
မြောက်ကိုရီးယားဟာ မကြာသေးခင်လတွေက ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခြင်းအားဖြင့် ဆုတ်ယုတ်လာနေတဲ့ နိုင်ငံတကာ စံနှုန်းတွေကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ နျူကလီးယားပိုင်ဆိုင်မှု အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြပါတယ်။
၂၇၊ မေ။
မြောက်ကိုရီးယားနိုင်ငံဟာ ဘက်စုံသုံး ဒုံးကျည်ပစ်လွှတ်မှု စနစ်အသစ်တခုနဲ့ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည် အများအပြားပစ်ခတ်နိုင်တဲ့ လက်နက်စနစ်တခုကို ပြီးခဲ့တဲ့ရက်က စမ်းသပ်ခဲ့တယ်လို့ မေလ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားစစ်တပ်က ကြိုတင်သတင်းထုတ်ပြန်ခဲ့တဲ့ အဆိုပါ စမ်းသပ်မှုတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကြီးကြပ်ခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ပြောပါတယ်။
မြောက်ကိုရီးယားဟာ မေ ၂၆ ရက်က သူ့ရဲ့ အနောက်ဘက်ကမ်းလွန်မှာ ပဲ့ထိန်းဒုံးကျည်အပါအဝင် ဒုံးကျည်အပြားကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
ဒါဟာ ၂၀၂၆ ခုနှစ်အတွင်း ဆက်တိုက်လုပ်ဆောင်နေတဲ့ စမ်းသပ်မှုတွေထဲက နောက်ဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒုံးကျည်တွေဟာ ကီလိုမီတာ ၈၀ အထိ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးခင်လတွေက ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခြင်းအားဖြင့် ဆုတ်ယုတ်လာနေတဲ့ နိုင်ငံတကာ စံနှုန်းတွေကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ နျူကလီးယားပိုင်ဆိုင်မှု အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြပါတယ်။
မေ ၂၆ ရက်က ပစ်လွှတ်မှုဟာ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ရဲ့ အထူးမစ်ရှင်ထိပ်ဖူး စွမ်းဆောင်ရည်နဲ့ အလွန်တိကျတဲ့ ကိုယ်ပိုင်လမ်းညွှန်စနစ် သုံးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုအကွာအဝေး တိုးမြှင့်ထားပြီး ကွန်ပျူတာစနစ်ပါဝင်တဲ့ ၂၄၀ မီလီမီတာရှိ ရော့ကက်ရဲ့ စိတ်ချရမှုကို ခွဲခြမ်းစိတ်ဖြာ တွက်ချက်ခဲ့တာဖြစ်တယ်လို့ KCNA က အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီအဓိကလက်နက်စနစ်တွေဟာ စစ်အင်အားကို မြှင့်တင်လိုက်တဲ့ ထင်ရှားတဲ့အချက်ပြမှုဖြစ်ပြီး ကြီးမားတဲ့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို ပြသလိုက်တဲ့ ဖြစ်ရပ်တခုလည်း ဖြစ်တယ်” လို့ ကင်ဂျုံအွန်းက ပြောကြားခဲ့ကြောင်း KCNA က ကိုးကားဖော်ပြပါတယ်။
အဆိုပါ စမ်းသပ်မှုရလဒ်တွေအပေါ် ကျေနပ်အားရမှုရှိပြီး အရေးပါသလို အလွန်မြင့်မားတဲ့ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာတွေကို လက်တွေ့ လက်နက်စမ်းသပ်မှုတွေမှာ ထည့်သွင်းအသုံးပြုခဲ့တယ်လို့ သူက ပြောပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတပုံမှာတော့ ရွေ့လျားပစ်လွှတ်စင်ကနေ ဒုံးကျည်တစင်း အရှိန်ပြင်းပြင်း ပစ်လွှတ်လိုက်တာကို တွေ့ရပြီး ဘေးပတ်လည်မှာ တောက်ပတဲ့ မီးတောက်နဲ့ မီးခိုးလုံးတွေ ဖုံးလွှမ်းနေတာကို မြင်တွေ့ရပါတယ်။
တခြားဓာတ်ပုံတပုံမှာတော့ ပစ်လွှတ်စင်ဘေးမှာ စစ်ဘက်အရာရှိတွေနဲ့အတူ ကင်ဂျုံအွန်းက မတ်တပ်ရပ်နေတာကို တွေ့ရပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် တီထွင်ဆန်းသစ်မှုနဲ့ ဘာလစ်စတစ်ဒုံးကျည် နည်းပညာအသုံးပြုမှုကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု အများအပြားကို ခံထားရပေမယ့် ကန့်သတ်ချက်တွေကို ထပ်ခါတလဲလဲ ချိုးဖောက်နေခဲ့ပါတယ်။
မေ ၂၆ ရက်က ပစ်လွှတ်မှုတွေဟာ မြောက်ကိုရီးယားအတွက် ၃၇ ရက်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
မေလအစောပိုင်းတုန်းကလည်း ကင်ဂျုံအွန်းက တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ သူတို့နိုင်ငံရဲ့တောင်ဘက်နယ်စပ်ကို မဖောက်ထွင်းနိုင်တဲ့ ခံတပ်အဖြစ် ပြောင်းလဲပစ်ဖို့ ထိပ်တန်းစစ်ဘက်အရာရှိတွေကို တိုက်တွန်းခဲ့ပါသေးတယ်။
Ref – straitstimes