
အီးယူသံအမတ်တွေဟာ ပြီးခဲ့တဲ့အပတ်က ယူကရိန်း၊ ဆိုဗီယက်ယူနီယံဟောင်းဝင် မော်လ်ဒိုဗာတို့နဲ့ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုတွေကို ရှေ့ဆက်ဖို့သဘောတူခဲ့ကြပါတယ်။
၁၉၊ ဇွန်။
ယူကရိန်းရဲ့ ခုခံကာကွယ်မှုကနေ ဥရောပရဲ့ အနာဂတ်ကို ပုံဖော်နေတာဖြစ်ပြီး အီးယူအဖွဲ့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး လုံခြုံရေးအာမခံချက်ဟာယူကရိန်းကို အမြန်ဆုံးလမ်းကြောင်းကနေ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးဖို့ပဲလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ကြာသပတေးနေ့က ပြုလုပ်တဲ့အီးယူထိပ်သီး အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားနဲ့ဖြစ်နေတဲ့ စစ်ပွဲကို အခုနှစ်ကုန်မှာ အဆုံးသတ်ချင်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့ကြောင်းနဲ့ နောက်ထပ် ဆောင်းရာသီတခုကို ဖြတ်သန်းနိုင်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေနဲ့လောင်စာဆီတွေ ကူညီပေးပြီး ယူကရိန်းကို ပြင်ဆင်ခွင့်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။
ဥရောပမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတိုင်းဟာ အီးယူအဖွဲ့ဝင် ဖြစ်ထိုက်တယ်လို့ ဆိုပြီး “လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဥရောပနိုင်ငံတခု ဖြစ်လာဖို့အတွက် ယူကရိန်းဟာ တခြားနိုင်ငံတွေထက် ပေးဆပ်ခဲ့ရတာကြောင့် ဒီအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်” လို့ ဇလန်းစကီးက X လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ သူ့ရဲ့ မိန့်ခွန်းကောက်နုတ်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
“လွတ်လပ်ပြီး စည်းလုံး၊ ငြိမ်းချမ်းတဲ့ ဥရောပရဲ့ အနာဂတ်ကို ကျွန်တော်တို့ရဲ့ ခုခံကာကွယ်မှုကနေ ဆုံးဖြတ်နေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့အခြေအနေက ဘယ်လောက်အထိ ထူးခြားနေသလဲဆိုတာကို ပြသနေပါတယ်” လို့ သူက ဆိုပါတယ်။
မိန့်ခွန်းမပြောခင် နာရီပိုင်းအလိုမှာပဲ မော်စကိုက ရေနံချက်စက်ရုံ အပါအဝင်ရုရှားနိုင်ငံအတွင်းပိုင်းက ပစ်မှတ်တွေကို ယူကရိန်းက လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ အခုတပတ် ပြင်သစ်နိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် G7 ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဇလန်းစကီး ထောက်ပြခဲ့တဲ့ ယူကရိန်းရဲ့ စွမ်းဆောင်ရည်ပြ စစ်ဆင်ရေးရဲ့ အဝေးပစ်တိုက်ခိုက်မှုတွေပဲ ဖြစ်ပါတယ်။
အီးယူခေါင်းဆောင်တွေဆီ ပေးပို့တဲ့ သူ့ရဲ့သဝဏ်လွှာမှာ အဖွဲ့ဝင်နိုင်ငံအားလုံးက အဖွဲ့ဝင်အဖြစ် အမြန်တိုးမြှင့်တာကို ထောက်ခံမှာ မဟုတ်ဘူးဆိုတာ သူ သိထားပါတယ်။
ဟန်ဂေရီနိုင်ငံဆိုရင် ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်တဲ့ ဥရောပကောင်စီရဲ့ ကြေညာချက်ထဲကနေ အဲဒီလို အမြန်လက်ခံမယ့် အသုံးအနှုန်းကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ဒီလိုအရေးကြီးတဲ့ ခြေလှမ်းကို လူတိုင်း သဘောမကျဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒါဟာ ယူကရိန်းအတွက် အီးယူထဲဝင်ဖို့ အမြန်ဆုံးလမ်းကြောင်း ဖြစ်လာနိုင်ပါတယ်”လို့ ဇလန်းစကီးက ပြောပါတယ်။
အီးယူသံအမတ်တွေဟာ ပြီးခဲ့တဲ့အပတ်က ယူကရိန်း၊ ဆိုဗီယက်ယူနီယံဟောင်းဝင် မော်လ်ဒိုဗာတို့နဲ့ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုတွေကို ရှေ့ဆက်ဖို့သဘောတူခဲ့ကြပါတယ်။
ဥပဒေနဲ့ စံနှုန်းတွေကို အီးယူအဖွဲ့ကြီးနဲ့ ကိုက်ညီစေဖို့အတွက် ဥပဒေနဲ့ မူဝါဒဆိုင်ရာ ကဏ္ဍခြောက်ခုထဲက ပထမဆုံးအချက်ကိုစတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးအပြီး ဥရောပကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ယူကရိန်းအတွက် အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲတွေ စတင်နိုင်ခဲ့တာကိုကြိုဆိုထားပြီး “အရည်အချင်းအပေါ် အခြေခံတဲ့ ချဉ်းကပ်မှုနဲ့အညီ တခြားကဏ္ဍတွေကိုလည်း ဆက်လက်ဆွေးနွေးသွားဖို့ မျှော်လင့်တယ်” လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဟန်ဂေရီအနေနဲ့ ကြေညာချက်ထဲကနေ ယူကရိန်းကို အဖွဲ့ဝင်အဖြစ်အရှိန်အဟုန်မြှင့် လက်ခံမယ့်အချက်ကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ပီတာ မာဂျာက X ပေါ်မှာ ရေးသားခဲ့ပါတယ်။ “ဒါဟာ မလွယ်ကူခဲ့ပါဘူး” လို့သူက ရေးထားပါတယ်။
လေးနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ ထောက်ခံမှုကိုလည်း ရှာဖွေနေတဲ့ ယူကရိန်းဟာ အခုနှစ်ထဲမှာ စစ်ပွဲကို အဆုံးသတ်ချင်နေတာဖြစ်တယ်လို့ တယ်လီဂရမ်ပေါ်မှာတင်ထားတဲ့ ဇလန်းစကီးရဲ့ နောက်ဆက်တွဲ မှတ်ချက်တွေအရ သိရပါတယ်။
“သေချာတာပေါ့၊ ကျွန်တော်တို့ဟာ ဒီစစ်ပွဲကို ဆောင်းရာသီမတိုင်ခင်အဆုံးသတ်ချင်ပါတယ်။ သံတမန်နည်းလမ်းနဲ့ ရုရှားအပေါ် ဖိအားပေးခြင်းအားဖြင့်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်သူနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာကိုတော့ နားလည်ပါတယ်” လို့ သူက ဆိုပါတယ်။
ရုရှားသမ္မတ ပူတင်ကို ရည်ညွှန်းပြီး “ပူတင်ဆိုတာ စစ်ပွဲပဲ” လို့ သူကထပ်လောင်းပြောဆိုပါတယ်။ တကယ်လို့ စစ်ပွဲက အခုထက်ပိုပြီး ကြာမြင့်သွားမယ်ဆိုရင် ယူကရိန်းအနေနဲ့ ဓာတ်ငွေ့၊ ဒီဇယ်ဆီ၊ စွမ်းအင်ဆိုင်ရာစက်ပစ္စည်းတွေနဲ့ အနည်းဆုံး ဒုံးကျည်အစင်းရေ ၃၀၀ လိုအပ်လိမ့်မယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ဥရောပရဲ့ လုံခြုံရေးဟာ ယူကရိန်းစစ်တပ်အတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်မှုအပေါ်မှာ မူတည်နေပြီး အီးယူနဲ့ ယူကရိန်းကို ကူညီချင်တဲ့ ဆန္ဒရှိတဲ့မဟာမိတ်နိုင်ငံများအဖွဲ့ အနေနဲ့ အဆိုပါ အချက် သေချာစေဖို့ ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းတွေကို ဖော်ဆောင်ပေးနိုင်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
နိုင်ငံတကာ လုံခြုံရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားတဲ့ အီးယူရဲ့ ဥရောပငြိမ်းချမ်းရေး ရန်ပုံငွေထဲကနေ ယူရို ခြောက်ဘီလီယံ ထုတ်ပေးဖို့လည်းသူက တောင်းဆိုခဲ့ပါတယ်။
Ref – Reuters