“Otto Group ရဲ့ တာဝန်ရှောင်လွှဲမှုတွေကြောင့် မြန်မာရွေ့ပြောင်း လုပ်သား ၁၉၅ ဦး ကျော်နဲ့ သူတို့မိသားစုတွေရဲ့ ဘဝဟာ ကစဉ့်ကလျားဖြစ်ခဲ့ကြရပါတယ်။”

၂၉ ၊ ဇန်နဝါရီလ ။
ဒီဆောင်းပါးကို HaRDStories နဲ့ Delta News Agency တို့ ပူးပေါင်းရေးသားပြီး Canada Fund for Local Initiatives ရဲ့ ပံ့ပိုးမှုနဲ့ တင်ဆက်ပါတယ်။
အလျား ၈ ပေ၊ အနံ ၁၅ ပေဝန်းကျင် အကျယ်ရှိတဲ့ အခန်းလေးထဲမှာ ရေချိုးခန်းနဲ့ အိမ်သာတွဲလျက် တခန်းက ၄ ပေပတ်လည်လောက် နေရာ ယူထားပါတယ်။ အိမ်သာခန်းအရှေ့မှာတော့ သစ်သားစင်လေးနဲ့ တင်ထားတဲ့ ထမင်းအိုး၊ ဟင်းအိုးတွေနဲ့ မီးဖိုချောင်လေး ရှိပါတယ်။
နံရံက အင်္ဂတေကိုင်ထားရုံရှိပြီး တမံတလင်းပေါ်မှာ ဖယောင်းပုဆိုး တချပ်ခင်းထားပါတယ်။ အိမ်ထောင်ပရိဘောဂဆိုလို့ အဝတ်ထည့်ထားတဲ့ ပုံးလေး နှစ်ပုံးနဲ့ မီးဖိုချောင် ပစ္စည်းတချို့သာရှိတာကြောင့် မစန်းအေးက သူတို့ သားအမိ သုံးယောက်အတွက်တော့ ကျယ်ဝန်းပါတယ်လို့ ဆိုပါတယ်။
“ ကျွန်မ အလုပ်ပြုတ်သွားတယ်။ အလုပ်လည်းပြန်ရှာလို့မရဘူး။ သူတို့အဖေ (မစန်းအေး အမျိုးသား)လည်း မကြာဘူးဆုံးသွားတော့ သားအကြီးလေးက ကျောင်းနားလိုက်ရတာပေါ့ ” လို့ မျက်ရည်တွေကျရင်း မစန်းအေးက ပြောလာပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ကျော်က သူ့ရဲ့လုပ်ခလစာ ဘတ် ၆ ထောင်ကျော်နဲ့ တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့တဲ့ မိသားစုဟာ သူအလုပ်ပြုတ်သွားချိန်မှာတော့ တလကို ဘတ် ၃ ထောင်ကျော်ရနိုင်ဖို့ သားအမိနှစ်ယောက် ရုန်းကန်ခဲ့ကြရပါတယ်။
ဒီအခန်းကို သူတို့က အိမ်လို့ခေါ်ဆိုကြပြီး အခန်းခတလ ဘတ် ၁၀၀၀ ပေးနိုင်ဖို့ကို သားအကြီးဖြစ်သူက ကျောင်းနားလိုက်ပြီး ရုန်းကန်ရှာဖွေနေရပါတယ်။
တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း (Responsible Commerce) ကို အလေးထားတယ်လို့ ကြွေးကြော်ထားတဲ့ Otto Group ရဲ့ တာဝန်ရှောင်လွှဲမှုတွေကြောင့် မြန်မာရွေ့ပြောင်း လုပ်သား ၁၉၅ ဦး ကျော်နဲ့ သူတို့မိသားစုတွေရဲ့ ဘဝဟာ ကစဉ့်ကလျားဖြစ်ခဲ့ကြရပါတယ်။

🔹 ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုနဲ့ ထွက်ပြေးသွားတဲ့ သူဌေး သုံးဦး
မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်ထဲက ရန်မကင်း(Yamaken)စက်ရုံလို့ လူသိများတဲ့ စက်ရုံအနီးမှာ ရှိနေတဲ့ ဒီအခန်းလေးမှာ နေထိုင်တဲ့ မစန်းအေး ဆိုတာဟာ ၂၀၂၀ ခုနှစ်မှာ Royal Knitting (ရန်မကင်း) စက်ရုံပိတ်သိမ်းမှုမှာ နစ်နာခဲ့သူတဦးဖြစ်ပါတယ်။
ပိတ်လိုက်ရတဲ့ ဒီစက်ရုံအနီးမှာ အလုပ်သမားတွေ နေထိုင်တဲ့ တန်းလျားတွေနဲ့ အခန်းခ၊ အိမ်လခ မပေးနိုင်တော့လို့ မြေငှားပြီး အဆင်ပြေသလို တဲထိုး၊ အိမ်ဆောက်နေထိုင်ကြသူတွေလည်း အများကြီးရှိပါတယ်။
မဲဆောက်မြို့လယ်ခေါင်က ပျံကျရပ်ကွက်သေးသေးလေးလိုဖြစ်နေတဲ ဒီနေရာလေးမှာနေထိုင်ကြသူ အများစုဟာ ရန်မကင်း စက်ရုံက နစ်နာသူအလုပ်သမားတွေ ဖြစ်ကြပါတယ်။
ဒီစက်ရုံဟာ သိုးမွှေးအထည်တွေချုပ်လုပ်တဲ့ စက်ရုံတခုဖြစ်ပြီး အလုပ်သမား စုစုပေါင်း ၂၃၀ ကျော်ရှိခဲ့ပါတယ်။ ဒီထဲမှာ မြန်မာရွေ့ပြောင်း အလုပ်သမားပေါင်း ၁၉၅ ဦး ပါဝင်အလုပ်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၉ ခုနှစ် ကိုဗစ်ရိုက်ခတ်မှုတွေ စတင်လာချိန်မှာတော့ စက်ရုံတွင်းမှာ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် မစန်းအေးနဲ့ အလုပ်သမားတွေကတော့ သတိထားမိတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။
ဒီလိုနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာတော့ ဂျပန်နိုင်ငံသား လုပ်ငန်းရှင် ၃ ဦးဟာ တိတ်တိတ်လေး ဖြေရာဖျောက်ပြီး စက်ရုံကို ပိတ်သိမ်းလိုက်ပါတော့တယ်။
“ ကျွန်မအတွက်တော့ ကံဆိုးမှုကြီးပဲပေါ့။ ကျွန်မက အသက် ၄၀ ကျော်နေတော့ တခြားမှာလည်း အလုပ်ရှာလို့မရတော့ဘူး ” လို့ မစန်းအေးက ဆိုပါတယ်။

🔹 အမှုနိုင်ပေမယ့် လျှော်ကြေးမရသူများ
စက်ရုံပိတ်သိမ်းလိုက်ချိန်မှာ ထိုင်းနိုင်ငံသား အလုပ်သမား ၅၀ ဝန်းကျင်နဲ့ မြန်မာရွေ့ပြောင်း အလုပ်သမား ၁၉၅ ဦးစလုံးဟာ အလုပ်လက်မဲ့တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ နစ်နာကြေးရရှိဖို့အတွက် အလုပ်သမားတွေဟာ မြန်မာရွေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ရောင်ခြည်ဦး အဖွဲ့ကို အကူညီတောင်းခဲ့ကြပါတယ်။
“သူတို့အမှုက နိုင်သွားတယ်။ ဒါပေမယ့် အလုပ်ရှင်တွေ မရှိတော့ လျော်ကြေးမရကြဘူး ” လို့ ရောင်ခြည်ဦး အဖွဲ့ ခေါင်းဆောင် ဦးမိုးကျော်က ဆိုပါတယ်။
အမှုဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးအရ အလုပ်သမားတွေဘက်က အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေ မရှိတော့တဲ့ အနိုင်ရရှိမှုဟာ အလုပ်သမားတွေ အတွက်တော့ အရာမထင်တဲ့ အခြေအနေမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းရှိ အထည်ချုပ်စက်ရုံတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Worker Rights Consortium မှ Bent Gehrt က “ထိုင်းဥပဒေမှာ ကုမ္ပဏီတွေအနေနဲ့ အလုပ်ထုတ်နှစ်နာကြေး (Severance) အတွက် ငွေကြေးကို သီးသန့်အကောင့် (Escrow account) ထဲမှာ ကြိုတင်စုဆောင်းထားဖို့ သတ်မှတ်မထားပါဘူး။ ဒါကြောင့်မို့လို့ စက်ရုံတွေပိတ်သိမ်းတဲ့အခါ နစ်နာကြေးပေးဖို့ သူတို့မှာ ငွေကြေးမရှိတော့တာမျိုး မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အသက် ၄၀ ကျော်ရှိနေပြီဖြစ်တဲ့ အလုပ်သမား ၆၀ ဝန်းကျင်ဟာ ဘယ်မှာမှ အလုပ်ရှာဖွေလို့ မရနိုင်တော့တဲ့ လုံးဝ အလုပ်လက်မဲ့ ဆိုတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ကြပါတယ်။
ဒါအပြင် အမှုကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အလုပ်သမားခေါင်းဆောင် ကိုကျော်ဇေယျ ဟာလည်း ဘောက် (ပျံကျ) အလုပ်တွေကိုသာ လုပ်ကိုင်ရင်း အမှုကိုရပ်တန့်မသွားအောင် ကြိုးစား လှုပ်ရှားနေခဲ့ ရပါတယ်။
သူက ဆက်ပြီး “ ကျွန်တော်တို့ ဘာမှထပ်မရနိုင်တော့ဘူးဆိုရင်တောင် ဒီလိုမျိုးတွေ ထပ်မဖြစ်စေချင်ဘူး။ အခုဆို လူ ၆၀ လောက်ရဲ့ ဘဝတွေနဲ့ သူတို့မိသားစုတွေ ယိုင်နဲ့ပျက်စီးသွားခဲ့ပြီ ” လို့ ဆိုပါတယ်။
စက်ရုံမပိတ်သိမ်းမီ ၂၀၂၀ ခုနှစ်အထိ ဂျာမနီအခြေစိုက် လက်လီကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Otto Group အတွက် အဝတ်အထည်တွေ ထုတ်လုပ်ပေးခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမယ့် Otto Group က သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်အရ ထိုစက်ရုံနဲ့ စီးပွားရေးအရ ပတ်သက်မှုမှာ ၂၀၁၇ ခုနှစ်ကတည်းက ရပ်စဲခဲ့ပြီးဖြစ်ကြောင်း အတိအလင်း ငြင်းဆိုပြန်ပါတယ်။
စက်ရုံမပိတ်သိမ်းခင် ကာလအထိ Otto ဟာ ရန်မကင်း ကုမ္ပဏီဆီကို အမှာစာအော်ဒါတွေ ပို့ထားတုန်း တွဲဖက်အလုပ်လုပ်ကိုင်နေတုန်းဖြစ်ပြီး အလုပ်သမားတွေဘက်ကလည်း စက်ရုံပိတ်သိမ်းလိုက်တဲ့အချိန်ထိ Otto အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် အမှုဟာ နိုင်ခဲ့ပါတယ်။
ဒါပေမယ့် နစ်နာကြေးကတော့ မရခဲ့ပါဘူး။
ဒီလိုနဲ့ အမှုဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာ အမှတ်တံဆိပ်တွေ အနေနဲ့ သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက်(သူတို့အမှတ်တံဆိပ် ထုတ်လုပ်မှု) အလုပ်သမား အခွင့်အရေးတွေကို တာဝန်ယူရမယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေကြောင်းအရ ဖိအားပေးပြီး တိုက်တွန်းမှုတွေ လုပ်နေတဲ့ Clean Clothes Campaign (CCC) ဆီကိုရောက်ရှိသွားခဲ့ပါတယ်။
CCC ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး (Regional Urgent Appeal Coordinator) ဖြစ်သူ Ms.Niki ကလည်း ဒီအမှုဟာ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်နေတယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။
သူက “အမှုနိုင်ခဲ့ပေမဲ့ ပိုင်ရှင်/ဒါရိုက်တာအဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ထားတဲ့ ဂျပန်နိုင်ငံသားတွေဟာလည်း စီရင်ချက်ကို လိုက်နာဖို့ ငြင်းဆန်ပြီး နိုင်ငံထဲကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဒါဟာ လက်တွေ့မှာ ဥပဒေနဲ့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ယန္တရား အားနည်းနေတာကို ပြနေတာပါ ” လို့ ဆိုပါတယ်။
တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတခုဖြစ်လာဖို့ဟာ ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက် အလုပ်သမား အခွင့်အရေးတွေကို တာဝန်ယူရမယ်ဆိုတဲ့ အချက်ကိုလည်း လိုက်နာဖို့လိုပါတယ်။ ဒါပေမယ့် Otto ကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ ဂျပန်နိုင်ငံသား လုပ်ငန်းရှင်တွေနည်းတူ တာဝန်ကို ရှောင်လွှဲနေဆဲပါပဲ။
စက်ရုံပိုင်ရှင်တွေကို ဆက်သွယ်လို့မရတော့တဲ့အတွက် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေဟာ စက်ရုံပိတ်သိမ်းချိန်က အလုပ်သမားတွေ ထုတ်လုပ်ပေးခဲ့ရတယ်လို့ ဆိုတဲ့ အမှတ်တံဆိပ် (Brands) ကုမ္ပဏီတွေဘက်ကို တဖက်လှည့်ပြီး တောင်းဆိုခဲ့ကြရပြန်ပါတယ်။
Royal Knitting ရဲ့ မိခင်ကုမ္ပဏီမှာ နိုင်ငံတကာအမှတ်တံဆိပ် အများအပြားကို ကုန်ပစ္စည်းတင်သွင်းပေးနေတဲ့ Yamaken Apparel ဖြစ်ပါတယ်။
အလုပ်သမားတွေက စက်ရုံပိတ်သိမ်းတဲ့အချိန်အထိ Otto တံဆိပ်ပါ ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ရကြောင်း ပြောကြားခဲ့ပြီး အထောက်အထားအဖြစ် ထုပ်ပိုးမှုစာရင်းတွေနဲ့ တံဆိပ်တွေကို သိမ်းဆည်းထားခဲ့ကြပါတယ်။ အဆိုပါတံဆိပ်တွေထဲမှာ Sieh An!၊ Ambria၊ Heine ကုမ္ပဏီရဲ့ Rick Cardona နဲ့ Ashley Brooke စတဲ့ Otto Group အမှတ်တံဆိပ်တွေ ပါတယ်လို့ ဆိုပါတယ်။
Otto Group က “စီးပွားရေးအရ ပတ်သက်မှု ရပ်စဲခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမှ ပေါ်ပေါက်လာတဲ့ တတိယအဖွဲ့အစည်းတွေရဲ့ တာဝန်ဝတ္တရားတွေကို Otto Group အနေနဲ့ တာဝန်ယူပေးလို့မရပါဘူး” လို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်တဲ့ တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Otto Group ဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘက်စ်မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းရောင်းတယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတခုဖြစ်ပါတယ်။ အဝတ်အထည်၊ ဖက်ရှင်၊ အိမ်သုံးပစ္စည်း၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်း၊ အားကစား ပစ္စည်းတွေနဲ့ ကစားစရာတွေအထိ ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတခုပါ။
၂၀၂၄/၂၅ ဘဏ္ဏာနှစ်မှာ အမြတ်ငွေ ယူရို ၁၅ ဘီလီယံဝန်းကျင် ရရှိခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပေမယ့် Otto Group ဟာ မြန်မာရွေ့ပြောင်း အလုပ်သမား ၁၉၅ ဦးအတွက် ဘတ် ၃၂ သန်းကိုတော့ လျစ်လျူရှုထားဆဲပါပဲ။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကုန်ပစ္စည်းတွေကို အခြားနေရာမှာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီက ပြောခဲ့ပြီး အလုပ်သမားတွေပြတဲ့ စာရွက်စာတမ်းတွေဟာ အတည်မပြုနိုင်တဲ့အပြင် အော်ဒါအဟောင်းလက်ကျန်ပစ္စည်းတွေသာ ဖြစ်နိုင်တယ်လို့ Otto Group က ပယ်ချခဲ့ပါတယ်။
ဒါပေမယ့် Yamaken Apparel ဟာ Royal Knitting ကို ပိုင်ဆိုင်ကြောင်းနဲ့ စက်ရုံပိတ်သိမ်းပြီး ၄ လအကြာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ Otto ဆီ ကုန်ပစ္စည်းတင်သွင်းသူအဖြစ် လုပ်ကိုင်နေသေးတယ်ဆိုတာကို Otto Group က ၂၀၂၁ ခုနှစ်မှာ အသိအမှတ်ပြုခဲ့ဖူးပါတယ်။
Worker Rights Consortium (WRC) ရဲ့ အစီရင်ခံစာတခုအရ အမှတ်တံဆိပ်ကုမ္ပဏီတွေအနေနဲ့ စက်ရုံပိတ်သိမ်းခါနီး လပိုင်းအလိုအထိ ကုန်ပစ္စည်းမှာယူခဲ့တဲ့ စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့အခါ မလွှဲမသေ တာဝန်ယူရမှာဖြစ်ပြီး ငြင်းဆန်လို့ မရကြောင်း အခိုင်အမာဆိုထားပါတယ်။
အစီရင်ခံစာမှာ “အလုပ်ထုတ်နှစ်နာကြေးကို စက်ရုံပိုင်ရှင်က မပေးဆောင်ပါက အမှတ်တံဆိပ်များ ကိုယ်တိုင်က ပေးဆောင်စေရန် သေချာစေဖို့ တာဝန်ရှိသည်” လို့ ဖော်ပြထားပါတယ်။
🔹 လျှော်ကြေးမရပေမယ့် ပေးစရာ အကြွေးတွေနဲ့
မစန်းအေးကတော့ သူအလုပ်ပြုတ်ပြီး မကြာခင်မှာပဲ အမျိုးသားဖြစ်သူကလည်း ကျန်းမာရေးကြောင့် ကိုဗစ်ကာလမှာ ဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အကြွေးတွေနဲ့ အိမ်လခပေးဖို့တွေဟာ အသက် ၁၄ နှစ်သာရှိသေးတဲ့ သားအကြီးရဲ့ ပုခုံးပေါ်ကို ရောက်လာပါတော့တယ်။
“သူတို့အဖေနေမကောင်းတုန်းက ယူထားတာတွေနဲ့ အကြွေး နှစ်သောင်းခွဲ(ဘတ်)လောက်တင်နေတယ်။ ကျွန်မ မဆပ်နိုင်လို့ ထွက်တောင်ပြေးဖူးတယ်။ နောက်မှ စိတ်မလုံတာနဲ့ ပြန်လာတာ အကြွေးရှင်တွေကို တောင်းပန်ပြီး ပြန်နေပေါ့ ” လို့ မစန်းအေးက ဆိုပါတယ်။
သူဟာ ဒီစက်ရုံတခုတည်းမှာပဲ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ကိုင်ခဲ့တဲ့ လုပ်သက်ရင့် အလုပ်သမား ဖြစ်တာကြောင့် နစ်နာကြေး အမြင့်ဆုံးရရှိမယ့်သူတွေထဲက တယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အကြွေး ဘတ် နှစ်သောင်းခွဲကို မဆပ်နိုင်တော့လို့ ထွက်ပြေးရတယ်ဆိုတဲ့ သူ့အတွက် ရန်မကင်း စက်ရုံကနေ ရရှိမယ့် နစ်နာကြေးဟာ ဘတ် သိန်းနဲ့ချီပြီးရှိပါတယ်။
သူ့လိုမျိုး အလုပ်ထပ်ရှာမရတော့တာရယ် မိသားစုဝင်အားလုံးက မှီခိုသူတွေပဲဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ပြန်သွားကြတဲ့ သူတွေလည်းရှိပါတယ်။ ဆုံးပါးသွားကြသူတွေလည်း ရှိသလို တချို့တွေကတော့ စက်ရုံနားက တန်းလျားလေးမှာပဲ ဆက်နေထိုင်ရင်း မိသားစုဝင်တဦးဦးရဲ့ ဝင်ငွေကို မှီခိုနေရသူတွေလည်း ရှိပါတယ်။
“အလုပ်သမားတယောက်အတွက် ရုတ်တရက်ကြီး အလုပ်မရှိတော့ဘူးဆိုတာထက်ဆိုးတဲ့ သတင်းစကား ဘာရှိဦးမလဲဗျာ ” လို့ ဦးမိုးကျော်က ပြောပါတယ်။
အလုပ်အကိုင်သာ ဆက်ရှိနေဦးမယ်ဆိုရင် ဘဝပေါင်း ၆၀ ဝန်းကျင်ဟာ တည်ငြိမ်တဲ့ ဘဝဖြတ်သန်းမှုကို ရရှိနိုင်ကြမှာဖြစ်သလို ဥပဒေအတိုင်းသာ နစ်နာကြေးတွေရရှိခဲ့မယ်ဆိုရင်လည်း ကောင်းမွန်တဲ့ ဘဝတဆစ်ချိုး ပြောင်းလဲသွားနိုင်တဲ့ အခွင့်အရေးမျိုး ရှိနိုင်ပါတယ်။
စက်ရုံဘက်က ပိုင်ရှင် ၃ ဦးအနက်က တဦးကတော့ သူပေးဆောင်ရမယ့် ကိုယ်တာဆိုပြီး နစ်နာကြေး ဘတ် ၃၂ သန်းပေးရမယ့်ထဲက ၂၂ သိန်းပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ ကုမ္ပဏီကြီးတွေရဲ့ အမြတ်တွေနဲ့စာရင် ကျွန်တော်တို့ရမယ့် နစ်နာကြေးဆိုတာ ပမွှားလေးပါ၊ ဒါပေမယ့် ကျွန်တော်တို့ ဘဝတွေကိုတော့ အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ် ” လို့ ကိုကျော်ဇေယျက ရှင်းပြပါတယ်။
ဒီအလုပ်သမားတွေထဲက အများစုဟာ စက်ရုံအနီးနားက တန်းလျားတွေနဲ့ မြေငှားပြီး ဆက်လက်နေထိုင်နေကြသလို ဘန်ကောက်အပါအဝင် အလုပ်အသစ် ရရှိရာနေရာတွေကို ပြောင်းရွေ့သွားသူ အနည်းငယ်နဲ့ ပြည်တွင်း ပြန်သွားကြသူ အနည်းငယ် ရှိပါတယ်။
ကိုကျော်ဇေယျကတော့ ဒီလူတွေရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို စုဆောင်းထားပြီး အမှုအခြေအနေကို ပြောပြရှင်းပြတာတွေ ပြုလုပ်ပေးနေပါတယ်။
“ကျွန်တော် ဒီအမှုကို ဆက်လုပ်နေတာဟာ ထိုင်းနိုင်ငံတွင်းက အလုပ်သမားတွေ အကုန်လုံးအတွက်ပါ။ ကျွန်တော်တို့ အမှုနိုင်တာတောင် ဒီလိုတွေဖြစ်နေရင် ဘာက အားနည်းနေတာလဲ၊ ဘာတွေပြင်ဆင်ဖို့လိုတာလဲ ဆိုတာကို သိဖို့အတွက် ဆက်လုပ်နေတာ ဖြစ်ပါတယ် ” လို့ ရှင်းပြပါတယ်။
Worker Rights Consortium (WRC) အဖွဲ့ကတော့ Royal Knitting အမှုကို “Fired then Robbed” (အလုပ်ထုတ်ခံရရုံတင်မကဘဲ အခွင့်အရေးများပါ အခိုးခံရခြင်း) ဆိုတဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ CCC အဖွဲ့ဟာ ဂျာမနီနိုင်ငံရဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ တာဝန်ယူမှုဥပဒေ (Supply Chain Due Diligence Act) အရ အလုပ်သမား ၁၀ ဦးကိုယ်စား ဂျာမနီဖက်ဒရယ် စီးပွားရေးနဲ့ ပို့ကုန်ထိန်းချုပ်ရေးရုံး (BAFA) ဆီကို တရားဝင် တိုင်ကြားစာ တင်သွင်းခဲ့ပါတယ်။
အဆိုပါတိုင်ကြားချက်မှာ အလုပ်သမားတွေ တရားရုံးက သတ်မှတ်ထားတဲ့ နစ်နာကြေး ရရှိစေဖို့အတွက် Otto အနေနဲ့ ရန်မကင်း အပေါ် သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး ကူညီပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။
Otto Group ဟာ ၂၀၂၄ ခုနှစ်မှာ CCC အဖွဲ့ အပေါ် တရားဥပဒေအရ စတင်အရေးယူမှုတွေ ပြန်လည် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ CCC ဟာ ဒဏ်ကြေးသတ်မှတ်ချက်ပါရှိတဲ့ ရပ်ဆိုင်းပြီး ဆက်မလုပ်တော့ပါဘူးဆိုတဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးထားရပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ BAFA ဘက်မှ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါ။
ဒီအမှုဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အာရုံစိုက် စိတ်ဝင်စားခြင်းကို ခံရပေမယ့် သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကတော့ ငြင်းဆန်နေကြဆဲပါပဲ။ ဒါကြောင့် နစ်နာခဲ့ရတဲ့ အလုပ်သမား အများစုဟာ ပုံမှန် အိပ်ခန်းလောက်သာ ရှိတဲ့ အခန်းလေးကို အိမ်သဖွယ်နေထိုင်နေရပါတယ်။
ဗုဒ္ဓတရားတော်အရ “ ကံ ကံ၏ အကျိုး”လို့ တွေးပြီး မရှိရင် မစားဘူး၊ ရောဂါဖြစ်လာရင်လည်း မကုတော့ဘူးလို့ ဆိုလာတဲ့ မစန်းအေးကတော့ နစ်နာကြေးရရင် အကြွေးဆပ်ချင်တယ်။ သားအငယ်ရဲ့ ပညာရေးကို ပိုပြီးထောက်ပံ့ပေးချင်တယ်လို့ ဆိုပါတယ်။
သူက “ ကျွန်မ အကြွေးကြေရင်ကို သေပျော်ပါပြီ ”တဲ့။
#LabourRights #Myanmar #MigrantWorkers
#CanadaFund #CanadafundinThailand
@canadainthailand
#HaRDstories, #hrdstories
@HRDStories
#DeltaNewsAgency #DNA
@deltanewsagency