
ဇန်နဝါရီလအစောပိုင်းမှာ တာဝန်စယူပြီး ရက်ပိုင်းအတွင်းမှာပဲ သူဟာ နေပြည်တော်ကိုသွားပြီး စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံမှုကြောင့် အာဆီယံဟာ မြန်မာ့အရေးမှာ သဘောထား ပျော့ပျောင်းလာသလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
၇၊ ဖေဖော်ဝါရီ။
အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ သူတို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်ရှိနေမှာဖြစ်ပြီး အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့တော့ စစ်ကောင်စီက မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေချိန် အခုလို အတည်ပြုခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့ မြန်မာပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အဆိုပြုချက်တွေလိုမျိုး တခြား ပြောင်းလဲလာတဲ့ အခြေအနေတွေကိုတော့ ဆွေးနွေးဖို့ ရှိနေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
“ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာ့အရေးကို ကျွန်မတို့ ကိုင်တွယ်ဖြေရှင်းမယ့် အခြေခံမူအဖြစ် ဆက်ရှိနေမှာပါ။ နောက်ပိုင်းမှာတော့ တချို့ကိစ္စတွေကို ပြန်လည်ညှိနှိုင်းပြင်ဆင်တာမျိုး ရှိလာနိုင်ပေမဲ့ အခုတော့ မဟုတ်သေးပါဘူး” လို့ သူက ဆိုပါတယ်။
စင်ကာပူနိုင်ငံက ISEAS – Yusof Ishak အင်စတီကျုမှာ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့်အကြောင်း ဟောပြောပွဲအပြီး အမေးအဖြေကဏ္ဍမှာ သူက အခုလို ဖြေကြားခဲ့တာပါ။
မေးခွန်းတွေရဲ့ ထက်ဝက်နီးပါးက မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်း ဖြစ်တဲ့ ထရီဆာ လာဇာရိုက အခုလို အခြေအနေသစ်တွေ ဆွေးနွေးဖြစ်တာဟာ ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် စစ်ကောင်စီနဲ့ရော တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ဇန်နဝါရီလအစောပိုင်းမှာ တာဝန်စယူပြီး ရက်ပိုင်းအတွင်းမှာပဲ သူဟာ နေပြည်တော်ကိုသွားပြီး စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံမှုကြောင့် အာဆီယံဟာ မြန်မာ့အရေးမှာ သဘောထား ပျော့ပျောင်းလာသလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
နောက်နှစ်ပတ်အကြာမှာတော့ သူဟာ မနီလာတောင်ပိုင်းက တာဂါ့တိုင်မြို့မှာ မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ အစုအဖွဲ့စုံ တွေ့ဆုံပွဲတခုကို ခေါ်ယူကျင်းပခဲ့ပါတယ်။
ဘယ်လို တိုးတက်မှုတွေရှိလာရင် အာဆီယံအနေနဲ့ မြန်မာ့အရေး ရပ်တည်ချက်ကို ပြန်သုံးသပ်မလဲဆိုတဲ့ မေးခွန်းအပေါ် “အကြမ်းဖက်မှုတွေ ရပ်တန့်သွားတာဟာ အာဆီယံဘက်က ကြည့်မယ့် အခြေခံအကျဆုံးအချက် ဖြစ်တယ်” လို့ သူက ဖြေပါတယ်။
၂၀၂၅ ဒီဇင်ဘာလလောက်အထိတောင် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေသေးတယ်လို့လည်း သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ရှည်ကြာနေသလို လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေလည်း ဖြစ်နေပါတယ်။
စစ်ကောင်စီက ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ သုံးပိုင်းခွဲပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး မကြာခင်မှာ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။