လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို ပယ်ချပြီး အကြမ်းဖက် တိုက်ဖျက်ရေးသာ ဖြစ်တယ်လို့ စစ်အုပ်စုကိုယ်စားလှယ် ခုခံ

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာကိုလည်း စစ်အုပ်စုကိုယ်စားလှယ် ပယ်ချခဲ့ပြီး ဒါဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၇၊ ဇန်နဝါရီ။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုကိုယ်စားလှယ်က မနေ့က သောကြာနေ့မှာ စတင်ခုခံချေပလိုက်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ကျင့်သုံးမှုနဲ့ ပတ်သက်လို့ သမိုင်းဝင်ဖြစ်လာမယ့် ဒီကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်တွေဟာ အထောက်အထား မခိုင်လုံတဲ့ စွပ်စွဲချက်တွေအပေါ်မှာပဲ အခြေခံထားတာဖြစ်တယ်လို့ အဆိုပါ ကိုယ်စားလှယ်က တရားရုံးကို လျှောက်တင်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ပြုလုပ်တဲ့ ဒီကြားနာပွဲမှာ စစ်အုပ်စု ကိုယ်စားလှယ်အဖြစ် ဦးကိုကိုလှိုင်က တက်ရောက်လျှောက်လဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ရဲ့ အရေးပါမှုကို အပြည့်အဝ အသိအမှတ်ပြုပေမဲ့ နိုင်ငံတကာဥပဒေအရ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့တယ်ဆိုတာကိုတော့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

တကယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ ဆုံးဖြတ်ချက်ထွက်လာရင် ဒါဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်ဘယ်တော့မှ ဖျောက်ဖျက်လို့မရတဲ့ အမည်းစက်တခု ဖြစ်သွားမှာဖြစ်လို့ ဒီအမှုဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက်အခြေခံကျကျ အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံဟာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ်မှာပဲ မှီခိုနေတယ်လို့ ဦးကိုကိုလှိုင်က စွပ်စွဲခဲ့ပါတယ်။

အဆိုပါ အစီရင်ခံစာတွေဟာ ယုံကြည်စိတ်ချရမှု မရှိသလို ဘက်လိုက်မှုရှိကြောင်း၊ မြန်မာနိုင်ငံကိုတရားစီရင်မှုမပြုဘဲ ပြစ်ဒဏ်ခတ်လိုက်တာမျိုးသာ ဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာကိုလည်း စစ်အုပ်စုဘက်က ပယ်ချခဲ့ပြီး ဒါဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်သမားတွေ ရခိုင်မြောက်ပိုင်းမှာ စိတ်ကြိုက်လှုပ်ရှားနေတာကို မြန်မာနိုင်ငံအနေနဲ့ လက်ပိုက်ကြည့်နေဖို့ တာဝန်မရှိတာကတော့ ရှင်းပါတယ်” လို့ ဦးကိုကိုလှိုင်က တရားရုံးကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပဋိပက္ခတွေကြောင့် အရပ်သားတွေသေဆုံးခဲ့ရတာနဲ့ လူအမြောက်အမြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတာကိုတော့ သူက ဝန်ခံခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေရဲ့ တည်ရှိမှု ဒါမှမဟုတ် အခွင့်အရေးတွေကို မြန်မာနိုင်ငံက ငြင်းပယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက ငြင်းဆိုခဲ့ပြီး နိုင်ငံသားဖြစ်မှု၊ အသုံးအနှုန်းနဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားဆိုင်ရာ မေးခွန်းတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မသက်ဆိုင်ဘူးလို့လည်း ခုခံခဲ့ပါတယ်။

မြန်မာအနေနဲ့ ၂၀၂၀ ပြည့်နှစ်က တရားရုံးကထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ အပါအဝင် အမိန့်အားလုံးကိုလိုက်နာဆောင်ရွက်နေပြီး အကောင်အထည်ဖော်မှု အခြေအနေတွေကိုလည်း ပုံမှန်အစီရင်ခံနေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ နဲ့သဘာဝဘေးအန္တရာယ်တွေကြောင့် ကြန့်ကြာမှုတွေ ရှိခဲ့ရတာလို့ ရှင်းပြပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ကျူးလွန်ခဲ့ဆိုတဲ့ လုပ်ရပ်တွေက တဆင့် မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုများအရ ၂၀၁၇ ခုနှစ်မှာ အဆိုပါစစ်ဆင်ရေးတွေ အရှိန်မြင့်လာခဲ့ပြီး သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျေးရွာတွေ မီးရှို့ခံရမှုတွေအကြား ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိမှာ ရိုဟင်ဂျာ တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

Ref – UN