နျူကလီးယား သဘောတူညီချက်မလုပ်ရင် နောက်ထပ်တိုက်ခိုက်မှုတွေ ပိုဆိုးလိမ့်မယ်လို့ ထရမ့်က အီရန်ကို သတိပေး

“နောက်ထပ်တိုက်ခိုက်မှုက အများကြီး ပိုဆိုးလိမ့်မယ်။ အဲဒီလို ထပ်မဖြစ်ပါစေနဲ့” လို့ ထရမ့်က ရေးခဲ့ပါတယ်။ အမေရိကန်ရဲ့ရေတပ်အစုအဖွဲ့ဟာ အီရန်နိုင်ငံဆီကို ဦးတည်နေတယ်လို့လည်း သူက ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

၂၉၊ ဇန်နဝါရီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်နဲ့ ပတ်သက်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးပွဲလုပ်ဖို့နဲ့ သဘောတူညီချက်တခု ရယူဖို့ အီရန်ကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အဲဒီလိုမှမဟုတ်ရင် နောက်ထပ်လုပ်မယ့် အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အများကြီး ပိုဆိုးလိမ့်မယ်လို့ သူက ပြောပါတယ်။

ဒီ့အပေါ်မှာ တီဟီရန်ဘက်ကလည်း အမေရိကန်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံတဲ့သူတွေကို ပြန်လည်တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ပြီး တုံ့ပြန်ခဲ့ပါတယ်။

“အီရန်အနေနဲ့ စားပွဲဝိုင်းကို မြန်မြန်ဆန်ဆန် ရောက်လာပြီး တရားမျှတပြီး ညီမျှတဲ့ သဘောတူညီချက်တခုကို ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နျူကလီးယားလက်နက် လုံးဝမရှိတဲ့ အဖွဲ့အစည်းအားလုံးအတွက် ကောင်းမွန်တဲ့ သဘောတူညီချက်မျိုး ဖြစ်ရပါမယ်။ အချိန်က တကယ်ကို အရေးကြီးနေပြီ”လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန်စစ်အင်အားတွေ တိုးမြှင့်နေချိန်အတွင်းမှာပဲ ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက အီရန်နဲ့ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပါတယ်။

အခုသက်တမ်းမှာတော့ ထရမ့်ဟာ နောက်ဆုံးအကြိမ်သတိပေးခဲ့အပြီး မနှစ်က ဇွန်လမှာ စစ်ရေးအရ အီရန်ကို တိုက်ခိုက်ခဲ့ပါတယ်။

“နောက်ထပ်တိုက်ခိုက်မှုက အများကြီး ပိုဆိုးလိမ့်မယ်။ အဲဒီလို ထပ်မဖြစ်ပါစေနဲ့” လို့ ထရမ့်က ရေးခဲ့ပါတယ်။ အမေရိကန်ရဲ့ရေတပ်အစုအဖွဲ့ဟာ အီရန်နိုင်ငံဆီကို ဦးတည်နေတယ်လို့လည်း သူက ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

အမေရိကန်ဘက်က စစ်ရေးအရ တခုခုလုပ်လာရင် အမေရိကန်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံတဲ့သူတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ အကြံပေး အလီရှမ်ခါနီက ဗုဒ္ဓဟူးနေ့မှာ X  ကနေ ပြောလိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အရတ်ချီကလည်း အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ “ဘယ်လို ကျူးကျော်မှုမျိုးကိုမဆိုချက်ချင်းနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အတွက် မောင်းခလုတ်ပေါ် လက်တင်ပြီး အဆင်သင့်ရှိနေကြပြီ” လို့ X မှာ သတိပေးခဲ့ပါတယ်။

“တချိန်တည်းမှာပဲ အီရန်ဟာ နှစ်ဘက်စလုံးအတွက် အကျိုးရှိပြီး တရားမျှတတဲ့ နျူကလီးယား သဘောတူညီချက်မျိုးကိုအမြဲတမ်း ကြိုဆိုပါတယ်။ အဲဒီသဘောတူညီချက်ဟာ တန်းတူညီမျှမှု ရှိရမယ်၊ ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ကြောက်လန့်အောင်လုပ်တာတွေ မရှိရပါဘူး။ အီရန်ရဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယားနည်းပညာဆိုင်ရာ အခွင့်အရေးတွေကို အာမခံရမယ်၊ ပြီးတော့ နျူကလီးယားလက်နက် လုံးဝမရှိစေရဘူးဆိုတာကိုလည်း အာမခံရမယ်” လို့ အရတ်ချီက ထပ်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရန်ရဲ့ ဘာသာရေးအာဏာပိုင်တွေက ဆန္ဒပြပွဲတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့ပြီးနောက်အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်လာတဲ့အတွက် ဒီစစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက အာရှ-ပစိဖိတ်ဒေသကနေ စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

Ref – Reuters