လက်ဘနွန်နိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ နေတန်ညာဟု အမိန့်ပေး

“လက်ဘနွန်မှာ မြေပြင်စစ်ဆင်ရေးကို တိုးချဲ့ဖို့ စစ်တပ်ကို ကျွန်တော် ညွှန်ကြားထားပါတယ်” လို့ နေတန်ညာဟုက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

 

၁၊ ဇွန်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်ခြောက်ပတ်ကျော်က အပစ်အခတ်ရပ်စဲရေး ကြေညာထားခဲ့ပေမဲ့လည်း အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲမှာ အစ္စရေးစစ်တပ်အနေနဲ့ လက်ဘနွန်နိုင်ငံထဲ ပိုပြီးတိုးဝင်သွားဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက မေလ ၃၁ ရက်၊ တနင်္ဂနွေနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

 

လက်ဘနွန်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ အီရန်စစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ အကျယ်ပြန့်ဆုံး ကူးစက်လာတာပါ။ မတ်လ ၂ ရက်နေ့ကစလို့ ဟစ်ဇဘိုလာအဖွဲ့က သူတို့ရဲ့မဟာမိတ် အီရန်ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနိုင်ငံထဲကို ရော့ကတ်တွေနဲ့ ဒရုန်းတွေနဲ့ စတင်ပစ်ခတ်ခဲ့ချိန်ကတည်းက အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ ၁.၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

 

လက်ဘနွန်အစိုးရရဲ့ ပြောပြချက်အရ အခုလို အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၃,၃၇၀ ကျော် သေဆုံးခဲ့ရပြီး အစ္စရေးဘက်ကတော့ အဲဒီကာလအတွင်းမှာ သူတို့ရဲ့ စစ်သည် ၂၄ ဦးနဲ့ အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဟစ်ဇဘိုလာရဲ့ ရော့ကတ်တွေနဲ့ ဒရုန်းတွေကြောင့် အစ္စရေးနိုင်ငံ မြောက်ပိုင်းက အစ္စရေးနိုင်ငံသား သောင်းနဲ့ချီပြီးတော့လည်း နေရပ်စွန့်ခွာခဲ့ရပါတယ်။

 

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းက နှစ်ပေါင်း ၉၀၀ သက်တမ်းရှိပြီဖြစ်တဲ့ Beaufort Castle ခံတပ်နဲ့ မဟာဗျူဟာမြောက် တောင်ကြောတခုကို သိမ်းပိုက်လိုက်တယ်လို့ စစ်တပ်က ပြောပါတယ်။ ဟစ်ဇဘိုလာရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းတွေပိတ်ထားရပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားခဲ့ရပါတယ်။

 

“လက်ဘနွန်မှာ မြေပြင်စစ်ဆင်ရေးကို တိုးချဲ့ဖို့ စစ်တပ်ကို ကျွန်တော် ညွှန်ကြားထားပါတယ်” လို့ နေတန်ညာဟုက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

 

လက်ဘနွန်မှာ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတာကို ထောက်ပြပြီး ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးတခုကို တနင်္လာနေ့မှာ ခေါ်ယူဖို့ တောင်းဆိုလိုက်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဧပြီလလယ် အပစ်အခတ်ရပ်စဲရေး လုပ်ပြီးကတည်းက အစ္စရေးစစ်တပ်နဲ့ ဟစ်ဇဘိုလာတို့ဟာ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လုပ်နေခဲ့ကြပြီး ဟစ်ဇဘိုလာဘက်က လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တားဆီးဖို့ခက်ခဲတဲ့အပြင် လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးစစ်သည် အတော်များများကို သေဆုံးစေခဲ့တဲ့ ဈေးသက်သာပြီး တပ်ဆင်ရလွယ်ကူတဲ့ ကာမီကာဇေ ဒရုန်းတွေကို အသုံးပြုလာကြပါတယ်။

 

 

လာမယ့်ရွေးကောက်ပွဲမှာ နေတန်ညာဟုကို ယှဉ်ပြိုင်မယ့် နက်ဖ်တာလီ ဘန်းနက်ကတော့ ဘေရွတ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေကို တိုက်ခိုက်တာအပါအဝင် လက်ဘနွန်မှာ ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်စေချင်တယ်လို့ ပြောပါတယ်။

 

လက်ဘနွန်လုံခြုံရေးအရင်းအမြစ်တွေနဲ့ နိုင်ငံပိုင်သတင်းတွေအရ တနင်္ဂနွေနေ့တရက်လုံးမှာ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းတခွင်ကို တိုက်ခိုက်မှုပေါင်း ၄၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

 

သောကြာနေ့က အမေရိကန်စစ်တပ်ဟာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးဖော်ဆောင်ဖို့နဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာတွေကို လက်နက်ဖြုတ်သိမ်းဖို့ အပါအဝင် အမေရိကန်က ကြားဝင်စေ့စပ်ပေးထားတဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်ဖို့ ဝါရှင်တန်မှာ အစ္စရေးနဲ့ လက်ဘနွန် ကာကွယ်ရေးကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

မေလ ၁၅ ရက်နေ့တုန်းကလည်း နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ၄၅ ရက် သက်တမ်းတိုးဖို့ သဘောတူထားခဲ့ကြပါသေးတယ်။

 

Ref – Reuters