
တိုက်ခိုက်မှုတွေ ရပ်လိုက်ကြောင်းနဲ့ ဆွေးနွေးပွဲတွေကို လာမယ့်အင်္ဂါနေ့မှာ ကာတာနိုင်ငံမှာ ပြန်စလိမ့်မယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
၂၉၊ ဇွန်။
အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ပင်လယ်ကွေ့ဒေသတွင်း လတ်တလောပဋိပက္ခတွေကို ရပ်တန့်ပြီး ဟော်မုဇ်ရေလက်ကြားအရေးအငြင်းပွားမှုကို ပြန်လည်ဆွေးနွေးဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်အရာရှိတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဒါဟာ ရက်အတော်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ပြိုလဲလုနီးပါးဖြစ်နေတဲ့ ယာယီငြိမ်းချမ်းရေးသဘောတူညီချက်ကို ကယ်တင်နိုင်ဖို့မျှော်လင့်ချက်တွေ မြင့်တက်လာစေခဲ့ပါတယ်။
ဇွန်လ ၁၇ ရက်နေ့က သဘောတူညီခဲ့ပြီး ရေလမ်းကြောင်းပြန်ဖွင့်ပေးမယ့်အချက် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာကို ရည်ညွှန်းပြီးတော့ “နားလည်မှုစာချွန်လွှာမှာပါတဲ့ ကဏ္ဍအားလုံးအတွက် လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လုပ်ဖို့ သတ်မှတ်ထားပါတယ်။ လောလောဆယ်တော့ နှစ်ဘက်စလုံးက နောက်ဆုတ်ပေးထားမှာဖြစ်ပြီး သင်္ဘောတွေလည်း လွတ်လွတ်လပ်လပ်သွားလာနိုင်မှာပါ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေ ရပ်လိုက်ကြောင်းနဲ့ ဆွေးနွေးပွဲတွေကို လာမယ့်အင်္ဂါနေ့မှာ ကာတာနိုင်ငံမှာ ပြန်စလိမ့်မယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစင်းကို အီရန်က တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်နှစ်ဘက်စလုံးက ဇွန်လ ၁၇ ရက်နေ့မှာ သဘောတူထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲခဲ့ကြတာပါ။
သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ကို မလေးစားရင် အစ္စလာမ္မစ်သမ္မတ နိုင်ငံတော်ကြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ပြီး မကြာခင်မှာပဲ အီရန်ဟာ တနင်္ဂနွေနေ့အစောပိုင်းက ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ နေရာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးက လက်ဘနွန်တောင်ပိုင်းက ရွာတရွာမှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်တွေ သုံးနေတဲ့မြေအောက်အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်ခဲ့ပြီး လက်ဘနွန်ကဟစ်ဇဘိုလာတွေကို နောက်ထပ်တကြိမ် တိုက်ခိုက်ခဲ့တယ်လို့ တနင်္ဂနွေနေ့မှာပြောပါတယ်။
ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတစင်း အပစ်ခံရပြီး နာရီပိုင်းအကြာမှာပဲ အီရန်ကို နောက်ထပ်တကြိမ် ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အချက် ၁၄ ချက်ပါတဲ့ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့နဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်လို ကိစ္စရပ်တွေကို ဆွေးနွေးနေစဉ်အတွင်း ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်တို့ ဦးဆောင်ပြီး ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ဆွေးနွေးပွဲတရပ်ကို လွန်ခဲ့တဲ့တပတ်က ဆွစ်ဇာလန်မှာ ပြုလုပ်ခဲ့ပြီး ဝါရှင်တန်က တီဟီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု တချို့ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်စတင်လာပြီး ပိုမိုပြင်းထန်လာခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကတော့ သူတို့ရဲ့ ရေတပ်နဲ့လေတပ်တွေဟာ ကူဝိတ်နဲ့ ဘာရိန်းက အမေရိကန်စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့ ဒရုန်းစစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ရာရောက်ပြီး “သံတမန်ရေးရာ လုပ်ငန်းစဉ်အားလုံးကို လုံးဝရပ်တန့်သွားစေလိမ့်မယ်” လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြောင်း နိုင်ငံပိုင် Press TV က ဖော်ပြခဲ့ပါတယ်။
IRGC ရေတပ်ကွပ်ကဲမှုဌာနချုပ်ကတော့ အဆိုပါ ဒေသမှာရှိတဲ့ အမေရိကန်စခန်းတွေဟာ “လာမယ့်ရက်တွေမှာ ငရဲဒဏ်ကို ခံစားရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အီရန်က အမေရိကန်အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာ မှန်ကန်ကြောင်း အတည်ပြုရင်း အမေရိကန်အရာရှိတဦးက အရှေ့အလယ်ပိုင်းကအမေရိကန်စခန်းတွေမှာ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ကြီးကြီးမားမားပျက်စီးဆုံးရှုံးတာမျိုး အစီရင်ခံထားတာမရှိသေးပေမဲ့ အခြေအနေကတော့ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ ရွိုင်တာကို ပြောပါတယ်။
Ref – Reuters