
နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်ခင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ရဲ့ စက်သုံးဆီစျေးနှုန်းတွေကို ချပေးဖို့ ထရမ့်အပေါ် ဖိအားတွေ ရှိနေပါတယ်။
၃၀၊ မေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကိုသက်တမ်းတိုးဖို့ အဆိုပြုထားတဲ့ သဘောတူညီချက်အပေါ် မကြာခင်မှာဆုံးဖြတ်ချက်ချတော့မယ်လို့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံနှစ်ခုကြားမှာတော့ ပဋိပက္ခရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် သဘောထားကွဲလွဲနေတုန်းပဲလို့ သိရပါတယ်။
ဧပြီလဆန်းပိုင်းက ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးမယ့် အဆိုပြုချက်အပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့အတွက် အိမ်ဖြူတော်ရဲ့ လုံခြုံရေးစိတ်ချရတဲ့ အခန်းထဲမှာအစည်းအဝေးလုပ်မယ်လို့ ထရမ့်က သောကြာနေ့မနက်ပိုင်းမှာ ပြောခဲ့ပါတယ်။
ဒါဟာ စေ့စပ်ညှိနှိုင်းသူတွေအနေနဲ့ စစ်ပွဲကို အပြီးတိုင် အဆုံးသတ်နိုင်ဖို့ အချိန်ရအောင် လုပ်ဆောင်တာပါ။ အိမ်ဖြူတော် တာဝန်ရှိသူတဦးကတော့ အစည်းအဝေးဟာ နှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ပြောပေမယ့် ထရမ့်အနေနဲ့ ဆုံးဖြတ်ချက်တခုခု ချမှတ်ခဲ့သလားဆိုတာကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။
“သမ္မတ ထရမ့်ဟာ အမေရိကန်အတွက် ကောင်းမွန်ပြီး သူ့ရဲ့ လက်ခံနိုင်တဲ့အကန့်အသတ်တွေနဲ့ ကိုက်ညီတဲ့ သဘောတူညီချက်မျိုးကိုပဲ လုပ်ဆောင်မှာပါ။ အီရန်အနေနဲ့ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ဘူး” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
အီရန်ဘက်က ထိပ်တန်းသတင်းမြစ်တခုကတော့ သဘောတူညီချက်ရဖို့နီးစပ်နေပြီဖြစ်ပေမယ့် အတည်မပြုရသေးဘူးလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ဒါပေမဲ့ ထရမ့်က အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတာကိုအဆုံးသတ်ရမှာဖြစ်သလို နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းတွေကိုလည်း ဖျက်သိမ်းရမယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါ အခြေအနေနှစ်ခုစလုံးဟာ တီဟီရန်ဘက်က သဘောမတူထားတဲ့ အချက်တွေ ဖြစ်ပါတယ်။
“အီရန်ဟာ နျူကလီးယားလက်နက် ဒါမှမဟုတ် ဗုံးကို ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူးဆိုတာကို သဘောတူရပါမယ်။ ဟော်မုဇ်ရေလက်ကြားကိုလည်းချက်ချင်းပြန်ဖွင့်ရမယ်၊ ဖြတ်သန်းခငွေတွေ မကောက်ရဘူး၊ လမ်းကြောင်းနှစ်ခုစလုံးမှာ သင်္ဘောတွေ အကန့်အသတ်မရှိ သွားလာခွင့်ရှိရမယ်” လို့ ထရမ့်က ပြောခဲ့ပြီး နျူကလီးယားဆိုင်ရာ ပစ္စည်းတွေကို အမေရိကန်က ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
အီရန်အစိုးရရဲ့ Fars သတင်းဌာနကတော့ သတင်းမြစ်တွေကို ကိုးကားပြီးထရမ့်ရဲ့ မှတ်ချက်တွေဟာ လုပ်ကြံဖန်တီးထားတဲ့ အောင်ပွဲတခုကို ပုံဖော်ဖို့ကြိုးစားတာလို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ အီရန်ထိပ်တန်းသတင်းမြစ်က ဖြစ်လာနိုင်ခြေရှိတဲ့သဘောတူညီချက်ထဲမှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ လုံးဝမပါဝင်ဘူးလို့ ပြောပါတယ်။
တချိန်တည်းမှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူအက်စမေးလ် ဘာဂါအီကလည်း ရေလက်ကြားကို စီမံခန့်ခွဲမယ့်ကိစ္စကို အီရန်နဲ့ အိုမန်တို့ကပဲ ဆုံးဖြတ်ရမယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘက်က အီရန်သင်္ဘောတွေအပေါ် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးပြီးရင် တီဟီရန်ရဲ့ စည်းကမ်းချက်တွေအတိုင်း ရေလက်ကြားကို ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ Fars သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘတ်ဆန့်တ်ကတော့ တကယ်လို့ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်ဆိုရင်တောင် ဖြည်းဖြည်းချင်းပဲ ဖယ်ရှားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အီရန်ရဲ့ ထိန်းသိမ်းထားတဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၂ ဘီလီယံကို ပြန်လည်လွှတ်ပေးဖို့ သဘောတူညီချက် ရရှိထားတယ်လို့ Fars သတင်းဌာနက ဆိုပါတယ်။ ထရမ့်ကတော့ နောက်ထပ် အကြောင်းမကြားမချင်း ဘယ်ငွေကြေးလဲလှယ်မှုမှ ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါဟာ အီရန်ဘက်က တောင်းဆိုထားတဲ့ ရေလက်ကြား ဖြတ်သန်းခငွေတွေ၊စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှု လျော်ကြေးတွေ ဒါမှမဟုတ် ထိန်းသိမ်းထားတဲ့အီရန်ပိုင်ဆိုင်မှုတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တွေကို ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။
ဒီလို သဘောတူညီချက် ရရှိနိုင်ခြေရှိတဲ့ သတင်းတွေကြောင့် သောကြာနေ့မှာကမ္ဘာ့ရေနံစျေးနှုန်းတွေ ကျဆင်းသွားပြီး စတော့ရှယ်ယာစျေးကွက်တွေတက်လာခဲ့ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်ခင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ရဲ့ စက်သုံးဆီစျေးနှုန်းတွေကို ချပေးဖို့ ထရမ့်အပေါ် ဖိအားတွေ ရှိနေပါတယ်။
မဲဆန္ဒရှင်တွေဟာ တက်လာတဲ့ ကုန်စျေးနှုန်းတွေအပေါ် ပိုပြီး စိတ်ပျက်ဒေါသထွက်လာကြလို့ပါ။ တချိန်တည်းမှာပဲ အီရန်အပေါ် ဘယ်လိုပဲ လိုက်လျောပေးပေး၊ သူ့ရဲ့ ပါတီထဲက အီရန်အပေါ် ပြင်းပြင်းထန်ထန် အရေးယူချင်တဲ့သဘောထားတင်းမာသူတွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေကိုလည်း ထရမ့်ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။
Ref – Reuters