ဒူတာတေးဟာ လူသတ်ဖို့ စာရင်းပြုစုခဲ့ပြီး ကြွားလုံးထုတ်ခဲ့တယ်လို့ ICC တရားလို ဆို

ဒူတာတေးဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အနည်းဆုံး လူသတ်မှု ၇၆ မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သုံးခုနဲ့ ရင်ဆိုင်နေရပါတယ်။

၂၅၊ ဖေဖော်ဝါရီ။

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ လူသတ်ဖို့စာရင်းတွေ သူကိုယ်တိုင် ပြုစုခဲ့သလို သူဖော်ဆောင်ခဲ့တဲ့ မူးယစ်ဆေးဝါးစစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေအပေါ်မှာလည်း ကြွားလုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တရားလိုတဦးက ‌ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ပြုလုပ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာ ကြားနာပွဲမှာ စွပ်စွဲလိုက်ပါတယ်။

ဒူတာတေးအပေါ် တရားစွဲဆိုထားတဲ့ ဒုတိယမြောက်နေ့ ကြားနာပွဲမှာတော့ ICC တရားလို အက်ဒဝါ့ဒ် ဂျရမီဟာ ကလေးငယ်တွေရဲ့ ခေါင်းကို တိပ်တွေနဲ့ပတ်ပြီး လည်ပင်းညှစ်သတ်ခဲ့တာတွေ အပါအဝင် တုန်လှုပ်စရာကောင်းတဲ့ သက်သေထွက်ဆိုချက်တွေကို တင်ပြခဲ့ပါတယ်။

“ဒူတာတေးဟာ သမ္မတအဖြစ်နဲ့ မူးယစ်ဆေးဝါးမှာ ပါဝင်ပတ်သက်နေတယ်လို့ သူယူဆတဲ့သူတွေရဲ့ နာမည်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါတယ်။ အဲဒီလူတွေထဲက အများအပြားဟာ သူခေါ်တဲ့ မူးယစ်ဆေးဝါးစစ်ပွဲရဲ့ သားကောင်တွေ ဖြစ်သွားခဲ့ကြရတယ်”လို့ ဂျရမီက ဆိုပါတယ်။

ဒူတာတေးရဲ့ စာရင်းဟာ တကယ်တော့ သေမင်းစာရင်းပဲဖြစ်တယ်လို့ သက်သေတဦးရဲ့ ပြောကြားချက်ကို ဂျရမီက ကိုးကားခဲ့ပါတယ်။ ဒါ့အပြင် ဒူတာတေးကိုယ်တိုင်က “ဒီကိစ္စအားလုံးအတွက် ငါတယောက်တည်းမှာပဲတာဝန်ရှိတယ်”လို့ ပြောနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း ပြသခဲ့ပါတယ်။

ဒူတာတေးဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အနည်းဆုံး လူသတ်မှု ၇၆ မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သုံးခုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါဟာ သူ ဒါဗာအိုမြို့တော်ဝန် ဖြစ်ခဲ့စဉ်ကနဲ့ သမ္မတဖြစ်လာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးစစ်ပွဲမှာ အသတ်ခံခဲ့ရတဲ့ ထောင်ပေါင်းများစွာသော လူဦးရေနဲ့ ယှဉ်ရင် အနည်းအကျဉ်းပဲ ရှိသေးတယ်လို့ တရားလိုတွေက ပြောပါတယ်။

“သက်သေတွေ ပြောပြချက်အရ ဆင်းရဲသားတွေဟာ အဓိက ပစ်မှတ်ထားခံရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရဲတွေကို တိုင်တန်းဖို့ အခွင့်အလမ်း အနည်းဆုံးဖြစ်နေလို့ပဲ”လို့ ဂျရမီက ဆိုပါတယ်။

တရားလိုဖြစ်သူက ဒူတာတေး မိန့်ခွန်းတခုအတွင်း တရားလက်လွတ် သတ်ဖြတ်မှုတွေ အကြောင်းကိုပြက်လုံးထုတ်ပြောနေတဲ့ ကလစ်တခုကိုလည်း ပြသခဲ့ပါတယ်။

“ခမ်းနားထည်ဝါလှတဲ့ ခန်းမထဲမှာ အရာရှိတွေက သူတို့သမ္မတဟာ တရားလက်လွတ်သတ်ဖြတ်တဲ့အရည်အချင်းတွေအကြောင်း ကြွားနေတာကို လိုက်ရယ်နေကြပါတယ်။ ဖိလစ်ပိုင်လမ်းမတွေပေါ်မှာတော့အလောင်းတွေက ပုံနေခဲ့တာပါ”လို့ ဂျရမီက ပြောပါတယ်။

အဆိုပါ ဗီဒီယိုရိုက်ကူးတဲ့ အချိန်မှာတင် လူပေါင်း ၁၅၀၀ နီးပါး အသတ်ခံခဲ့ရပြီးပြီလို့ ဂျရမီက စွပ်စွဲပြောဆိုပါတယ်။ အဖြစ်အပျက်နှစ်ခုမှာ အသက် ၁၄ နှစ်၊ ၁၅ နှစ်ဝန်းကျင် ကလေးငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း တရားလိုက ဆိုပါတယ်။

တပတ်ကြာပြုလုပ်မယ့် ICC ရဲ့ လုပ်ငန်းစဉ်တွေဟာ တရားစီရင်တဲ့အဆင့် မဟုတ်သေးပါဘူး။ စွဲချက်တွေကိုအတည်ပြုပေးဖို့ ကြားနာတာပဲဖြစ်ပြီး တရားစွဲဆိုမှုကို ရှေ့ဆက်သင့်၊ မသင့် တရားသူကြီးတွေက ဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်။

နောက်ထပ် တရားလိုတဦးဖြစ်တဲ့ ရော်ဘင် ခရော့ဖ်ကတော့ အဆိုပါ ရာဇဝတ်မှုတွေဟာ ဖိလစ်ပိုင်ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက်မှုလို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ သတ်ဖြတ်မှုတွေဟာ အဆင့်မြင့်မြင့် စနစ်တကျ စီစဉ်ညှိနှိုင်းထားတာဖြစ်ပြီး ဒူတာတေးရဲ့ အဓိကပါဝင်ပတ်သက်မှု မပါဘဲ ဒါတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ စွပ်စွဲထားပါတယ်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒူတာတေးဟာ ရုံးတော်ကို မလာရောက်ဖို့ သူ့ရဲ့အခွင့်အရေးကို အသုံးချခဲ့တာကြောင့် တရားခွင်မှာ ရှိမနေပါဘူး။

သူ့ရဲ့ ခုခံချေပရေးအဖွဲ့ကတော့ သူဟာ ကျန်းမာရေးချို့တဲ့နေပြီး သိမြင်နားလည်နိုင်စွမ်းတွေ ကျဆင်းနေတယ်လို့ ပြောပါတယ်။ တရားလိုတွေနဲ့ သားကောင်ဖြစ်ခဲ့ရသူတွေဘက်ကတော့ ဒူတာတေးဟာ ကျန်းမာနေပေမဲ့သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို မရင်ဆိုင်ချင်တာကြောင့်သာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ပါတယ်။

သောကြာနေ့မှာ ကြားနာပွဲတွေ ပြီးဆုံးသွားပြီဆိုရင်တော့ တရားရုံးအနေနဲ့ အမှုစစ်ဆေးမှုကို ဆက်သွားမလားဆိုတာ ဆုံးဖြတ်ဖို့ ရက်ပေါင်း ၆၀ အထိ အချိန်ယူရမှာဖြစ်ပြီး ပုံမှန်အားဖြင့် စာနဲ့ရေးသားပြီးဆုံးဖြတ်ချက် ထုတ်ပြန်လေ့ရှိတယ်လို့ သိရပါတယ်။

Ref – japantimes