စုဝေးခဲ့ကြတာမို့၊ ခုလို ဆွေးနွေးဖို့ ဖြစ်လာတာဟာ အကျပ်အတည်းပြဿနာ ပြေလည်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာစေပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ၂၀၁၄ ခုနှစ်မှာ အာဏာရလာပြီးနောက်ပိုင်း ကြုံတွေ့ရသမျှထဲမှာ လူငယ်တွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှု တခု ဖြစ်လာခဲ့ပါတယ်။

အတိုက်အခံပါတီတွေကလည်း ဒီလှုပ်ရှားမှုရဲ့ တောင်းဆိုချက်တွေကို ထောက်ခံပေးထားပြီး ဒီအပတ်မှာ စတင်ခဲ့တဲ့ လွှတ်တော်ညီလာခံမှာပါ ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြပါတယ်။

အစိုးရဝန်ကြီးတွေနဲ့ သူတို့ကိုယ် သူတို့ Cockroach Janta Party (CJP) ပိုးဟပ်ပြည်သူ့ပါတီလို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်တွေကြား ပြုလုပ်မယ့် ဆွေးနွေးပွဲကို ကြားနေရာတခုမှာ လုပ်သွားမှာဖြစ်တယ်လို့ CJP ပြောရေးဆိုခွင့်ရှိသူ Saurav Das က သတင်းထောက်တွေကို ပြောပါတယ်။

“အစိုးရအနေနဲ့  ပွင့်လင်းတဲ့ စိတ်နဲ့ ရောက်လာပြီးတော့ လမ်းပေါ်မှာ အကြာကြီးထွက် ဆန္ဒပြနေရတဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို သူတို့ကို အသေးစိတ် ရှင်းပြသွားမှာဖြစ်ပြီး အစိုးရဘက်ကလည်း နားထောင်ပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ Saurav Das က ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေကတော့ ဆက်လက်ရှိနေဦးမယ်လို့ Das က ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကတော့ ကျောင်းသားတွေကို ဒေါသထွက်စေခဲ့တဲ့  စာမေးပွဲမသမာမှုမှာ ပါဝင်ပတ်သက်သူတွေကို “ပြင်းပြင်းထန်ထန် ပြစ်ဒဏ်” ပေးမယ်လို့ မနေ့က ဇူလိုင်လ ၂၃ရက်နေ့မှာ  ကတိပြုထားပါတယ်။

Ref – Reuters