
၂၃၊ မေ။
သေဆုံးမှုတွေ ဆက်တိုက်မြင့်တက်နေတာကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ဖြစ်ပွားမှု အန္တရာယ်အဆင့်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၂၊ သောကြာနေ့ မှာ ပြောပါတယ်။
လက်ရှိ ကွန်ဂိုမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထားသူ ၈၂ ဦးနဲ့ သေဆုံးသူ ခုနစ်ဦး ရှိနေပြီဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတယ်လို့ သံသယရှိသူ ၇၅၀ နီးပါးနဲ့ သံသယရှိသူအထဲက သေဆုံးသူ ၁၇၇ ဦးအထိ ရှိနေတယ်လို့ WHO က ပြောပါတယ်။
ကျွမ်းကျင်သူတွေကတော့ အဆိုပါ ရောဂါပိုးဟာ လူမသိ သူမသိဘဲ တိတ်တဆိတ် ပျံ့နှံ့နေခဲ့တာ အတော်ကြာပြီလို့ သံသယရှိနေကြပါတယ်။ အခု ကူးစက်ဖြစ်ပွားမှုဟာ တွေ့ရခဲတဲ့ ဘွန်ဒီဗူဂျိုလို့ခေါ်တဲ့ အီဘိုလာဗိုင်းရပ်စ် မျိုးစိတ်သစ်ကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဆိုပါ မျိုးစိတ်အတွက် တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးပါဘူး။
WHO အနေနဲ့ အခု ဗိုင်းရပ်စ်မျိုးစိတ်ကို နှိမ်နင်းတဲ့နေရာမှာ ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာကို သိနိုင်ဖို့ လက်ရှိရှိနေတဲ့ ကုသနည်းတချို့ကို ဦးစားပေး စမ်းသပ်လုပ်ဆောင်နေပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာ လုံခြုံရေး အလွန်အားနည်းတဲ့ ဒေသတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို အမီလိုက်ဖို့နဲ့ ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိသူ အားလုံးကို လိုက်လံရှာဖွေ ဖော်ထုတ်ဖို့ လုံးပန်းနေရတာကြောင့် အခြေအနေဟာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ WHO အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။
“DRC နိုင်ငံထဲက ရောဂါကူးစက်မှု အခြေအနေဟာ အတည်ပြုထားတဲ့ လူနာအရေအတွက်ထက် ပိုပြီးတော့ အများကြီး ကျယ်ပြန့်နေတယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်” လို့ ဂျီနီဗာမြို့မှာရှိတဲ့ WHO ဌာနချုပ်မှာ သတင်းထောက်တွေကို သူက ပြောပါတယ်။
အိမ်နီးချင်း ယူဂန်ဒါနိုင်ငံရဲ့ အခြေအနေကတော့ တည်ငြိမ်မှု ရှိတယ်လို့ တက်ဒရို့စ်က ပြောပြီး ကွန်ဂိုကနေ လာခဲ့သူ နှစ်ဦးမှာရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး တဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိတွေ့ဆက်ဆံခဲ့သူတွေကို အပြင်းအထန် လိုက်လံရှာဖွေ ဖော်ထုတ်နိုင်ခဲ့တာကြောင့် နောက်ထပ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ခဲ့ပုံရတယ်လို့လည်း သူက ထည့်သွင်းပြောကြားပါတယ်။
ကွန်ဂိုမှာ အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသားတဦးမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ကုသမှုခံယူဖို့ ဂျာမနီနိုင်ငံကို လွှဲပြောင်းပေးခဲ့ရသလို ရောဂါပိုးကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားတဲ့ ထိတွေ့မှုရှိခဲ့သူလို့ ယူဆရတဲ့ နောက်ထပ် အမေရိကန်နိုင်ငံသားတဦးကိုလည်း ချက်သမ္မတနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ တက်ဒရို့စ်က ပြောပါတယ်။
အိမ်နီးချင်း ကွန်ဂိုနိုင်ငံကို ဖြတ်သန်းသွားလာခဲ့ဖူးတဲ့ ဘယ်နိုင်ငံခြားသားကိုမဆို နိုင်ငံထဲကို ပေးမဝင်ဘူးလို့ ရဝမ်ဒါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ရဝမ်ဒါနိုင်ငံသားတွေနဲ့ ရဝမ်ဒါမှာ နေထိုင်ခွင့်ရထားတဲ့နိုင်ငံခြားသားတွေကိုတော့ ပြည်သူ့ကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဖြစ်မနေ ကွာရန်တင်း ဝင်ရမယ့် သတ်မှတ်ချက်နဲ့နိုင်ငံထဲ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ Radboud တက္ကသိုလ်ဆေးရုံက အီဘိုလာကူးစက်ခံရဖို့ သံသယဖြစ်ဖွယ် အလွန်နည်းပါးတဲ့ လူနာတဦးကို သောကြာနေ့မှာ လက်ခံခဲ့ပြီး ရောဂါရှာဖွေရေး စစ်ဆေးမှုရလဒ်တွေ ထွက်မလာမချင်း အဆိုပါ လူနာကို သီးသန့်ခွဲထားတယ်လို့ ပြောပါတယ်။
အီဘိုလာဆိုတာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ တိုက်ရိုက် ထိတွေ့မိရာကနေ ကူးစက်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါတယ်။ အဆိုပါ ရောဂါဟာ ပြင်းထန်စွာ သွေးယိုစီးတာနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာကို ဖြစ်စေနိုင်ပါတယ်။
လက်ရှိမှာ ဘွန်ဒီဗူဂျို မျိုးစိတ်အတွက် သီးသန့်ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ ကြိုးစားနေပေမယ့် ဒါကို ဦးစားပေးအဖြစ်သတ်မှတ်ပြီး လုပ်ဆောင်ရင်တောင်မှ ကာကွယ်ဆေး ထွက်လာဖို့အတွက် ခြောက်လကနေ ကိုးလအထိ ကြာမြင့်နိုင်ပါတယ်။