စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း ဧရာဝတီတိုင်းက အမျိုးသမီး တဆယ့်ခုနှစ်ဦး သေဆုံးခဲ့

“ဒီစစ်တမ်းကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေကနေ တဆင့်စောင့်ကြည့် မှတ်တမ်းယူထားသလို တချို့နေရာတွေမှာ မြေပြင်မှာ အချက်အလက်ကောက်ယူနိုင်တဲ့သူတွေရှိတယ်။ ဒါက ကျွန်မတို့ အတည်ပြုနိုင်တဲ့ စာရင်းဖြစ်တယ်။ အနည်မပြုနိုင်တာတွေ အများကြီးရှိနိုင်ပါသေးတယ် ”

၁ရ။ ဇန်နဝါရီလ။

ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးသေဆုံးသူ ၁၇ ဦးရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်တမ်းတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်ကောက်ယူမှု တွေ့ရှိချက်တွေအရ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် တနှစ်တာအတွင်းမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီး (၇၉၂) ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ ဧရာဝတီထဲမှာဆိုရင်လည်း လေယာဉ်နဲ့ ဗုံးကျဲတာတွေအပြင် အေအေနဲ့ ထိတွေ့တိုက်ပွဲဖြစ်လို့ စကစက စစ်ကြောင်းတက်လာတဲ့အချိန်မှာ လက်နက်ကြီးပစ်တာ၊ ဗုံးတွေပစ်တာတွေကြောင့် အရပ်သား အမျိုးသမီးတွေ ထိခိုက်သေဆုံးရတာတွေ ရှိတယ်ဆိုတာ တွေ့ရပါတယ် ” လို့ BWU ရဲ့ တွဲဖက်အအထွေထွေ အတွင်းရေးမှူး (၂) ဖြစ်သူ မယဉ်မျိုးလှိုင်က ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေဟာ ၆၂၁ ဦးထိရှိခဲ့ပြီး မြောက်ဦးဖြစ်စဉ်ကဲ့သို့ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်တမ်းအရ အမျိုးသမီး သေဆုံးမှုမှာ စစ်ကိုင်းတိုင်းက ၂၁၇ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ဒုတိယနဲ့ တတီယ အများဆုံး ပြည်နယ်နဲ့ တိုင်းတွေ ဖြစ်ကြပါတယ်။ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ကတော့ ၁၇ ဦးစီနဲ့ အဆင့် ၁၀ မှာရှိနေပါတယ်။

“ဒီစစ်တမ်းကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေကနေ တဆင့်စောင့်ကြည့် မှတ်တမ်းယူထားသလို တချို့နေရာတွေမှာ မြေပြင်မှာ အချက်အလက်ကောက်ယူနိုင်တဲ့သူတွေရှိတယ်။ ဒါက ကျွန်မတို့ အတည်ပြုနိုင်တဲ့ စာရင်းဖြစ်တယ်။ အနည်မပြုနိုင်တာတွေ အများကြီးရှိနိုင်ပါသေးတယ် ”

ဒီထဲမှာမှ ဧရာဝတီတိုင်းဟာ စစ်ပဋိပက္ခဖြစ်တဲ့ဒေသ အနည်းပဲ ရှိသေးတယ်ဆိုပေမယ့် ဒီနေရာတွေကို ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေး ခက်ခဲတာ၊ သတင်းအချက်အလက် လက်လှမ်းမမီနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် သတင်းမီဒီယာမှာပါတဲ့ အချက်အလက်ကိုပဲ စာရင်းပြုစုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

BWU အနေနဲ့ နိုင်ငံတကာကို တောင်းဆိုချက်အဖြစ် ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်မကနေ အလုံးစုံ ကင်းလွတ်ခွင့်ရနေတာတွေကို အဆုံးသတ်ဖို့နဲ့ ရှင်သန်လွတ်မြောက်လာသူတွေ အတွက် တရားမျှတမှုနဲ့ ကုစားခွင့်ကို အာမခံချက်ပေးနိုင်ဖို့၊ အကြမ်းဖက် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ကူညီပေးဖို့ ဆိုတဲ့အချက်ကို စစ်တမ်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။