ပုဏ္ဏားကျွန်းကို စစ်တပ်ဗုံးကြဲ၊ ၁၇ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

“ကျနော်တို ULA/AA အနေနှင့်ကတော့ ရက်ရက်စက်စက် မတရားပစ်ခတ်သတ်ဖြတ်ခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့ နည်းမျိုးစုံနှင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” 

၂၄၊ ဖေဖော်ဝါရီ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၇ ဦးထက်မ နည်း သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ကနဦးသတင်းထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေ အများအပြား ခိုလှုံနေထိုင်ကြတဲ့ အဲဒီရွာရဲ့ ရွာလယ်စျေးတန်းကို ဒီနေ့ နေ့လယ် နှစ် နာရီကျော် အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“လူအစည်ဆုံးနေရာ၊ စျေးတန်းကို ကြဲချတာ။ လူတွေသေကြတာ ကြည့်တောင် မကြည့်ရဲဘူး။ အလောင်းတွေဆို ပုံလို့။ မီးထဲပါသွားတဲ့ အလောင်းတွေလည်း အများကြီး၊ ဘယ်သူဘယ်ဝါတောင် ခွဲဖို့မလွယ်ဘူး” လို့ ဒေသခံ လူမှုကူညီ ရေးလုပ်နေသူတဦးက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ ကလေးငယ်တွေ အများစုပါဝင်ပြီး ဒဏ်ရာပြင်းထန်၊ စိုးရိမ်ရ သူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။ “ဆေးရုံမှာ တယောက်သေသွားပြီ ကြားတယ်။ ဒဏ်ရာပြင်းတာတွေ ထပ်ရှိသေးတယ်။ စစ်ရှောင်တွေများတယ်” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေလည်း အများအပြား မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး အရပ်သားလူနေကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာဟာ  စစ်ကောင်စီ အနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်သလို ဂျီနီဗာကွန်ဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပြီး လက်တုန့်ပြန်သွား မယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“ကျနော်တို ULA/AA အနေနှင့်ကတော့ ရက်ရက်စက်စက် မတရားပစ်ခတ်သတ်ဖြတ်ခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့ နည်းမျိုးစုံနှင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း မြောက်ဦးနဲ့ ကျောက်တော်မြို့တို့ကို လေ ကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် အရပ်သား ၇ ဦးသေဆုံးကာ တဆယ်ကျော် ဒဏ် ရာရခဲ့ပါတယ်။

အပြည်အပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း  အရပ်သား ပြည်သူတွေ ဆေးကုသမှုခံယူ နေကြတဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ လူနာ၊ လူ နာစောင့်တွေ စုစုပေါင်း ၃၁ ဦး သေဆုံးသွားခဲ့ရပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်ဘက် လူနေ ကျေးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေနဲ့ စစ်သုံ့ပန်းတွေ ထားတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်နေတာပါ။

အရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းပိုက်ပြီး ငါးနှစ်ကျော်ကြာ အုပ်ချုပ်နေခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အတုအယောင်ရွေးကောက်ပွဲကို စိတ်ကြိုက်ပြင်ဆင်ကျင်းပထားပြီး တဖက်မှာလည်း အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။

ရခိုင်မှာ တကျော့ပြန် မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၂၃ ရက် ထိ နှစ်နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရယ်ကြောင့် ၁၀၀၅ ဦး သေဆုံးပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင်ရိုးမတောင်ခြေ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတွေအတွင်း စစ်တပ်နဲ့  AA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။