
“အခုလို ကျပ်တည်းတဲ့ကာလမှာ ငါးသောင်း ဆိုတဲ့ ပိုက်ဆံကလည်း နည်းတာမှ မဟုတ်တာဗျာ။ သူတို့မိသားစုတွေအတွက် ဘယ်လွယ်ပါ့မလဲ”
၂၄၊ ဇွန်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမှာ နိုင်ငံသားကတ်နဲ့ အီလက်ထရောနစ် မှတ်ပုံတင် (UID) ခေါ် စမတ်ကတ်တွေ မရှိသေးသူတွေအတွက် လမင်းစီမံချက်နဲ့ အခမဲ့ လုပ်ဆောင်ပေးနေပေမဲ့ တကယ့် မြေပြင်မှာ ငွေကြေးတောင်းခံမှုတွေ ရှိနေပါတယ်။
“အခုက လဝက ကြေညာချက် ထုတ်ပြန်ထားတာမှာ ရက် ၁၀၀ စီမံချက်ကာလအတွင်းမှာ လမင်းစီမံချက်နဲ့ မှတ်ပုံတင် အလကားလုပ်ပေးမယ်လို့ ပြောထားတာရှိတယ်။ ဒါပေမဲ့ မြေပြင်မှာ လက်တွေ့ ဆင်းလုပ်တဲ့ အချိန်မှာကျတော့ အဲဒီလိုမဟုတ်ပြန်ဘူးဗျ။ အဓိကက ငွေကြေး မဖြစ်မနေ ပေးနေရတာ။ တယောက်ကို သုံးသောင်း ပေးရတယ်။ ပြီးရင် ထောက်ခံစာဖိုးတွေ ပေးကြရတယ်။ အကုန်ဆို ငါးသောင်းလောက် ကျတယ်”လို့ ခမောက်မော်ဒေသခံတဦးက DNA ကို ပြောပါတယ်။
တချို့ဒေသခံတွေအတွက် ငွေပေးလိုက်ရုံနဲ့တင် ပြီးမသွားဘဲ မြို့ပေါ်က လဝကရုံးအထိ လာဖို့လိုတယ်လို့ ပြောပြီး ငွေထပ်တောင်းတာတွေ ကြုံတွေ့နေရပြီး အဲဒီလို တောင်းခံရာမှာလည်း စာရွက်စာတမ်းနဲ့ အချက်အလက် မစုံလင်ဘူးဆိုတဲ့ အကြောင်းပြချက်ပေါင်းစုံကို အသုံးပြုနေကြတယ်လိုလည်း ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ ရက်တရာ စီမံချက်အတွင်း လမင်းစီမံချက်နဲ့ မြေပြင်အထိဆင်းပြီး မှတ်ပုံတင်လုပ်ပေးရာမှာ ငွေကြေး ပေးဆောင်ဖို့ မလိုဘူးလို့ ပြည်သူတွေကို အသိပေး ကြေညာထားပေမယ့် လက်တွေ့မှာတော့ ဟိုင်းကြီးကျွန်းဒေသခံတွေအနေနဲ့ ငွေကြေးကုန်းကျခံနေရတာ ဖြစ်ပါတယ်။
“အခုလို ကျပ်တည်းတဲ့ကာလမှာ ငါးသောင်း ဆိုတဲ့ ပိုက်ဆံကလည်း နည်းတာမှ မဟုတ်တာဗျာ။ သူတို့မိသားစုတွေအတွက် ဘယ်လွယ်ပါ့မလဲ” လို့ ခမောက်မော် ဒေသခံက မြေပြင်အခြေအနေကို ဆက်ပြောပြပါတယ်။
အဲဒီလို ငွေကြေးကောက်ခံမှုတွေကို စာသင်ကျောင်းတွေမှာတော့ ဝန်ထမ်းတွေက တိုက်ရိုက်တောင်းယူပြီး ရပ်ကွက်တွေထဲမှာတော့ အုပ်ချုပ်ရေးမှူးတွေကတဆင့် ပေးရတယ်လို့ ဆိုပါတယ်။ လက်ရှိ ဟိုင်းကြီးကျွန်းရုံးမှာ လဝက ဝန်ထမ်းတဦးတည်းသာ ရှိနေတဲ့အတွက် ငပုတောကနေ ဝန်ထမ်းတဦးနဲ့အတူတွဲပြီး ကွင်းဆင်းနေတယ်လို့ သိရပါတယ်။
အဲဒီလို လဝကဦးစီး ကွင်းဆင်းနေတဲ့အချိန်မှာ ဟိုင်းကြီး လဝကဦးစီးရဲ့ ဇနီးဖြစ်သူက လဝကဦးစီးကိုယ်စား ရုံးထိုင်ပြီး မှတ်ပုံတင်တွေကို လုပ်ပေးတာ၊လက်မှတ်ထိုးပေးတာတွေ လုပ်ပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ကတ်ပျောက်လို့ လာလုပ်သူတွေကိုလည်း အချက်အလက်တွေ လျှောက်တောင်းတယ်။ မတွေ့ရင် အကျပ်ကိုင် ငွေတောင်းတယ်။ သက်ဆိုင်ရာဝန်ထမ်း မဟုတ်သူက ဝင်ရောက်စွက်ဖက်နေတာ၊ ထင်ရာစိုင်းနေတာဟာ နည်းလမ်းမကျလို့ အဆင်မပြေဘူး”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ နောက်ထပ် ခမောက်မော်ဒေသခံတဦးက ထောက်ပြပါတယ်။
ဒီလို မြေပြင်မှာ ဝေဖန်သံတွေ ရှိနေတဲ့အပေါ်မှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ အခုလို အကူးအပြောင်း ကာလမှာ ချက်ချင်းပြောင်းလဲဖို့ ခက်ခဲနိုင်ပြီး ပြည်သူတွေအနေနဲ့ ခိုင်မာတဲ့ အထောက်အထား ပြည့်စုံစွာပေးဖို့ လိုအပ်တယ်လို့ ရှင်းပြပါတယ်။
“ကျွန်တော်ဟာ တိုင်းလွှတ်တော်ကိုယ်စားလှယ် မှန်ပေမယ့် အစိုးရက ကျွန်တော်တို့ပါတီက မဟုတ်ပါဘူး၊ ပါတီကြီးတခုက ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်မှာလည်း ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။ ဒါ့ကြောင့် ကိစ္စတခုကို ထိထိမိမိ ပြောစေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကို ခိုင်မာတဲ့ အထောက်အထားပေးဖို့ လိုပါတယ်”လို့ PPP ပါတီရဲ့ ကျိုက်လတ်မြို့နယ် အမှတ်-၂ ကိုယ်စားလှယ် ဦးဇော်ဝေထက်က ပြောပါတယ်။
စစ်အစိုးရ ထုတ်ပြန်ချက်မှာ စီမံချက်ကို အပိုင်းနှစ်ပိုင်းနဲ့ ခွဲခြားထားပြီး ပထမအပိုင်း အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားကတ် မရှိသေးသူတွေနဲ့UID ကတ်မရိုက်ရသေးသူတွေကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအသီးသီးမှာဆောင်ရွက်ပေးနေသလို၊ ဒုတိယအပိုင်းအနေနဲ့ အသက် ၁၀ နှစ် ပြည့်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ချိန်မှာ ကျောင်းတွေအထိ ကွင်းဆင်းလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။