ရန်ကုန်မှာ ကြွက်တွေ ပိုပေါက်ဖွားလာနေသလား

“စည်ပင်မှာ တာဝန်ရှိသလိုပဲ နေထိုင်သူတွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ၊ စားကြွင်းစား ကျန်တွေ ကြုံသလိုပစ်တာတွေက ကြွက်တွေပေါများအောင် လုပ်နေသလို ဖြစ်နေတာပဲလေ။ ကိုယ့်တအိမ်ထဲ ဖြေရှင်းလို့ရတဲ့ ကိစ္စမှမဟုတ်တာ ”

ဒီနှစ်မိုးတွင်းကာလ ရန်ကုန်ရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တွေမှာ ကြွက်တွေပိုများလာနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

“ကြွက်တွေက အကောင်ကြီးသလောက် လူကိုလည်း မကြောက်ဘူး။ လူရှေ့တင် ဖြတ်ပြေးနေတာ။ လမ်းတွေမှာ ဆိုပိုဆိုးတယ်။နောက်ပိုင်း အပေါ်ဆုံးဒါဘာအထိတောင် သရောက်တယ် ” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်မှာ နေသူတဦးက ပြောပါတယ်။

ကြွက်တွေဟာ နောက်ဖေးလမ်းကြားတွေတင် မကပဲ အထပ်မြင့် တိုက်တွေပေါ်အထိ ရောက်လာနေပြီး အခုနောက်ပိုင်းမှာ ကြွက်ကောင်ရေ သိသိသာသာ ပိုများလာတယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။

“ရတဲ့ နေရာကနေပြီးတော့ကို မရရအောင်ဝင်တာ။ အိမ်မှာကလေးအငယ်လေးရှိတော့ပိုသတိထားနေရတယ်။ တော်တော်ဆိုးဆိုးကိုသောင်းကြမ်းနေတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ်ရပ်ကွက်က တိုက်ခန်း ၅ လွှာမှာ နေသူတဦးက ပြောပါတယ်။

ကြွက်တွေ သောင်းကျန်းနေတာကို ဖြေရှင်းဖို့ လူအင်အား ၊ ငွေအင်အား လိုအပ်ချက်တွေ ရှိနေပြီး ဒီအခြေအနေက အားလုံးပူးပေါင်း ပါဝင်မှ ရမယ့်ပြသနာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်ဟောင်း တဦးက DNA ကိုပြောပါတယ်။

“စည်ပင်မှာ တာဝန်ရှိသလိုပဲ နေထိုင်သူတွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ၊ စားကြွင်းစား ကျန်တွေ ကြုံသလိုပစ်တာတွေက ကြွက်တွေပေါများအောင် လုပ်နေသလို ဖြစ်နေတာပဲလေ။ ကိုယ့်တအိမ်ထဲ ဖြေရှင်းလို့ရတဲ့ ကိစ္စမှမဟုတ်တာ ” လို့ သူက မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် အခုလို ကြွက်တွေ ပေါလာတာက ကျန်းမာရေးနဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေရုံတင် မကပဲ ကြွက်တွင်းတွေကတဆင့် အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှုကိုလည်း ထိခိုက်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ကြွက်တွေကို စည်ပင်က လိုက်လံဖမ်းဆီး ရှင်းလင်းတာတွေ အရင်ကရှိခဲ့ပေမယ့် အခုနောက်ပိုင်း မတွေ့ရတော့သလို နေအိမ်တွေက အစားစာ အကြွင်းအကျန် စည်းကမ်းမဲ့ စွန့်ပစ်တာတွေကနေ ကြွက်တွေ မျိုးပွားမှုများပြီး အခုလိုသောင်းကြမ်းလာတာလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို ကြွက်တွေပေါများ သောင်းကြမ်းလာတဲ့အတွက် တိုက်ခန်းနေသူတွေ ကြွက်မလာအောင် အိမ်တွင်းဖြစ် နည်းလမ်းတွေ ရှာကြံလုပ်ဆောင်ပြီး ကာကွယ်နေရသလို အိမ်တံ ခါးပိတ်တာ၊ သံဇကာတပ်ပြီး တားဆီးတာတွေ လုပ်နေရတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ UN ကထုတ်ပြန်ခဲ့တဲ့ အမှိုက်စီမံခန့်ခွဲမှု မြှင့်တင်ရေးအတွက် လုပ်ခဲ့တဲ့ UN-Habitat စီမံကိန်းပါ အချက်အလက်တွေအရ ရန်ကုန်ဟာ တနေ့ကို အမှိုက်တန်ချိန် နှစ်ထောင်ကနေ သုံးထောင်အထိ ထွက်နေပြီး ၊ အဲဒီအမှိုက်တွေရဲ့ ၇၆ ရာခိုင်နှုန်းဟာ ကြွက်တွေရဲ့ အစာအရင်းအမြစ်ဖြစ်တဲ့ အော်ဂဲနက်အမှိုက်( ထမင်းကျန်၊ဟင်းကျန်)တွေ ဖြစ်တယ်လို့ ပါရှိပါတယ်။