အိမ်သာနံရံပေါ်က ရွှံတွေကို ကျောင်းသားတွေ လျက်ခိုင်းတဲ့ကိစ္စ မြို့နယ်ပညာကစစ်ဆေး

“ဆက်ပြီးတော့ စစ်ဆေးနေမှာပဲ၊ စာမေးပွဲပြီးမှ ကလေးတွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့။ ကလေးတွေက လည်း ထပ်စစ်၊ ထပ်စစ်ဆိုရင် စိတ်ဒဏ်ရာလေးတွေနဲ့ပေ့ါ။ အဲလိုကျတော့ စာမေးပွဲမှ ပြန်ပြီးတော့ စစ်ဆေးမယ် ပြောတယ်။ နောက်နှစ်ဖွဲ့က ဘယ်သူတွေလည်း ဆိုတာတော့ မသိသေးဘူး”

၂၊ ဖေဖော်ဝါရီ။

ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စု၊ အလကလက်ပံစု(​နောက်)ကျောင်းမှာ အလယ်တန်းပြဆရာမဖြစ်သူက ကျောင်း အိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းမှာရှိတဲ့ ကျောင်းသားအားလုံးကို လျက်ခိုင်းခဲ့တဲ့ ကိစ္စအတွက်  မြို့နယ်ပညာရေးရုံး တာဝန်ရှိသူတွေက မနေ့က ညနေမှာ လာရောက်စစ်ဆေးခဲ့ပါတယ်။

“ခရိုင်ညွန်ကြားချက်နဲ့ မြို့နယ်ပညာ စိစစ်ရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ လာတယ်တဲ့။ အုပ်စုအုပ်ချုပ်ရေးနဲ့ လာ တယ်တဲ့၊ အဲဒီကောင်မ(ဆရာမ)ကိုလည်း တံခါးပိတ်ပြီး စစ်တယ်တဲ့။ နောက်ကလေးတွေကိုလည်း စစ်တယ်တဲ့။ အဲလိုမျိုးသိရတယ်” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

အလက လက်ပံစု(နောက်)စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ရွှံ့စေးတွေကို အလယ်တန်း ပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့သွားပြီး ဘယ်သူ လုပ်ထားတာလဲမေးကာ အဖြေမရတဲ့အတွက် ကျောင်း သားအားလုံး (သုံးဆယ်ဝန်းကျင်)ကို ခေါ်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့က လျက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အိမ်သာနံရံမှာ ကပ်နေတဲ့ ရွှံ့စေးတွေကို လျှက်ခိုင်းတဲ့အကြောင်း အိမ်ပြန်ရောက်ရင် မိဘတွေကို ပြန်မ ပြောကြဖို့၊ ပြန်ပြောခဲ့ရင် ကျောင်းရောက်လာတဲ့အခါ ရိုက်နှက်မယ်လို့လည်း အဲဒီဆရာမက ခြိမ်းခြောက်ပြောဆို ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကို ကျောင်းသားမိဘတွေ သိသွားပြီးတဲ့နောက် ကျောင်းအုပ်ဆရာကြီးဆီ ဖုန်းဆက်တိုင်ကြား ခဲ့တာ ကြောင့် ဒီနေ့မှာ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့တာပါ။

လက်ရှိမှာ ကနဦး စစ်ဆေးတာဖြစ်ပြီး စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ရှိကြောင်း၊ လတ်တလော ကလေးတွေ စာမေး ပွဲရှိတာကြောင့် စစ်ဆေးမှုကို ဆိုင်းငံထားမှာဖြစ်ကြောင်း လာရောက်စစ်ဆေးတဲ့တာဝန်ရှိသူတွေ ပြောကြားခဲ့ တယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။​

“ဆက်ပြီးတော့ စစ်ဆေးနေမှာပဲ၊ စာမေးပွဲပြီးမှ ကလေးတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့။ ကလေးတွေက လည်း ထပ်စစ်၊ ထပ်စစ်ဆိုရင် စိတ်ဒဏ်ရာလေးတွေနဲ့ပေ့ါ။ အဲလိုကျတော့ စာမေးပွဲမှ ပြန်ပြီးတော့ စစ်ဆေးမယ် ပြောတယ်။ နောက်နှစ်ဖွဲ့က ဘယ်သူတွေလည်း ဆိုတာတော့ မသိသေးဘူး”လို့အထက်ပါ ကျောင်းသားမိဘက ပြောပါတယ်။

အခုလာမယ့် ဖောဖော်ဝါရီလ ၅ ရက်နေ့ကျရင် အလက လက်ပံစု(နောက်)ကျောင်းမှာ စာမေးပွဲ စတင်တော့မယ် လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပက်သက်လို့ အင်္ဂရမ်းအုပ်စု၊ အုပ်ချုပ်ရေးမှူးကလည်း မနေ့က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရောက် လာပြီး စစ်ဆေးမှုတွေ ၊ ကျောင်းသားတွေကို ဖြစ်စဉ်သရုပ်ပြခိုင်းကာ မှတ်တမ်းယူ သွားခဲ့တယ်လို့ သိရပါ တယ်။

အဲဒီလို အတန်းစုံကျောင်းသား ကလေးငယ်တွေကို ရွှံစေးလျက်ခိုင်းခဲ့တဲ့ ဆရာမကို အဲဒီကျောင်းမှာ ထပ်မရှိစေလို ဘဲ ကျောင်းပြောင်းပေးဖို့ တောင်းဆိုသွားမယ်လို့ ကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီဝင်တွေက ပြော ထားကြပါတယ်။

ဆရာမ တဦးအနေနဲ့ ကျောင်းသားတွေကို ဒီလို လုပ်တာဟာ လက်ခံနိုင်စရာ မရှိပဲ လူသားဆန်မှုတောင် ပျောက်ဆုံးနေတဲ့အတွက် လက်ခံနိုင်စရာ မရှိဘူးလို့ ဧရာဝတီတိုင်းက CDM ကျောင်းဆရာတဦးဖြစ်တဲ့ မင်းဘုဏ်းလူကလည်း မှတ်ချက်ပြုပါတယ်။

“ကျောင်းဆရာ တယောက် အနေနဲ့ကတော့ ဒါကို လက်မခံနိုင်ဘူး။ non ပဲ ဖြစ်ဖြစ် cdm  ပဲ ဖြစ်ဖြစ်ပေါ့ ။ ဆရာသမား စိတ်ဓါတ်ဆိုတာ လုံးဝမရှိတော့ဘူးလို့ ပြောရမယ်။ ဘယ်မှာလဲ မေတ္တာစိတ် ၊ ဘယ်မှာလည်း အနန္တငါးပါးစိတ်၊ဘယ်မှာလဲ ဘေးရန်ကာဆီးချင်တဲ့စိတ်၊ ဆရာ့ကျင့်ဝတ် ငါးပါးနဲ့လုံး လုံးဝ မညီညွှတ်ပါဘူး”လို့ ဆိုပါတယ်။

ကျောင်းသားတွေကို အိမ်သာနံရံလျက်ခိုင်းခဲ့တဲ့ ဆရာမ ဒေါ်မြမြသွယ်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။