
ဗုံးကြဲမှုကြောင့် သေသွားတဲ့ လသားအရွယ် ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မြောက်ဦးဆေးရုံ ဗုံးကြဲခံရတုန်းက မြောက်ဦးဆေးရုံမှာ ဆေးရုံတက်မွေးဖွားခဲ့တဲ့ ကလေးငယ်ဖြစ်ပြီး အဲဒီတုန်းက မိခင်ရော၊ ကလေးပါ အသက်ဘေးက လွတ်မြောက်၊ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
၁၃၊ ဖေဖော်ဝါရီ။
ပြည်ထောင်စုနေ့ဖြစ်တဲ့ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းမှာ စစ်တပ်က ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့ပေါ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သားခုနှစ်ဦး သေဆုံးကာ တဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
မနေ့က ညကိုးနာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ကျောက်တော်မြို့ပေါ် ပိုက်သည်ရပ်ကွက်ကို ပေါင် ငါးရာ ဗုံးနှစ်လုံးနဲ့ မြောက်ဦးမြို့ပေါ် အလယ်စျေးရပ်ကွက်ရှိ ဝေသာလီဟိုတယ်ဝင်းထဲကို နှစ်လုံးစီကြဲ ချတိုက်ခိုက်ခဲ့တာပါ။
“မြောက်ဦးမှာချတဲ့အသံရော၊ ကျောက်တော်မှာ ချတဲ့အသံကိုရော ကြားလိုက်ရတယ်။ ပြည်ထောင် စုနေ့ဆိုတော့ ကြဲမယ်လို့တော့ ထင်တယ်၊ ဒီလိုနေ့တွေဆို ကြဲတတ်တယ်လေ။ လူနေရပ်ကွက်ထဲကို တမင်လာကြဲသွားတာ။ ဒဏ်ရာရတဲ့သူတွေ ပိုများတယ်” လို့ ကျောက်တော်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ကျောက်တော်မြို့ပေါ် ပိုက်သည်ရပ်ကွက်က ဒေသခံအရပ်သား အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး သေဆုံးပြီး နောက်ထပ် ကိုးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ပေါ်ဗုံးကြဲခဲ့တာမှာ ဝေသာလီဟိုတယ်ဝင်းအတွင်း ခြံစောင့်နေထိုင်တဲ့ စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ “တမိသားစုလုံးပဲ သေသွားတာပါ။ သူတို့ ကလေးဆိုရင် နှစ်လကျော်ကျော်လေးပဲ ရှိသေးတယ်၊ တကယ့်ကလေးလေး၊ အဲဒါကို ဗုံးလာချတာ။ ပြောစရာစကား မရှိအောင် ကို ယုတ်မာတယ်” လို့ မြောက်ဦးမြို့မှ ဒေသခံတဦး က ပြောပါတယ်
ဗုံးကြဲမှုကြောင့် သေသွားတဲ့ လသားအရွယ် ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မြောက်ဦးဆေးရုံ ဗုံးကြဲခံရတုန်းက မြောက်ဦးဆေးရုံမှာ ဆေးရုံတက်မွေးဖွားခဲ့တဲ့ ကလေးငယ်ဖြစ်ပြီး အဲဒီတုန်းက မိခင်ရော၊ ကလေးပါ အသက်ဘေးက လွတ်မြောက်၊ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ အပြည်အပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း အရပ်သား ပြည်သူတွေ ဆေးကုသမှုခံယူနေကြတဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ လူနာ၊ လူနာစောင့်တွေ စုစုပေါင်း ၃၁ ဦး သေဆုံးသွားခဲ့ရပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ် ဘက် လူနေကျးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေနဲ့ စစ်သုံ့ပန်းတွေ ထားတဲ့နေရာတွေကို ဗုံးကြဲတိုက် ခိုက်တာတွေ မကြာခဏလုပ်နေတာပါ။
အရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းပိုက်ပြီး ငါးနှစ်ကျော်ကြာ အုပ်ချုပ်နေခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အတုအယောင်ရွေးကောက်ပွဲကို စိတ်ကြိုက်ပြင်ဆင်ကျင်းပထားပြီး တဖက်မှာလည်း အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။
ရခိုင်မှာ တကျော့ပြန် မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၂၃ ရက် ထိ နှစ်နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရယ်ကြောင့် ၁၀၀၅ ဦး သေဆုံးပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင်ရိုးမတောင်ခြေ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတွေအတွင်း စစ်တပ်နဲ့ AA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။