ChatGPT ကြောင့် သမီးဖြစ်သူ အဆုံးစီရင်ခဲ့ရတယ်လို့ဆိုကာ မိခင်ဖြစ်သူက OpenAI ကို တရားစွဲ

 

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သူတွေ ဒါမှမဟုတ် ကြံစည်ဖို့ ကြိုးစားခဲ့သူတွေရဲ့ မိသားစုတွေက တရားစွဲထားတဲ့ အလားတူအမှုပေါင်း ၁၈ မှုကိုလည်း OpenAI အနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

 

 

၁၂၊ ဇွန်။ 

 

ကနေဒါနိုင်ငံသား မိခင်တဦးက ChatGPTဟာ သမီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ အားပေးခဲ့တယ်လို့ စွပ်စွဲပြီး OpenAI ကုမ္ပဏီနဲ့ အမှုဆောင်အရာရှိချုပ် ဆမ် အာ့တ်မန်းတို့ကို   ကြာသပတေးနေ့က အမေရိကန်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

 

ဒါဟာ အသုံးပြုသူတွေနဲ့ ကုမ္ပဏီရဲ့ ဉာဏ်ရည်တု စာပြန်စနစ် (Chatbot) ကြားက အန္တရာယ်ရှိတဲ့ စကားပြောဆိုမှုတွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး OpenAI ကို စွပ်စွဲထားတဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ တရားစွဲဆိုမှုလည်း ဖြစ်ပါတယ်။

 

ဆန်ဖရန်စစ္စကို ပြည်နယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ တရားစွဲဆိုချက်ထဲမှာ ခရစ္စတီး ကာရီယာက သမီးအဲလစ်ဟာ မသေဆုံးခင်အချိန်အထိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ချင်တဲ့ အကြံအစည်တွေကို ChatGPT ကို အကြိမ်ပေါင်း တဒါဇင်ကျော် ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ OpenAI ရဲ့ ဘေးကင်းလုံခြုံရေးစနစ်တွေက စကားပြောဆိုမှုတွေကို လူကိုယ်တိုင် စစ်ဆေးနိုင်ဖို့သတိပေးချက် ထုတ်ပြန်တာမျိုး ဒါမှမဟုတ် စကားပြောဆိုမှုကို ရပ်တန့်ပစ်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ ပြောထားပါတယ်။

 

အဲဒီလိုလုပ်မယ့်အစား Chatbot က အဲလစ်ရဲ့ ပါတနာနဲ့ အကျပ်အတည်း ကူညီရေးဖုန်းလိုင်းတွေကို ဝေဖန်ခဲ့ပြီး သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို မှန်ကန်ကြောင်း ထောက်ခံပေးခဲ့သလို သူနဲ့ပဲ ဆက်ပြီးစကားပြောဖို့ တိုက်တွန်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က အသက် ၂၄ နှစ်အရွယ်မှာ အဲလစ်တယောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ရတယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

 

“ChatGPT ဟာ ကျွန်မရဲ့ကလေးနဲ့ ဒီလိုပုံစံမျိုး ဘေးကင်းကင်းနဲ့ တာဝန်သိသိ စကားပြောဆိုနိုင်စွမ်း မရှိပါဘဲနဲ့ တခါတရံမှာ ရင်ဖွင့်ဖော်၊ အရင်းနှီးဆုံး သူငယ်ချင်း၊ ကုထုံးပညာရှင်တယောက်လို ပုံစံမျိုး ဖမ်းပြီးလုပ်ဆောင်ခဲ့တယ်” လို့ ကာရီယာက ထုတ်ပြန်ချက်တခုမှာ ပြောခဲ့ပါတယ်။

 

OpenAI ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ အခု အခြေအနေဟာ ရင်ကွဲမတတ် ဝမ်းနည်းစရာကောင်းတယ်လို့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပြီး အဲလစ် အသုံးပြုခဲ့တဲ့ ChatGPT ဗားရှင်းကို အခုအခါမှာ မရနိုင်တော့ဘူးလို့ ဆိုပါတယ်။

 

“ChatGPT ဟာ ဆေးကုသမှု ဒါမှမဟုတ် စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အစားထိုးစရာ မဟုတ်ပေမဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့အတူ အကဲဆတ်ပြီး စိုးရိမ်ရတဲ့ အခြေအနေတွေမှာပြန်လည်တုံ့ပြန်မယ့် ပုံစံကို ကျွန်တော်တို့ ဆက်လက် အားကောင်းအောင် လုပ်ဆောင်နေပါတယ်”လို့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

ChatGPT ကို ဒီဇိုင်းထုတ်ရာမှာ ပေါ့ဆမှုရှိခဲ့တာနဲ့ အန္တရာယ်တွေကို အသုံးပြုသူတွေကို သတိပေးဖို့ ပျက်ကွက်ခဲ့တာတွေအတွက် OpenAI ကို စွပ်စွဲထားတဲ့ အဆိုပါ တရားစွဲဆိုမှုမှာ နစ်နာကြေး တောင်းခံထားပါတယ်။ 

 

ဒါ့အပြင် မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်မယ့် စကားပြောဆိုမှုတွေကို အလိုအလျောက် ရပ်တန့်ပစ်ဖို့နဲ့ပလက်ဖောင်းပေါ်မှာ သတိပေးချက်တွေ ပြသဖို့ OpenAI ကို အမိန့်ပေးစေလိုတဲ့ တရားရုံးအမိန့်ကိုလည်းတောင်းဆိုထားပါတယ်။

 

ခရစ္စတီး ကာရီယာရဲ့ ရှေ့နေတွေရဲ့ အဆိုအရ ကယ်လီဖိုးနီးယား ပြည်နယ်တရားရုံးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အမှုတွဲတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သူတွေ ဒါမှမဟုတ် ကြံစည်ဖို့ ကြိုးစားခဲ့သူတွေရဲ့ မိသားစုတွေက တရားစွဲထားတဲ့ အလားတူအမှုပေါင်း ၁၈ မှုကိုလည်း OpenAI အနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

 

တရားစွဲဆိုချက်အရ အဲလစ် ကာရီယာဟာ ၂၀၂၃ ခုနှစ်မှာ ကွန်ပျူတာတွေနဲ့ ဂိမ်းစက်တွေရဲ့ ပြဿနာတွေကို ရှာဖွေဖြေရှင်းဖို့ ChatGPT ကို စတင်အသုံးပြုချိန်က မွန်ထရီယယ်မှာ ဝက်ဘ်ဆိုက် ရေးဆွဲသူ တဦးအနေနဲ့လုပ်ကိုင်နေတာပါ။

 

နောက်နှစ်မှာတော့ အဆိုပါ ပလက်ဖောင်းနဲ့ သူ့ရဲ့ ပတ်သက်မှုက ပြောင်းလဲသွားခဲ့ပြီး အဲလစ်ဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေနဲ့ ပတ်သက်လို့ ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေအပြင်သေကြောင်းကြံစည်မယ့် နည်းလမ်းတွေကိုပါ ChatGPT ဆီမှာ ရှာဖွေမေးမြန်းလာခဲ့ပါတယ်။

 

ပလက်ဖောင်းက အစပိုင်းမှာတော့ အကျပ်အတည်း ကူညီရေးဖုန်းလိုင်း ဒါမှမဟုတ် အရေးပေါ်ဝန်ဆောင်မှုတွေဆီကနေ အကူအညီတောင်းဖို့ အဲလစ်ကို ပြောခဲ့ပါတယ်။

 

ဒါပေမဲ့ OpenAI က ChatGPT ရဲ့ ပြန်လည်တုံ့ပြန်မှုတွေကို လူသားဆန်ဆန် ပိုထွက်လာအောင် ဗားရှင်းမြှင့်တင်လိုက်တဲ့အခါမှာတော့ အဲလစ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ပိုပြီး မျှဝေလာခဲ့ပါတယ်။

 

ChatGPT ကလည်း သူငယ်ချင်းတဦး ဒါမှမဟုတ် ကုထုံးပညာရှင်တဦးလို ဟန်ဆောင်တုံ့ပြန်လာတာကြောင့်ပလက်ဖောင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက ပိုမိုနက်ရှိုင်းသွားခဲ့တယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

  

အဲလစ်က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ အတွေးတွေရှိနေပြီး သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ပြောတဲ့အခါမှာတော့ အကျပ်အတည်း ကူညီရေးဖုန်းလိုင်းကိုပဲ ထပ်ပြီး အကြံပြုခဲ့တယ်လို့ တရားစွဲဆိုချက်မှာ ဆိုပါတယ်။

 

အဆိုပါ ကူညီရေးဖုန်းလိုင်းတွေက အသုံးမဝင်ဘူးလို့ အဲလစ်က ပြောတဲ့အခါမှာ ChatGPT ကလည်းအဆိုပါ စကားတွေကို ထပ်ဆင့်ထောက်ခံခဲ့တယ်လို့ တရားရုံးမှတ်တမ်းအရ သိရပါတယ်။ “ဒါဟာ အဆုံးသတ်ပဲ ဖြစ်လိမ့်မယ် ထင်တယ်” လို့ ChatGPT က အဲလစ်ကို ပြောခဲ့ကြောင်း တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

 

မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ဖော်ပြလာသူတွေကို အကူအညီရှာဖွေဖို့နဲ့လက်တွေ့ကမ္ဘာက အကူအညီပေးနိုင်တဲ့ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးဖို့အတွက် သူတို့ရဲ့ AI မော်ဒယ်တွေကို လေ့ကျင့်ပေးထားတယ်လို့ OpenAI က ပြောထားပါတယ်။

 

OpenAI ရဲ့ ဘလော့ဂ်ပို့စ်တွေအရ သူတို့ရဲ့ မော်ဒယ်တွေကို “အကြမ်းဖက်မှုကို သိသိသာသာ ဖြစ်စေနိုင်တဲ့”တောင်းဆိုချက်တွေကို ငြင်းပယ်ဖို့နဲ့ စကားပြောဆိုမှုတွေက “တခြားသူတွေကို အန္တရာယ်ပြုနိုင်တဲ့ အရေးပေါ်နဲ့ယုံကြည်ရလောက်တဲ့ အန္တရာယ်ရှိနေပြီ” လို့ ညွှန်ပြနေရင် ဥပဒေစိုးမိုးရေးအဖွဲ့တွေကို အကြောင်းကြားဖို့လေ့ကျင့်ပေးထားပြီး ဝေခွဲရခက်တဲ့ အခြေအနေတွေကို ဆန်းစစ်ဖို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။ 

Ref – Reuters