
ကဗျာဆရာ ဝင်းမြင့်ဟာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ “ မြက်ခင်းပေါ်မှာ” ကဗျာနဲ့ စာပေနယ်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ “ပဲ့တင်” ကဗျာနဲ့ ဖြူးမိတ်ဆွေများ စာကြည့်အသင်း စာပေဆုကို ရရှိခဲ့ပါတယ်။
၁၆၊ဖေဖေါ်ဝါရီ
ထင်ရှားတဲ့ ခေတ်ပြိုင်ကဗျာဆရာတွေထဲက တဦးဖြစ်တဲ့ ဧရာဝတီတိုင်း ပုသိမ်သား ကဗျာဆရာ ဝင်းမြင့်ဟာ ပုသိမ်မြို့ ၊ ရာမည လမ်းမကြီး ၃ လမ်း၊ လမ်းသွယ် ၁ လမ်းရှိ နေအိမ်မှာ မနေ့က ညနေ ၅ နာရီ မိနစ် ၄၀ အချိန် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
“ညကပဲသူ နဲ့ စာရိုက် စကားပြောကြပါသေးတယ်။ကျနော်က ကျန်းမာကြောင်း မေးတယ်၊
ကျန်းမာပါတယ်တဲ။ သူက ကျနော့်တို့ကို ကျန်းမာပါစေကြောင်း ပြောတယ်။
ပြီး ဟိုဟို ဒီဒီပေါ့ ပြောကြ။လွန်ခဲ့တဲ့ ၂၂ နာရီကပေါ့။ခုညမှာတော့ သူ့ ကွယ်လွန်သတင်းကြားရ” လို့ သူငယ်ချင်း ကဗျာဆရာ မိုးဝေးက သူ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ကဗျာဆရာ ဝင်းမြင့်ဟာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ “ မြက်ခင်းပေါ်မှာ” ကဗျာနဲ့ စာပေနယ်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ “ပဲ့တင်” ကဗျာနဲ့ ဖြူးမိတ်ဆွေများ စာကြည့်အသင်း စာပေဆုကို ရရှိခဲ့ပါတယ်။
ထုတ်ဝေပြီးတဲ့ ကဗျာစာအုပ်တွေ အဖြစ် ခေတ်ပေါ်ကဗျာဆရာ ၁၀ ( ကဗျာဆရာ/ဆရာမ ၉ ဦးနှင့် အတူ) ၊ လူစီရဲ့ အမှုန်အမွှားကင်းစင်သော လက်ဆောင် ( မိုဃ်းဇော် နှင့် အတူ) ၊ လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ( ဝေမှူးသွင် နှင့်အတူ) အလွန်လှပသော ကော်ပတ်ရုပ်၊ ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်ခြင်း ၊ ပို့စကတ်နှင့် ခင်ဗျား ကဗျာများ၊ ကဗျာဆရာ၊ စိတ်စွဲလမ်းမှုကြောင့် မြည်သောဟွန်းသံ ကဗျာများ ၊ မီးနဲ့ ဆေးတဲ့ ရေတံခွန် ၊အချစ်ကဗျာ ၊ မြို့ကြီးသူသို့ ကဗျာများ ၊ မေ့မရတဲ့ အကြောင်းအရင်း ၊ လူဝင်စားတွေ ထိုင်တဲ့ ကဖေး ၊ နောင်ရေး ၊ ၈၅ အ.ထ.က ကဗျာများ ၊ လေထဲမှာ လေဟာ လေလို (ကိုရွေး၊ မိုးဝေး တို့နှင့်တူ) စတဲ့ ကဗျာစာအုပ်တွေကို ရေးသားခဲ့ပြီး နောက်ဆုံး အနေနဲ့ နှင်းမှုန်ရည်ကြွယ် ကဗျာများ စာအုပ်ကို ရေးသားခဲ့ပါတယ်။
အသက် ၂၂ နှစ် ကတည်းက ရန်ကုန်မြို့မှာ ပြောင်းရွှေ့အခြေချခဲ့ပေမယ့် မြို့လွမ်းစိတ်၊အိမ်လွမ်းစိတ် အချိန်ပြည့် ရှိနေခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၅ မှာ ပုသိမ်မြို့ နေအိမ်မှာ ပြန်လည် အခြေချ နေထိုင်ခဲ့ပါတယ်။ အိမ်ဟောင်းလေးမှာ သူရရှိထားတဲ့ ပန်းချီဆွဲဖို့ ထပ်ခိုးလေးပေါ်မှာ နေထိုင်ရင်း ညစာစားချိန် ဆင်းမလာ ၊ အော်ခေါ်လည်း ပြန်မထူးလို့ အိမ်သားတွေက အပေါ်တက်ကြည့်မှ လဲကျသေဆုံးနေတာကို တွေ့ရတယ်လို့ ကဗျာဆရာ စိုင်းဝင်းမြင့်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
၁၉၆၈ ခုနှစ် မတ်လ ၁၃ ရက်မှာ မွေးဖွားခဲ့တဲ့ ကဗျာဆရာ ဝင်းမြင့်ဟာ ကွယ်လွန်သွားချိန်မှာ အသက် ၅၈ နှစ် ရှိပြီ ဖြစ်ပါတယ်။