
“ဒီစခန်းတွေ ရတာ တော်တော်အကျိုးရှိသွားတယ် ကိုယ့်ဘက်အတွက်။ ရိုးတောင်ခြေကနေ ပုသိမ်မြစ်နား၊ မြို့နားတွေထိ ထိုးဖောက်ဖို့ လွယ်သွားပြီ။ စစ်တပ်အတွက်ဆိုရင် တော်တော်အထိနာတယ်။ သူတို့ ရှေ့တိုးအတွက် ကာဖို့အတွက် အမာခံစခန်းတွေ နည်းသွားတဲ့သဘောဖြစ်သွားတယ်”
၂၉၊ ဇွန်။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်အတွင်းက စစ်တပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းကြီးသုံးခုကို အာ ရက္ခတပ်တော်(AA)က သိမ်းပိုက်ကြောင်း ထုတ်ပြန်ပြီးနောက် အဲဒီအနီးဝန်းကျင်ကို တိုက်လေယာဉ်တွေနဲ့ ရက်ဆက် ဗုံးကြဲနေပါတယ်။
“AA က သတင်းထုတ်ပြီးကတည်းက ဗုံးကြဲနေတာ ဆက်တိုက်ပဲ၊ မနေ့ကလည်း လေယာဉ်လေးစီးလောက်နဲ့ ကြဲ တယ်။ ဒီနေ့လည်း ကြဲနေတယ်။ သတင်းကြားတာကတော့ စခန်းတွေ အသိမ်းခံရတာကို အပေါ်က မသိဘူး၊ ထုတ် ပြန်ချက်ထုတ်မှပဲ သိတယ်ပေ့ါ၊ အဲဒါကြောင့် ကြဲနေတာလို့ ပြောကြတယ်။ ဒီဘက်တိုက်ပွဲမှာ သေတာလည်း မနည်း တော့ဘူး တပ်အသိုင်းအဝိုင်းက ကြားရတာ” လို့ ရေကြည်မြို့နယ်မှ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးဖြစ်တဲ့ ကိုရဲ (အမည်လွှဲ)က ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်၊ ၁၉ ရက်၊ ၂၁ ရက်နေ့တို့မှာ ရေကြည်မြို့နယ် ဘိုးတော်ချောင်း ဖျားဒေသ ရိုးတောင်ခြေမှာရှိတဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၄၈နဲ့ ပွိုင့် ၁၈၈ စခန်းကုန်းတွေကို သိမ်းပိုက်ရရှိခဲ့ပြီး အလောင်း တွေနဲ့ လက်နက်ခဲယမ်းတွေပါ ရခဲ့တယ်လို့ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အဲဒီတဝိုက်၊ ရိုးမတောင်ခြေကျေးရွာတွေမှ ပြည်သူတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ရိုးပေါ်တက်ပြေးပြီး ရှောင်ကြတာများတယ်။ တချို့ကတော့ မြို့နဲ့ နီးရင် မြို့တွေဘက် ပြေးကြတယ်။ စားနပ်ရိ က္ခာကတော့ တော်တော်အခက်အခဲကြုံရတယ် သူတို့။ စျေးတွေလည်း အရမ်းတက်နေတာလေ အခုက” လို့ ရေ ကြည်ဒေသခံနောက်တဦးက ပြောပါတယ်။
AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တဲ့ စစ်တပ်ရဲ့ ပွိုင့်စခန်းကုန်းသုံးခုလုံးဟာ အင်အားတရာဝန်းကျင်ရှိပြီး အခိုင် အမာချထားတဲ့ အဓိကကာကင်းစခန်းကြီးတွေဖြစ်ကာ စစ်ရေးအရ အလွန်အရေးပါတယ်လို့ AA သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ဒီစခန်းတွေ ရတာ တော်တော်အကျိုးရှိသွားတယ် ကိုယ့်ဘက်အတွက်။ ရိုးတောင်ခြေကနေ ပုသိမ်မြစ်နား၊ မြို့နားတွေထိ ထိုးဖောက်ဖို့ လွယ်သွားပြီ။ စစ်တပ်အတွက်ဆိုရင် တော်တော်အထိနာတယ်။ သူတို့ ရှေ့တိုးအတွက် ကာဖို့အတွက် အမာခံစခန်းတွေ နည်းသွားတဲ့သဘောဖြစ်သွားတယ်” လို့ AA နဲ့ နီစပ်တဲ့ ကိုဦးဆန်းက ပြောပါတယ်။
လက်ရှိမှာ ငဝန်မြစ်နဲ့ လေးမိုင်ဝန်းကျင်အကွာ ရိုးမတောင်ခြေတလျှောက် ဘုရားကြီး၊ ရွှေရင်မျှော်ကျေးရွာတွေနဲ့အ နီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အခုတပတ်အတွင်းမှာပဲ အကျအ ဆုံး ငါးဆယ်ဝန်းကျင်ရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီလို အကျအဆုံးများနေတာကြောင့် နေ့စဉ်နီးပါး စစ်ကူပို့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းစစ်မျက်နှာအတွင်း တပ်စခန်းတွေ လက်လွှတ်ရပြီး အထိနာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အရပ်သားလူနေကျေးရွာတွေအနီးမှာ စစ်စခန်းတွေတိုးချနေပြီး ရွာသားတွေကို အတင်းအဓမ္မ ဖယ်ရှား ခိုင်းတာ၊ ရိက္ခာဖြတ်တောက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
စစ်တပ်ဟာ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်တို့ကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဘက်ဆီ စစ်ကြောင်းထိုးဖို့၊ လက် လွှတ်ထားရတဲ့နေရာတွေ ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ဘဲ စခန်းတွေ ထပ်မံသိမ်းပိုက်ခံရကာ တပ်ပြန်ဆုတ်နေကြရတာဖြစ်ပါတယ်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။