ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဓားပြတိုက်သည့် အေအေတပ်သားတစ်ဦးကို BGB အဖွဲ့မှ ဖမ်းဆီးဆိုပြီး သတင်းမှားဖြန့် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဓားပြတိုက်သည့် အေအေတပ်သားတစ်ဦးကို BGB အဖွဲ့မှ ဖမ်းဆီးဆိုပြီး သတင်းမှားဖြန့် 

 

၁၁၊ ဖေဖော်ဝါရီ၊ ၂၀၂၆။

FactCheck_DNA/AKP

 

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အာရက္ခတပ်တော် အေအေရဲ့ တပ်သားတစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဓားပြတိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ် BGB အဖွဲ့ကနေ လက်နက်နဲ့တကွ ဖမ်းဆီးထားတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။ 

 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”ချန်နယ်ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ “ဘင်္ဂလားဒေ့နိုင်အတွင်းဝင်ရောက်ကာ ဆေးကြောင်ကြောင်ပြီး ဓါးပြတိုက်နေတဲ့ အကြမ်းဖက် AA ရခိုင်ဘိန်းစားတစ်ကောင်ကို BGB အဖွဲ့မှ ဖမ်းဆီး..” (မူရင်းအရေးအသား) ဆိုပြီးတော့ ဖြန့်ချိထားပါတယ်။ 

 

“မှိုင်းဝေ” – https://archive.ph/6YVBx 

 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post နဲ့ DNA တို့ ကနေ စစ်ဆေးထားတဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၅၃၀၀ ကျော်၊ reaction ပေးသူ ၅၉၃ ဦးထိရှိပြီးတော့ Facebook လူမှုကွန်ရက်က Maungdaw Daily News- အရံ page မှာလည်း ဆက်လက်ပြီးတော့ ပျံနှံ့လျက်ရှိပါတယ်။ 

 

ဆက်စပ်သတင်းမှားလင့်ခ်>>> https://bit.ly/4ttcemE  

 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျှက်ရှိတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Akyab Post နဲ့ DNA တို့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ  ဖမ်းဆီးခံရတဲ့သူဟာ အာရက္ခတပ်တော် အေအေရဲ့ တပ်သားမဟုတ်ဘဲ ဘင်္ဂလားဒေ့ရ်ုနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်နေတာကိုသာ တွေ့ရပါတယ်။ 

 

သတင်းစိစစ်ချက်

 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို Google reversed image search tools နဲ့ Google Advanced Search Tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

 

ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တင်ထားတဲ့ “နယ်စပ်တွင် ရခိုင်ဘက်မှ လူငယ်တစ်ဦးကို လက်နက်ကျည်ဆံများနှင့်အတူ BGB ဖမ်းမိ” သတင်းကပါရှိတဲ့ ပုံဖြစ်နေတာကို တွေ့ရပါတယ်။ 

 

Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ရခိုင်ဘက်မှ လူငယ်တစ်ဦးကို သေနတ်တစ်လက်၊ ကျည်ဆံများနှင့်အတူ ရခိုင်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသည့်ဘင်ဒရိုဘင် (ရွာတော်) ခရိုင်၊ နတ်ချောင်းဆရီမြို့နယ်ရှိ Baishphari နယ်စပ်ဒေသမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

Narinjara သတင်းဌာနရဲ့ သတင်း>>> https://bit.ly/3ZWYL9c 

 

 

ဒါ့အပြင် ဒီသတင်းကိုပဲ ဘင်္ဂလားဒေ့ရ်ု အခြေစိုက်သတင်းမီဒီယာတွေဖြစ်တဲ့ Daily Times of Bangladesh နဲ့ parbatta shomoy သတင်းဌာနတွေနေလည်း မြန်မာနိုင်ငံကလူငယ်တစ်ဦးကို လက်နက်တွေနဲ့အတူ မြန်မာနိုင်ငံအနီးက ဘင်္ဂလားဒေ့ရ်ုနယ်စပ်မှာ ဖမ်းဆီးရမိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

https://bit.ly/400qFRH 

 

https://bit.ly/4cfPjVO 

 

ဘင်္ဂလားဒေ့ရ်ု သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်မှာလည်း လက်နက်နဲ့အတူ တရားမဝင် ဝင်ရောက်လာတဲ့လူငယ်လို့သာ ဖော်ပြထားပြီးတော့ အာရက္ခတပ်တော် အေအေရဲ့ တပ်သားတစ်ဦးဖြစ်တယ်လို့ ရေးသားဖော်ပြထားခြင်းမရှိသလို၊ ဖမ်းဆီးခံရတဲ့ လူငယ်ဟာ ဆေးကြောင်ပြီးတော့ ဓားပြတ်ိုက်ခဲ့တယ်ဆိုပြီး ရေးသားဖော်ပြထားတာကိုလည်း မတွေ့ရှိရပါဘူး။ 

 

သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ဘင်္ဂလားဒေ့ရ်ု သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ Maungdaw Daily News- အရံ page   အပါအဝင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်မှနေ မြန်မာနိုင်ငံသားတစ်ဦးလက်နက်နဲ့အတူ နယ်စပ်ဖြတ်ကျော်ပြီး​ ဝင်ရောက်လာတာကို လိုအပ်သလို ပုံဖော်ရေးသားကာ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ Maungdaw Daily News- အရံ page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ဘင်္ဂလားဒေ့နိုင်အတွင်းဝင်ရောက်ကာ အေအေတပ်သားတစ်ဦး ဓားပြဝင်တိုက်တာကြောင့် လက်နက်နဲ့ အတူ ဘင်္ဂလားဒေ့ရ်ု BGB ကနေ ဖမ်းဆီးခဲ့တယ်ဆိုတာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်းဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့ လက်နက်တွေကိုလည်း အေအေနဲ့ ထိစပ်နေပါတယ်ဆိုပြီး ရေးသားဖြန့်ဝေခဲ့ပါတယ်။ 

 

Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –

https://www.facebook.com/share/v/16q7pLaYqc/

https://www.facebook.com/theakyabpost/posts/536247796110915

https://www.facebook.com/myanmarfactcheckingnetwork/videos/1577519133561481/ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab_Post #FactCheck #Mis_Disinformation  #AA #DNA #DNA_FACT_CHECK