
နောက်ဆုံးရ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝန်းမှာ နှစ်စဉ် ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၉၅,၀၀၀ အထိ ရှိနိုင်တယ်လို့WHO က ခန့်မှန်းထားပါတယ်။
၆၊ ဧပြီ။
ပြီးခဲ့တဲ့ သုံးပတ်အတွင်းမှာ ဝက်သက်ရောဂါလို့ သံသယရှိရတဲ့ အကြောင်းရင်းကြောင့် အနည်းဆုံး ကလေးငယ် ၉၈ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။
ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ တရားဝင်အချက်အလက်တွေမှာ ဖော်ပြထားတာဖြစ်ပြီး ဒါကာအစိုးရအနေနဲ့ ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က ဝန်ကြီးချုပ် တာရစ် ရာမန်ဟာ လူဦးရေ သန်း ၁၇၀ ရှိတဲ့ အဆိုပါ တောင်အာရှနိုင်ငံတဝန်းကို သွားရောက်ဖို့ဝန်ကြီးနှစ်ဦးကို ညွှန်ကြားခဲ့ပါတယ်။
ဒါဟာ အကျပ်အတည်းရဲ့ အတိုင်းအတာကို ဆန်းစစ်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဝက်သက်ရောဂါလက္ခဏာရှိတယ်လို့ သံသယရှိတဲ့ အသက် ခြောက်လကနေ ငါးနှစ်ကြား ကလေးငယ်အရေအတွက်ဟာ ၆,၄၇၆ ဦးအထိ မြင့်တက်လာနေပါတယ်။
“အရင်နှစ်တွေနဲ့ ယှဉ်လိုက်ရင် ရောဂါကူးစက်ခံရတဲ့ ကလေးအရေအတွက်က ပိုများလာသလို သေဆုံးမှုနှုန်းကလည်း ပိုမြင့်နေပါတယ်”လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဟာလီမူ ရာရှစ်က AFP သတင်းဌာနကို ပြောကြားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ မှတ်တမ်းတင်ထားသမျှမှာ အများဆုံး သံသယဖြစ်ဖွယ် ကူးစက်မှုဟာ ၂၀၀၅ ခုနှစ်မှာ ၂၅,၉၃၄ ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ အရေအတွက်ဟာ ဒီနှစ်မတိုင်ခင်အထိ သိသိသာသာ လျော့ကျနေခဲ့တာပါ။
အခုလို ရောဂါကူးစက်မှုတွေ ဖြစ်လာရတာဟာ ကာကွယ်ဆေး ပြတ်လပ်မှုအပါအဝင် အကြောင်းရင်းပေါင်းစုံကြောင့် ဖြစ်နိုင်တယ်လို့ ရာရှစ်က သုံးသပ်ထားပါတယ်။
အတည်ပြုပြီးသား ဝက်သက်ကူးစက်မှု အရေအတွက်ကတော့ ၈၂၆ ဦးရှိပြီး အဲဒီထဲမှာ သေဆုံးသူ ၁၆ ဦး ရှိနေတယ်။
ဒါပေမဲ့ဖြစ်ရပ်တော်တော်များများမှာ စစ်ဆေးမှုတွေ မလုပ်နိုင်တာ ဒါမှမဟုတ် မစစ်ဆေးရသေးခင်မှာပဲ လူနာတွေ သေဆုံးသွားတာမျိုးတွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
WHO ရဲ့ အဆိုအရ ဝက်သက်ရောဂါဟာ ကမ္ဘာပေါ်မှာ အကူးစက်နိုင်ဆုံး ရောဂါတွေထဲက တခုဖြစ်ပြီး လူတယောက် ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာကနေတဆင့် ကူးစက်ပျံ့နှံ့တတ်ပါတယ်။
အဆိုပါ ရောဂါဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပေမဲ့ ကလေးငယ်တွေမှာ အဖြစ်အများဆုံးပါ။ ဦးနှောက်ရောင်ရမ်းတာနဲ့ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလိုမျိုး နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးထိုးနှံရေးပိုင်းမှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှာ လုပ်ဖို့စီစဉ်ထားတဲ့ ဝက်သက်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ဟာ ရှိတ်ဟာဆီနာရဲ့ အာဏာရှင်အစိုးရကို ဖြုတ်ချခဲ့တဲ့ အဆိုပါနှစ်အတွင်းက သွေးထွက်သံယို ဆန္ဒပြမှုတွေကြောင့် ကြန့်ကြာသွားခဲ့ရတာပါ။
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကလေးအများစုဟာ အသက်ကိုးလမှာ ကာကွယ်ဆေး ထိုးနှံကြတာပါ။ ဒါပေမဲ့ အခုနောက်ဆုံး ကူးစက်မှုမှာတော့ ရောဂါကူးစက်ခံရသူ အများစုဟာ အသက် ခြောက်လအရွယ် ကလေးတွေ ဖြစ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလရောက်ရင် ကူးစက်မှုအရေအတွက်ကို သုညအထိ လျှော့ချမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ အားနည်းခဲ့တာကြောင့် ဒီရည်မှန်းချက်ကို မအောင်မြင်ခဲ့ဘူး” လို့ နို့စို့ကလေး ဝက်သက်နဲ့ ဂျိုက်သိုးရောဂါဆိုင်ရာ အမျိုးသားစိစစ်ရေးကော်မတီ အကြီးအကဲ မာမွတ်ဒါ ရာမန်က ပြောပါတယ်။
ဒါကာအစိုးရကတော့ အဆိုးဆုံးထိခိုက်နေတဲ့ ဒေသ ၃၀ ကို သတ်မှတ်ထားပြီး ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်နေပါပြီ။
ကာကွယ်ဆေးထိုးနှံမှုတွေကို အဆိုးဆုံးထိခိုက်တဲ့ ဒေသတွေမှာ အရင်လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီနောက်မှာမှ တခြားဒေသတွေကို တိုးချဲ့သွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဆာဒါ ရှာခါဝပ် ဟူစိန် ဘာကူးလ်က ပြောပါတယ်။
ကာကွယ်ဆေး ဝယ်ယူဖို့အတွက် ရန်ပုံငွေတွေ ချပေးထားပေမဲ့လည်း အာဏာပိုင်တွေဘက်က ဝယ်ယူနိုင်ခြင်း မရှိခဲ့ဘူးလို့ကာကွယ်ဆေးထိုးလုပ်ငန်း (EPI) ရဲ့ အရာရှိဟောင်းလည်းဖြစ်၊ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ တာဂျူးလ် အစ္စလာမ် အေ ဘာရီက AFP ကို ပြောပါတယ်။
“အခုတော့ ကျွန်တော်တို့ အကျိုးဆက်ကို မြင်နေရပြီ၊ အခြေအနေက ကြောက်စရာကောင်းနေတယ်” လို့ ဘာရီက ထပ်လောင်းပြောဆိုပါတယ်။
နောက်ဆုံးရ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝန်းမှာ နှစ်စဉ် ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၉၅,၀၀၀ အထိ ရှိနိုင်တယ်လို့WHO က ခန့်မှန်းထားပါတယ်။
အဲဒီထဲမှာ ကာကွယ်ဆေး လုံးဝမထိုးရသေးတဲ့ ဒါမှမဟုတ် အကြိမ်ရေ မပြည့်သေးတဲ့ အသက် ငါးနှစ်အောက် ကလေးငယ်တွေက အများဆုံး ဖြစ်နေပါတယ်။ ဝက်သက်ရောဂါဟာ တခါကူးစက်ခံရပြီးပြီဆိုရင်တော့ တိကျတဲ့ ကုသမှုပုံစံမျိုး မရှိပါဘူး။
Ref – AFP