ငရုတ်စျေးကောင်းပေမယ့် အထွက်နှုန်းကျ

“ရေမတင်ရရင် ငရုတ်က မဖြစ်တော့ဘူး။ အဲဒါ စိုးရိမ်ရတယ်ဗျ။ တောင်သူတွေမှာ ငရုတ်က နည်းနည်းမြတ်မလား မျှော်နေကြတာ။ ဓါတ်ဆီတွေ ပြတ်သွားရင်တော့ အရင်းလည်းမရ ဖြစ်သွားမှာ”

၁၁၊ မေ။

ဧရာ၀တီမှာ အခုနှစ် ငရုတ်သီး တပိဿာကို ကျပ်တသောင်းခွဲထိ စျေးကောင်းရနေပေမယ့် ရာသီဥတု၊ ပိုးမွှား ကြောင့် အထွက်နှုန်းကျတာကြောင့် အမြတ်နည်းကြတယ်လို့ ငရုတ်စိုက်တောင်သူတွေက ပြောကြပါတယ်။

“မနှစ်ကလောက်တော့ မဖြစ်ဘူး။ ဒါပေမယ့် စျေးရှိမယ်။ ဒီစျေးနဲ့ဆိုတော့ မဆိုးတော့ မဆိုးပါဘူး။ ကုန်စရိတ်ပေ့ါ၊ ပေါင်းနုတ်စရိတ်တို့၊ အလုပ်သမားစရိတ်တို့ နည်းနည်းများတယ်။ ဒါပေမယ့် ဒီနှစ်စျေးလေးရှိတော့ တော်သေးတာပေ့ါ” လို့ ဧရာ၀တီတိုင်း ဇလွန်မြို့နယ် ရွှေဟင်္သာကျွန်းကျေးရွာမှ ငရုစိုက်တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ငရုတ်သီး တပိဿာကို ကျပ် ၃၅၀၀ ကနေ ၇၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် အခုနှစ်မှာ ကျပ် ၁၄၅၀၀၊ ၁၅၀၀၀ ဝန်းကျင်ထိ စျေးရှိနေတာပါ။ ဒါပေမယ့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ ရေတင်ဖို့ စက်သုံး ဆီစျေးကြီးတာ၊ အလုပ်သမားစရိတ်စျေးကြီးတာတို့ ရှိနေတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်း ဓါတ်ဆီတလီတာကို ကျပ်လေးထောင်ဝန်းကျင်ထိ စျေးရှိနေသလို အလွယ်တကူ ဝယ်ယူလို့လည်း မရတာကြောင့် ငရုတ်စိုက်တောင်သူတွေမှာ ငရုတ်ခင်း ရေပုံမှန်မတင်ရတာတွေလည်း ရှိနေပါတယ်။

“ရေမတင်ရရင် ငရုတ်က မဖြစ်တော့ဘူး။ အဲဒါ စိုးရိမ်ရတယ်ဗျ။ တောင်သူတွေမှာ ငရုတ်က နည်းနည်းမြတ်မလား မျှော်နေကြတာ။ ဓါတ်ဆီတွေ ပြတ်သွားရင်တော့ အရင်းလည်းမရ ဖြစ်သွားမှာ” လို့ အဆိုပါဂရုစိုက်တောင်သူက ပြောပါတယ်။

ဒါ့အပြင် ဖျာပုံ၊ မြန်အောင်၊ ဟင်္သာတမြို့နယ်တို့မှာလည်း ငရုတ်စျေးကောင်းရနေပြီး ဓါတ်ဆီ ရှားပါး၊ စျေးကြီးတာ၊ ပိုးသတ်ဆေးပိုဖျန်းရတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

“ရွက်လိပ်တဲ့ ရောဂါတွေ ဖြစ်ကြတယ်။ အထွက်နှုန်း သိပ်မရှိဘူး။ ဆေးပိုဖြန်းရတော့ အရင်းပိုကုန်တယ် ဒီနှစ်၊ စျေးရတော့ ခံသာတယ်” လို့ မြန်အောင်မြို့နယ်မှ ငရုတ်စိုက်တောင်သူတဦးဖြစ်တဲ့ ကိုအောင်ဝင်းက ပြောပါတယ်။

ဧရာ၀တီတိုင်း ဇလွန်၊ မြန်အောင်၊ ဟင်္သာတ၊ ဘိုကလေး၊ ဝါးခယ်မ၊ မအူပင်၊ ဖျာပုံစတဲ့ မြို့နယ်အများစုမှာ ငရုတ် ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဧရာ၀တီတိုင်းဟာ မြန်မာနိုင်ငံမှာ ငရုတ်အဓိကစိုက်ပျိုးတဲ့ ဒေသတွေထဲက တခုဖြစ်ပါ တယ်။

အဲဒီငရုတ်တွေကို ရန်ကုန်အပါအဝင် ပြည်မဘက်ဆီ တင်ပို့ရောင်းချ ကြပါတယ်။ စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်စတဲ့ စိုက်ပျိုးရေး အဓိကလုပ်ကိုင်တဲ့ ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစုတွေ စျေး တက်တာ၊ စိုက်ပျိုးရေးထွက်ကုန်စျေးမမှန်တာ၊ စစ်မှုထမ်းစရိတ်ပေးရတာတို့ကြောင့် ဒေသခံတောင်သူတွေမှာ အ ရှုံးပေါ်၊ အကြွေးနွံနစ်ကာ လယ်ပေါင်၊ ရောင်းရတဲ့အခြေအနေတွေနဲ့ ကြုံနေကြရပါတယ်။