
မြေငလျင်နှစ်ခု လှုပ်ခတ်ပြီးနောက်မှာ အနည်းဆုံး နောက်ဆက်တွဲငလျင်အကြိမ် ၃၀ ခန့် လှုပ်ခတ်ခဲ့တာကို မှတ်တမ်းတင်ထားရပြီး အဆိုပါ ဒေသတခွင်မှာ ဆက်လက်လှုပ်ခတ်နေဆဲပဲလို့ ယာယီသမ္မတ ရိုဒရီဂွက်ဇ်က နိုင်ငံပိုင်ရုပ်မြင်သံကြားချန်နယ်ဖြစ်တဲ့ Venezolana de Televisión ကို ပြောပါတယ်။
၂၆၊ ဇွန်။
ဗင်နီဇွဲလားနိုင်ငံ မြို့တော်အနီးမှာ အင်အားပြင်းမြေငလျင်နှစ်ခု လှုပ်ခတ်သွားခဲ့လို့ အနည်းဆုံး လူ ၂၃၅ ဦးထက်မနည်း သေဆုံးပြီး လူ ၁,၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ လူ့အသက်တွေကိုအချိန်နဲ့တပြေးညီ ကယ်တင်နိုင်ဖို့ အပျက်အစီးပုံတွေကြားထဲ ရှာဖွေမှုတွေလုပ်နေကြပါတယ်။
ကာရာကတ်စ်မြို့နဲ့ အနီးနားက ကမ်းရိုးတန်းမြို့ဖြစ်တဲ့ လာဂွါအီရာမြို့တွေမှာ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်ကနေ လူတွေအကူအညီတောင်းပြီး အော်ဟစ်နေကြသံတွေကို ကြားနေရပါတယ်။
အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ အဆိုအရ ပထမဦးဆုံးလှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျုဒ့် ၇.၂ ရှိတဲ့ ငလျင်ပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ ပိုပြီးအင်အားပြင်းတဲ့ ပြင်းအား ၇.၅ ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်နှစ်ခုစလုံးဟာ မြေကြီးရဲ့ မျက်နှာပြင်အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု ပိုမိုပြင်းထန်တာပါ။
သေဆုံးသူအရေအတွက် ဒီထက်မက ပိုများလာနိုင်တယ်လို့ စိုးရိမ်နေကြပြီး အိုးအိမ်မဲ့ဖြစ်သူတွေများသလို အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေထဲမှာ မနေရဲကြတော့တာကြောင့် လူတွေဟာ လမ်းမတွေပေါ်မှာပဲ အိပ်နေကြရပါတယ်။
ငလျင်ဟာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါ နေ့ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသားရုံးပိတ်ရက်ဖြစ်နေတာကြောင့် ပုံမှန်အလုပ်လုပ်တဲ့ရက်တွေထက်စာရင် အိမ်မှာရှိနေတဲ့လူ ပိုများနေနိုင်တယ်လို့ ဆိုပါတယ်။
USGS ရဲ့ ထုတ်ပြန်ချက်အရ ငလျင်နှစ်ခုစလုံးဟာ အနက်တိမ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပထမငလျင်က မြေပြင်အောက် ၂၀.၃ကီလိုမီတာကို ဗဟိုပြုကာ ဒုတိယငလျင်ကတော့ အနက် ၁၀ ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် သေဆုံးသူအရေအတွက် ပိုတိုးလာတယ်လို့ ဗင်နီဇွဲလားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော့ဟ်ဟေ ရိုဒရီဂွက်ဇ်ကကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံအတော်များများက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးဖို့ ကတိပြုထားကြပြီး အမေရိကန်ကတော့ ကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ သန်း ၁၅၀ပေးဖို့ ကတိပြုထားပါတယ်။ အမေရိကန်စစ်တပ်ဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ပံ့ပိုးပေးဖို့နဲ့ အမြန်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ သယ်ယူပို့ဆောင်ရေးသင်္ဘောတွေနဲ့ လေယာဉ်တွေကို စေလွှတ်နေတယ်လို့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
လာဂွါအီရာမြို့မှာ အဆောက်အအုံပေါင်း ၂၅၀ ခန့် ပျက်စီး ဒါမှမဟုတ် ပြိုကျဆုံးရှုံးခဲ့တယ်လို့ ဟော့ဟ်ဟေ ရိုဒရီဂွက်ဇ်က ပြောခဲ့ပြီး အဆိုပါမြို့မှာ ၁၀ ထပ်ရှိတဲ့ ဟိုတယ်တခု ပြိုကျပျက်စီးသွားတဲ့ ဗီဒီယိုမှတ်တမ်းကို BBC ကအတည်ပြုနိုင်ခဲ့ပါတယ်။
ဆေးကျောင်းသားတဦးဖြစ်တဲ့ ဟွမ် အိုတစ်ဇ်ကတော့ သူ့ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတဦး သေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့ပြီး နောက်တဦးကတော့ အပျက်အစီးတွေအောက်မှာ ရှိနေလိမ့်မယ်လို့ ယူဆရကြောင်း၊ကမ်းရိုးတန်းဒေသမှာနေတဲ့ သူသိတဲ့လူ ၂၀ ဦး ခန့်လည်း ပျောက်ဆုံးနေတယ်လို့ BBC ကို ပြောပြပါတယ်။
“ကျွန်တော် စိတ်လှုပ်ရှား တုန်လှုပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်၊ ဘာမှလည်း မကူညီနိုင်လို့ စိတ်ပျက်မိတယ်” လို့ ကာရာကတ်စ်မြို့က ဆေးကျောင်းသား ဟွမ် အိုတစ်ဇ်က ပြောပါတယ်။
မြို့တော်မှာလည်း အဆောက်အအုံတွေ ပြိုကျခဲ့သလို ထရူဟီယို၊ ယာရာကွေး၊ကာရာဘိုဘို၊ အာရာဂွါနဲ့ မီရန်ဒါ ဒေသတွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒီယိုစဒါဒို ကာဘယ်လိုက ပြောပါတယ်။
ကာရာကတ်စ်မြို့ပြဧရိယာရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ချာကာအိုမြို့ရဲ့မြို့တော်ဝန် ဂူစတာဗို ဒူးကေးက ပျက်စီးသွားတဲ့ အဆောက်အအုံတခုရဲ့အပြင်ဘက်မှာ ကြာသပတေးနေ့က ပြောကြားရာမှာတော့ အဲဒီနေရာမှာတင်လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၂၃ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အသက်ရှင်နေတဲ့သူတွေကို တတ်နိုင်သမျှအများဆုံး ကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ သူက ပြောပါတယ်။
ကာရာကတ်စ်မြို့ဆင်ခြေဖုံးက မိုင်ကတီယာမှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့်ပိတ်ထားရတယ်လို့ နိုင်ငံရဲ့ ယာယီသမ္မတက ပြောပါတယ်။
မြေငလျင်နှစ်ခု လှုပ်ခတ်ပြီးနောက်မှာ အနည်းဆုံး နောက်ဆက်တွဲငလျင်အကြိမ် ၃၀ ခန့် လှုပ်ခတ်ခဲ့တာကို မှတ်တမ်းတင်ထားရပြီး အဆိုပါ ဒေသတခွင်မှာ ဆက်လက်လှုပ်ခတ်နေဆဲပဲလို့ ယာယီသမ္မတ ရိုဒရီဂွက်ဇ်က နိုင်ငံပိုင်ရုပ်မြင်သံကြားချန်နယ်ဖြစ်တဲ့ Venezolana de Televisión ကို ပြောပါတယ်။
သေဆုံးသူအရေအတွက် ဒီထက်မက ပိုတိုးလာဖို့ ရှိနေပါတယ်။ USGS ကတော့ “သေဆုံးဒဏ်ရာရသူ အများအပြားနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နိုင်ခြေရှိပြီး ဒီဘေးအန္တရာယ်ဟာ နေရာအနှံ့အပြားကို ကူးစက်သက်ရောက်နိုင်ပါတယ်” လို့ ပြောထားပါတယ်။
အရင်က လှုပ်ဖူးတဲ့ တူညီတဲ့ငလျင်တွေနဲ့ ပတ်ဝန်းကျင် လူဦးရေသိပ်သည်းဆ အပါအဝင် အချက်အလက် အမျိုးမျိုးပေါ် မူတည်ပြီးတွက်ချက်မှုအရ ဒီငလျင်ကြောင့် လူပေါင်း ၁၀,၀၀၀ သေဆုံးနိုင်ခြေ ၄၂ရာခိုင်နှုန်းရှိပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးနိုင်ခြေ ၃၃ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ကိန်းဂဏန်းတွေဟာ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို ကူညီနိုင်ဖို့ ထုတ်ပြန်ထားတာဖြစ်ပြီး အတိအကျ ခန့်မှန်းချက်တော့ မဟုတ်ပါဘူး။
ငလျင်တခုချင်းစီရဲ့ ပမာဏနဲ့ အနက်၊ ပြီးတော့ တခြားအလားတူ လက္ခဏာရှိတဲ့ ယခင်ငလျင်တွေအပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
ဒဏ်ရာရမှုနဲ့ သေဆုံးနိုင်ခြေတွေမှာ အဆောက်အအုံတွေရဲ့ အရည်အသွေးနဲ့ငလျင်လှုပ်ခတ်တဲ့ အချိန်အပိုင်းအခြား စတဲ့ တခြားအချက်တွေကလည်းသက်ရောက်မှု ရှိနေပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာ့မြေမျက်နှာပြင်ချပ်နှစ်ခု ဆုံတွေ့တဲ့နေရာပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ငလျင်တွေဟာ အဆိုပါမြေထုချပ်နှစ်ခုကြားကပွတ်တိုက်မှုအားတွေ ရုတ်တရက် ပေါက်ကွဲထွက်လာရာကနေ ဖြစ်ပွားခဲ့တာဖြစ်နိုင်ပါတယ်။
ကာရာကတ်စ်မြို့အခြေစိုက် ဂျာနယ်လစ် လူးဝစ် ဟာနန်ဒက်ဇ်က BBC Newsday ကို ပြောကြားရာမှာတော့ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ပျက်စီးဆုံးရှုံးမှုရဲ့ ပကတိပမာဏကို အကဲဖြတ်ဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။
“နိုင်ငံထဲမှာ ဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ကျွန်တော်တို့အတွက် အကဲဖြတ်ရတာ အလွန်ခက်ခဲပါတယ်” လို့ သူက ပြောပါတယ်။
စီးပွားရေးမငြိမ်မသက်မှုတွေကြောင့် အခြေခံအဆောက်အအုံ အများစုပျက်စီးယိုယွင်းပြီး အားနည်းနေတဲ့ နိုင်ငံကို ရိုက်ခတ်ခဲ့တာဖြစ်လို့ မြို့တော်နဲ့ပတ်ဝန်းကျင်ကမ်းရိုးတန်းဒေသတွေမှာ နောက်ဆက်တွဲငလျင်တွေဆက်တိုက်လှုပ်ခတ်နေစဉ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုခက်ခဲစေခဲ့ပါတယ်။
ကြာသပတေးနေ့နှောင်းပိုင်းမှာ ကျန်းမာရေးဝန်ကြီး ကားလော့စ် အယ်လ်ဗာရာဒိုက ဆေးဘက်ဆိုင်ရာဌာနတွေဆီ ရောက်ရှိလာတဲ့ သေဆုံးသူအရေအတွက် ၂၃၅ ဦးခန့် ရှိတယ်လို့ ပြောကြားခဲ့ပေမဲ့ စုစုပေါင်း ထိခိုက်သေဆုံးသူ အရေအတွက်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။
Ref – BBC,Reuters