အတိုးမဲ့ချေးငွေ ထုတ်ပေးမယ့် ကိစ္စအပေါ် လယ်သမားတွေ ဘယ်လိုမြင်ကြလဲ

“လက်ရှိအနေအထားအရကတော့ ငွေကို စိတ်ပူစရာမလိုပဲ စိုက်လို့ရနေတယ်ဆိုပေမယ့် အဲ့ဒါတွေအကုန်က ပြန်ဆပ်ရမှာပါ။ ဒီတော့ တဧကကို စိုက်ပျိုးစရိတ် ပျမ်းမျှ ၇ သိန်းလောက်ရှိနေချိန်မှာ စပါးဈေးက ၁၀ သိန်းလောက်ပဲဆိုရင်တော့ ကျွန်တော်တို့က ဆက်ရှုံးနေဦးမှာပါပဲ။ ဒါကိုတာဝန်ရှိသူတွေကိုတော့ ဆုံတုန်းက ပြောပြခဲ့ဖူးပါတယ် ”

၁၁၊ ဖေဖော်ဝါရီလ။

ဧရာဝတီတိုင်း အပါအဝင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူးစတဲ့ဒေသတွေက လယ်ဧကပေါင်း ၃ သိန်း ၄ သောင်းမှာ အကောင်အထည်ဖေါ်ဖို့ ပြင်ဆင်နေတဲ့ Rice Export zone စီမံကိန်းမှာ ဧရာဝတီတိုင်းက လယ်သမားတွေ အနေနဲ့ တဧကကို တနှစ်စာ အတိုးမဲ့ချေးငွေ လေးသိန်းငါးသောင်းကျပ် ရဖို့ ရှိနေပါတယ်။

“ ကျွန်တော်တို့ အဓိက ကြောက်တာက ပေါက်ဈေးပြဿနာပေါ့နော်။ အခုက ဈေးကျတဲ့ကိစ္စမှာ အများစုက ရှုံးကြတာကိုး ဒါကို ပေါက်ဈေးနဲ့ပဲဝယ်မယ်ဆိုရင် ကျွန်တော်တို့ကို အတိုးမဲ့ချေးတာကို ကျေးဇူးတင်ပေမယ့် စိုက်ပျိုးစရိတ်မကြေရင် အဲ့ဒါကပဲ ဝန်ထုတ်ဝန်ပိုး ပြန်ဖြစ်လာမှာကို စိုးရိမ်တယ် ” လို့  ဇလွန်မြို့နယ်၊ မဟာသာလေး ကျေးရွာက လယ်သမားတဦးက ပြောပါတယ်။ မဟာသာလေးကျေးရွာမှာ Rice Export zone ကိုပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တာပါ။

ပြည်ပကိုတင်ပို့ဖို့ ရည်ရွယ်စိုက်ပျိုးတဲ့ ဆန်စပါးအထူးထုတ်လုပ်မှုဇုန် စီမံကိန်း (Rice Export zone )ဟာ ရည်ရွယ်ချက်ကောင်းပေမယ့် စပါးထွက်ချိန်မှာ ပေါက်ဈေးနဲ့ဝယ်ယူမယ်ဆိုတာထက် လယ်သမားတွေကို မျက်နှာမူတဲ့ စီမံချက်မျိုးရှိဖို့လိုတယ်လို့ လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူတွေက ထောက်ပြဝေဖန် ထားပါတယ်။

မြောင်းမြမြို့မှာနေထိုင်တဲ့ ကုန်သည်တဦးဖြစ်ပြီး တောင်သူလယ်သမားရေး ကူညီပေးနေသူ တဦးက “ အိတ်စပို့ကုမ္ပဏီတွေက ပေါက်ဈေး နဲ့ဝယ်မယ်ဆိုတာက ဘာမှမထူးဆန်းပါဘူး။ တကယ်လယ်သမားတွေ စပါးဆက်စိုက်နိုင်ဖို့တွေးတယ်ဆိုရင် သွင်းအားစုတွေ ဈေးကျဖို့ ဒါမှမဟုတ်လည်း ပေါက်ဈေးက စိုက်ပျိုးစရိတ်ကို ကြေဖို့လိုပါတယ်။ မဟုတ်ရင်တော့ အတိုးမဲ့ချေးငွေထပ်ပိုလာမှာပဲ ရှိမှာပါ ” လို့ မှတ်ချက်ပြုပါတယ်။

Rice Export zone စီမံကိန်းဟာ နှစ်စဉ်အရှုံးနဲ့ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေ လယ်စိုက်နိုင်အောင်နဲ့ ပြည်ပတင်ပို့မယ့် အရည်အသွေး ပြည့်မှီအောင်၊ ဓာတုဓာတ်ကြွင်းကျန်ရှိမှုတွေ မရှိအောင်၊ စိုက်ပျိုးစရိတ်မရှိလို့ ပြည်ပပို့မယ့် ဆန်စပါးတွေ အထွက်နူန်းလျော့ကျသွားနိုင်ချေတွေကို တားဆီးဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ပပို့မယ့် ကုမ္ပဏီတွေအနေနဲ့ စပါးပေါ်ချိန်မှာ စပါးပေါက်ဈေးနဲ့ဝယ်ယူသွားဖို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က စောင့်ကြည့်စီစဉ်သွားမယ်လို့ အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

လယ်သမားတွေ လယ်ဆက်စိုက်နိုင်ဖို့ အတွက် စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ပူးပေါင်းပြီး စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၄ သိန်း ၅ သောင်းနဲ့ သွင်းအားစုတွေ အကြွေးစနစ်နဲ့ရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးခင်မြင့်က သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြထားပါတယ်။

“နိုင်ငံတော်မှတဧက နှစ်သိန်းငါးသောင်းကျပ်ကို အတိုးမဲ့ထုတ်ချေးပြီး Export ကုမ္ပဏီများမှ နှစ်သိန်းကျပ် ထုတ်ပေးသွားမှာဖြစ်ပြီး စုစုပေါင်း တဧက လေးသိန်းငါးသောင်းကျပ် ဖြစ်ပါတယ်။ ထုတ်ပေးငွေကို စိုက်ပျိုးသီးနှံတရာသီစာအတွက် အချိန်သတ်မှတ်ပြီး စပါးပေါ်ချိန် အစောဆုံးချေးငွေ ကိုပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ် ” လို့ ရေးပါတယ်။

ဒီစီမံကိန်းမှာ ဧရာဝတီတိုင်းက ခရိုင် ၈ ခုစလုံးပါဝင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူးစတဲ့ဒေသတွေက လယ်ဧကပေါင်း ၃ သိန်း ၄ သောင်းမှာ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်းနဲ့ စစ်ကောင်စီက လယ် တဧကကို ၂ သိန်း ၅ သောင်းနူန်းနဲ့ စုစုပေါင်း ကျပ်ငွေ ၈၅ ဘီလီယံ သုံးစွဲသွားမှာဖြစ်တယ်လို့ ဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။

“လက်ရှိအနေအထားအရကတော့ ငွေကို စိတ်ပူစရာမလိုပဲ စိုက်လို့ရနေတယ်ဆိုပေမယ့် အဲ့ဒါတွေအကုန်က ပြန်ဆပ်ရမှာပါ။ ဒီတော့ တဧကကို စိုက်ပျိုးစရိတ် ပျမ်းမျှ ၇ သိန်းလောက်ရှိနေချိန်မှာ စပါးဈေးက ၁၀ သိန်းလောက်ပဲဆိုရင်တော့ ကျွန်တော်တို့က ဆက်ရှုံးနေဦးမှာပါပဲ။ ဒါကိုတာဝန်ရှိသူတွေကိုတော့ ဆုံတုန်းက ပြောပြခဲ့ဖူးပါတယ် ” လို့ ဇလွန်မြို့နယ်မှာ Rice Export zone ကိုအကောင်အထည်ဖော်နေတဲ့ လယ်သမားတဦးက DNA ကိုပြောပါတယ်။

Rice Export zone မှာပါဝင်နိုင်ဖို့အတွက် လယ်ဧက ၁၀၀ တဆက်တစပ်တည်း စိုက်ပျိုးနိုင်ဖို့ လိုအပ်တာကြောင့် ဇလွန်မြို့နယ်မှာတော့ လယ်သမားတွေ စုပေါင်းပြီး စိုက်ပျိုးနေကြပါတယ်။ ဆန်စပါးအသင်းချုပ် အနေနဲ့လည်း နွေးစပါးရာသီမှာ အခြားသော ဒေသတွေမှာ ဆက်လက် အကောင်ထည်ဖော်နိုင်ဖို့ အစည်းဝေးတွေ၊ တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဧရာဝတီတိုင်းအတွက် နယ်မြေကို အပိုင်း ၃ ပိုင်းခွဲထားပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပ္ပတ္တာခရိုင် တို့အတွက် ဒေါက်တာစိုးထွန်း။ ကျုံပျော်ခရိုင်နဲ့ မအူပင်ခရိုင်တို့အတွက် ဦးကျော်ကျော်မိုး။ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်တို့အတွက် ဦးလူမော်မြင့်မောင်တို့က ခေါင်းဆောင်အဖြစ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။