ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ကနေ လွတ်လာ

ဆံပင်တိုတိုနဲ့ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားတဲ့ သက်ဆင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ ထောင်ထဲကနေ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။

 

၁၁၊ မေ။

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ မေလ ၁၁ ရက်၊ တနင်္လာနေ့မှာ ထောင်ကနေ သတ်မှတ်ရက်ထက်စောပြီး လွတ်မြောက်လာခဲ့ပါတယ်။

 

ဒါဟာ ထိုင်းနိုင်ငံရေးလောကရဲ့ လူသန်ကြီးအတွက် လူထုအာရုံစိုက်မှုအောက်ကို ပြန်ရောက်လာဖို့အခွင့်အလမ်းတခု ဖြစ်လာပါတယ်။

 

အဆိုပါ ဆက်သွယ်ရေးလုပ်ငန်းရှင် ဘီလျံနာကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် တနှစ် ကျခံနေရတာဖြစ်ပြီး အခု လွတ်ရက်အကြို စောင့်ကြည့်ကာလ လေးလအတွင်းမှာတော့ အီလက်ထရွန်နစ် ခြေကျင်းဝတ်တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။

 

ဆံပင်တိုတိုနဲ့ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားတဲ့ သက်ဆင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ ထောင်ထဲကနေ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။

 

ထွက်ထွက်ချင်းမှာပဲ သမီးဖြစ်သူ ပေထောင်တန် ရှင်နာဝပ်ထရာ အပါအဝင် မိသားစုဝင်တွေက ဝိုင်းအုံကြိုဆိုခဲ့ကြပါတယ်။

 

ပေထောင်တန်ဟာ သက်ဆင် ထောင်ထဲမဝင်ခင် ရက်သတ္တပတ်အနည်းငယ်အလို ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကမှ တရားရုံးအမိန့်နဲ့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရသူပါ။

တနင်္လာနေ့ မနက်စောစောကတည်းက ထောင်ပြင်ပမှာ အနီရောင်အင်္ကျီတွေဝတ်ပြီး လာရောက်စောင့်ဆိုင်းနေကြတဲ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေရှေ့မှာ သက်ဆင်ဟာ မိသားစုဝင်တွေကို ဖက်လဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။

 

ထောက်ခံသူအချို့ကလည်း “သက်ဆင်ကို ချစ်တယ်” လို့ အော်ဟစ်နှုတ်ဆက်ခဲ့ကြတယ်လို့ AFP သတင်းထောက်က ပြောပါတယ်။

 

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ စက်တင်ဘာလအထိ စောင့်ကြည့်ကာလအောက်မှာ ရှိနေဦးမှာဖြစ်သလို သူ့အပေါ် တရားစွဲဆိုထားတဲ့ တခြားအမှုတွေလည်း ကျန်နေပါသေးတယ်။

 

ဒါကြောင့် သူဟာ လူထုကိုလှုံ့ဆော်တဲ့ မိန့်ခွန်းမျိုးတွေပြောပြီး နောက်ထပ် တရားစွဲဆိုခံရမယ့် အန္တရာယ်ကိုတော့ ရင်ဆိုင်မှာမဟုတ်ဘူးလို့ ဝေဖန်ဆန်းစစ်သူတွေက ဆိုကြပါတယ်။

 

“ကျွန်တော် ရှစ်လလောက် ထောင်ထဲမှာနေခဲ့ရတယ်” လို့ မြို့တော်က သူ့အိမ်အပြင်ဘက် ရောက်နေတဲ့ ကားနောက်ပြတင်းပေါက်ကနေတဆင့် သက်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။

 

ထောင်က လွတ်လာတဲ့အတွက် ပေါ့ပါးသွားတယ်လို့လည်း သူက ထပ်ပြောပါတယ်။

 

သက်ဆင် လွတ်လာတာကို မြင်ရလို့ ဝမ်းသာတယ်လို့ အသက် ၇၆ နှစ်အရွယ် ထောက်ခံသူ ပေါင်နာခါအိုကAFP ကို ပြောပါတယ်။

 

“သူ ကျွန်တော်တို့ကို ပစ်မသွားဘူးဆိုတာ ကျွန်တော်သိတယ်” လို့လည်း အဆိုပါ လယ်သမားကြီးက ပြောပါတယ်။

 

သက်ဆင်ရဲ့ နိုင်ငံရေးယန္တရားဟာ ဆယ်စုနှစ်နှစ်ခုစာလောက် ထိုင်းနိုင်ငံက စစ်တပ်လိုလားသူတွေ၊ဘုရင်စနစ်လိုလားတဲ့ အထက်တန်းလွှာတွေနဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။

 

အဆိုပါ အသိုင်းအဝိုင်းက သက်ဆင်ရဲ့ လူထုအကြိုက် ပေါ်ပြူလစ်ဝါဒကို ရိုးရာလူမှုစနစ်အတွက်ခြိမ်းခြောက်မှုတခုလို့ မြင်ကြပါတယ်။

 

သူ့ရဲ့ ဖွေထိုင်းပါတီနဲ့ အရင်က အသွင်ပြောင်းခဲ့တဲ့ ပါတီတွေဟာ ၂၁ ရာစုအတွင်း ထိုင်းနိုင်ငံမှာ အအောင်မြင်ဆုံး ပါတီတွေ ဖြစ်ခဲ့ပါတယ်။

 

ရှင်နာဝပ်ထရာ မိသားစုဟာ ဝန်ကြီးချုပ် လေးယောက်အထိ ပေါ်ထွက်ခဲ့သလို ကျေးလက်လူထုရဲ့ တခဲနက်ထောက်ခံမှုကိုလည်း ရရှိထားတာပါ။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာတော့ ဖွေထိုင်းပါတီဟာ သမိုင်းတလျှောက် အဆိုးရွားဆုံးရလဒ်နဲ့အတူ တတိယနေရာကို ရောက်သွားခဲ့ပြီး သက်ဆင်ရဲ့ နိုင်ငံရေးအင်ပါယာ ရှေ့ရေးနဲ့ပတ်သက်လို့မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

 

ဒါပေမဲ့လည်း ရှေးရိုးစွဲ ဝန်ကြီးချုပ် အနူတင် ချာန်ဗီရာကူးလ်ရဲ့ အစိုးရညွန့်ပေါင်းအဖွဲ့ထဲမှာ ဖွေထိုင်းပါတီပါဝင်နေတာကြောင့် နိုင်ငံရေးလောကထဲကို တကျော့ပြန်ဝင်လာဖို့ လမ်းစတော့ ရှိနေပါသေးတယ်။

 

Ref – CNA