
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံကလည်းဒရုန်းလွှတ်တာတွေ မရပ်ဘူးဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
၁၃၊ ဖေဖော်ဝါရီ။
နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တောင်ကိုရီးယားဒရုန်းတွေကို ထပ်ပြီး တွေ့ရမယ်ဆိုရင် အဆိုးရွားဆုံး တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားကဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ သောကြာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ ပြီးခဲ့တဲ့နှစ် ရာထူးတက်ကတည်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကြိုးစားနေတာပါ။
သူဟာ သူ့အရင် သမ္မတဟောင်းက ပြုံးယမ်းမြို့ပေါ်မှာ ဝါဒဖြန့်စာရွက်တွေ ကြဲဖို့ ဒရုန်းတွေ လွှတ်ခဲ့တယ်ဆိုတဲ့ကိစ္စကိုလည်း ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းက ကင်းထောက်ဒရုန်းတစင်းကို ပစ်ချနိုင်ခဲ့တယ်လို့မြောက်ကိုရီးယားက ပြောနေတာကြောင့် ဒါဟာ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်နေတဲ့ သမ္မတ လီရဲ့ ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်လာစေနိုင်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံကလည်းဒရုန်းလွှတ်တာတွေ မရပ်ဘူးဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
“မြောက်ကိုရီးယားရဲ့ ခွဲခြားလို့မရတဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ အခုလိုရန်စမှုမျိုး ထပ်ဖြစ်လာမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ တုံ့ပြန်မှုမျိုးနဲ့သေချာပေါက် ကြုံရမယ်လို့ ကြိုတင် သတိပေးလိုက်တယ်” လို့ မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန KCNA က ထုတ်ပြန်တဲ့ ကင်ယိုဂျုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူက ဆက်ပြီးတော့ “မြောက်ကိုရီးယား လေပိုင်နက်ထဲကို ဒရုန်းတွေ လွှတ်ဖို့ ဘယ်သူက ကြိုးကိုင်နေသလဲ၊ ဒါဟာ တဦးတယောက်ရဲ့ လက်ချက်လား၊ ဒါမှမဟုတ် အရပ်ဘက် အဖွဲ့အစည်းတခုလား ဆိုတာ ကျွန်မတို့ ဂရုမစိုက်ဘူး” လို့လည်း ပြောပါတယ်။
ဇန်နဝါရီလတုန်းက ဒရုန်းတွေ ဝင်ရောက်လာတဲ့ကိစ္စမှာ အစိုးရက တရားဝင်ပတ်သက်တာ မရှိဘူးလို့ ဆိုးလ်ဘက်က အစပိုင်းမှာ ငြင်းဆိုခဲ့ပြီး ဒါဟာ အရပ်သားတွေ လုပ်တာ ဖြစ်နိုင်တယ်လို့ အရာရှိတွေက အရိပ်အမြွက် ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖြစ်မှန်ကို သေချာသိရအောင် စုံစမ်းစစ်ဆေးတဲ့ အခါမှာတော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သား သုံးဦးနဲ့ ထောက်လှမ်းရေး အရာရှိ တဦးကိုစစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဒီအပတ်ထဲမှာပဲ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ချောင်ဒုံယောင်းကလည်း အဆိုပါ ကိစ္စအပေါ်မှာ “အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်” လို့ ပြောခဲ့ပါတယ်။
ဇန်နဝါရီလ ဒရုန်းကိစ္စမှာ အစိုးရဘက်ကသာ တကယ် ပါဝင်ပတ်သက်နေမယ်ဆိုရင် ဒါဟာ ပြုံးယမ်းနဲ့ တင်းမာမှု လျှော့ချဖို့ လုပ်နေတဲ့ သမ္မတ လီရဲ့ ကြိုးပမ်းချက်တွေနဲ့ဆန့်ကျင်ဘက် ဖြစ်သွားမှာပါ။
အရင်က သဘောထားတင်းမာတဲ့ ခေါင်းဆောင်ဟောင်း ယွန်းဆက်ယိုအပေါ်သစ္စာရှိနေဆဲဖြစ်တဲ့ အစိုးရဝန်ထမ်းအချို့ရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်လို့ ဝန်ကြီးချောင်က အရင်က ခန့်မှန်းပြောဆိုဖူးပါတယ်။
ကင်ယိုဂျုံရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် ပြုံးယမ်းဟာ တောင်ကိုရီးယားဘက်ကနောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာ သိသာတယ်လို့ မြောက်ကိုရီးယားလေ့လာရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယန်းမူဂျင်းက AFP သတင်းဌာနကို ပြောပါတယ်။
Ref – AFP