အမေရိကန်-အီရန် ပထမအကျော့ ဆွေးနွေးပွဲ တိုးတက်မှုရှိတယ်လို့ဆို

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေတာကြောင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီလို့ အီရန်က စနေနေ့မှာကြေညာခဲ့ပေမဲ့ သင်္ဘောခြေရာခံအချက်အလက်တွေအရ သင်္ဘောတွေဆက်လက်ဖြတ်သန်းနေတာကို တွေ့ရပါတယ်။

 

၂၂၊ ဇွန်။

 

စစ်ပွဲ အဆုံးသတ်ဖို့ နောက်ဆုံးသဘောတူညီချက်တခု ရရှိရေး အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးပွဲ ပထမအကျော့ဟာ အားတက်စရာ တိုးတက်မှုတွေနဲ့ပြီးဆုံးသွားခဲ့ပြီလို့ ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနဲ့ ပါကစ္စတန်နိုင်ငံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့အပတ်က နိုင်ငံနှစ်ခုကြား ကနဦးသဘောတူညီချက် ရရှိခဲ့ပြီးနောက် ဆွေးနွေးပွဲတွေကို ဆွစ်ဇာလန်နိုင်ငံမှာ တနင်္ဂနွေနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

 

တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်တခုမှာတော့ အဆင့်မြင့်ကော်မတီ တရပ်ဟာ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက် ရရှိရေး လမ်းပြမြေပုံ တခုကို သဘောတူညီခဲ့ကြတယ်လို့ ကာတာနဲ့ ပါကစ္စတန်တို့က ပြောပါတယ်။ ကျန်တဲ့ဆွေးနွေးပွဲတွေကိုတော့ အခုရက်သတ္တလုံး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

 

အစောပိုင်းမှာတော့ ဆွေးနွေးပွဲမှာပါဝင်တဲ့ အမေရိကန်သံတမန်တဦးက ဟော်မုဇ်ရေလက်ကြား  ပြန်ဖွင့်ရေးနဲ့ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရေးတို့နဲ့ ပတ်သက်ပြီး “အီရန်ဘက်က ထွက်လာတဲ့ ရှုပ်ထွေးနေတဲ့ သတင်းစကားအချို့ကို ရှင်းလင်းအောင်လုပ်ဖို့” အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

 

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမယ့် ကုန်သွယ်ရေးသင်္ဘောတွေဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်ရေးအတွက် “မတော်တဆမှုတွေနဲ့ဆက်သွယ်ရေး အလွဲအချော်တွေကို ရှောင်ရှားနိုင်ဖို့ ဆက်သွယ်ရေးလိုင်း”တခု တည်ဆောက်ထားတယ်လို့ ကြားဝင်စေ့စပ်ပေးသူတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ဆွေးနွေးပွဲတွေမှာ နျူကလီးယားသဘောတူညီချက်ရဲ့ အဓိကအချက်အလက်တွေကိုလည်း အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံတမန်က ပြောပါတယ်။

 

ဒါ့အပြင် ဆွစ်ဇာလန်မြို့တော် လူဆန်းမှာ တွေ့ဆုံနေကြတဲ့ ကိုယ်စားလှယ်အဖွဲ့နှစ်ခုစလုံးဟာ “ဒီနေ့လုပ်ငန်းစဉ်ကို ရှေ့ဆက်မယ့် နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲတွေအတွက် အစပျိုးမှု” အဖြစ် သုံးစွဲသွားမှာဖြစ်တယ်လို့ဖြည့်စွက်ပြောပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ကနဦးသဘောတူညီချက်မှာ ရက်ပေါင်း ၆၀ အတွင်းနောက်ဆုံးသဘောတူညီချက် ရရှိအောင်လုပ်ဖို့ ကတိကဝတ်ပြုချက် ပါဝင်သလို လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဇဘိုလာနဲ့ အစ္စရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် လက်ဘနွန်နိုင်ငံသား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အခြေအနေ တင်းမာလာတာကြောင့် သောကြာနေ့မှာ အစ္စရေးနဲ့ ဟစ်ဇဘိုလာကြား အပစ်အခတ်ရပ်စဲရေး အသစ်တခုကို အမေရိကန်က ကြေညာခဲ့ရပါတယ်။ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေတာကြောင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီလို့ အီရန်က စနေနေ့မှာကြေညာခဲ့ပေမဲ့ သင်္ဘောခြေရာခံအချက်အလက်တွေအရ သင်္ဘောတွေဆက်လက်ဖြတ်သန်းနေတာကို တွေ့ရပါတယ်။

 

ကာတာနဲ့ ပါကစ္စတန်တို့ရဲ့ ပူးတွဲကြေညာချက်မှာတော့ “လက်ဘနွန်မှာစစ်ဆင်ရေးတွေ ရပ်တန့်မှုကို လိုက်နာမှုရှိစေဖို့ ဆွေးနွေးပွဲတက်ရောက်သူတွေ၊ လက်ဘနွန်သမ္မတနိုင်ငံနဲ့ ကြားဝင်စေ့စပ်ပေးသူတွေ ပူးပေါင်းပြီးပဋိပက္ခဖြေလျှော့ရေးဌာနခွဲတခု ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်” လို့ ဖော်ပြထားပါတယ်။

 

အစောပိုင်း လူဆန်းမြို့မှာ အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့တွေဆွေးနွေးပွဲစတင်ချိန်မှာပဲ ထရမ့်က အီရန်အနေနဲ့ “လက်ဘနွန်မှာရှိတဲ့ သူတို့ရဲ့ ငွေပေးခိုင်းထားတဲ့ လက်ဝေခံအဖွဲ့တွေကို ပြဿနာရှာနေတာတွေချက်ချင်းရပ်တန့်ခိုင်းရမယ်” လို့ ပို့စ်တင်ခဲ့ပြီး မလုပ်ရင် “အီရန်ကို နောက်တကြိမ် ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်မယ်” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

 

အီရန်ရဲ့ အဓိကဆွေးနွေးသူ မိုဟာမက် ဘာဂါ ဂါလီဘတ်ကလည်း “သူတို့ရဲ့ခြိမ်းခြောက်မှုတွေသာ ထိရောက်မှုရှိခဲ့ရင် ဒီနေ့လို မျှော်လင့်ချက်မဲ့တဲ့အခြေအနေမျိုး ရောက်နေမလားလို့ သူတို့ မစဉ်းစားမိကြဘူးလား။ သူတို့ဘယ်လောက်ပဲ ပြောပြော၊ အရေးယူဆောင်ရွက်မှာက ကျွန်တော်တို့ပဲ ဖြစ်တယ်” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

 

တနင်္ဂနွေနေ့မှာ တိုက်ပွဲတွေ လျော့နည်းသွားတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အစ္စရေးမြောက်ပိုင်းကို ကာကွယ်ဖို့ လိုအပ်သမျှ ကာလပတ်လုံး အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

 

ဟစ်ဇဘိုလာခေါင်းဆောင် နာအင်း ကာဆမ်ကတော့ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးစစ်တပ် ရှိနေမယ့်အရေးကို ငြင်းပယ်လိုက်ပြီး ဟစ်ဇဘိုလာအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်။

 

မတ်လ ၂ ရက်နေ့ကစလို့ လက်ဘနွန်မှာ လူပေါင်း ၄,၀၅၇ ဦး သေဆုံးခဲ့ပြီလို့နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ဘနွန်မှာ အစ္စရေးစစ်သား အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး အစ္စရေးမြောက်ပိုင်းမှာတော့အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

 

Ref – BBC