
အထူးသဖြင့် အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်း တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပေမဲ့ ဘာထူးခြားတဲ့ သဘောတူညီချက်မှ မရဘဲအကျပ်ရိုက်ခဲ့တဲ့ နောက်တနေ့မှာပဲ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
၁၆၊ ဇန်နဝါရီ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လိုချင်နေတဲ့ ဂရင်းလန်းကျွန်းကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နေတိုး (NATO) တပ်ဖွဲ့ဝင်တွေကို အင်အားတောင့်တောင့်တင်းတင်းနဲ့ အမြဲတမ်းချထားဖို့ ဒိန်းမတ်နိုင်ငံက ပြင်ဆင်နေပါတယ်။
အဆိုပါ အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကြာသပတေးနေ့မှာပဲ ဥရောပနိုင်ငံတချို့က သူတို့ရဲ့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် တချို့ကို ဂရင်းလန်းကျွန်းဆီ စေလွှတ်လိုက်ကြပါတယ်။
အထူးသဖြင့် အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်း တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပေမဲ့ ဘာထူးခြားတဲ့ သဘောတူညီချက်မှ မရဘဲအကျပ်ရိုက်ခဲ့တဲ့ နောက်တနေ့မှာပဲ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲအပြီးမှာ သမ္မတထရမ့်ကတော့ အရင်ပြောဖူးတဲ့ စကားကိုပဲ ထပ်ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ရုရှား ဒါမှမဟုတ် တရုတ်ကသာ ဂရင်းလန်းကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်တဲ့ ဂရင်းလန်းကိုဒိန်းမတ်အနေနဲ့ အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ ယုံကြည်လို့ မရဘူးလို့ ဆိုလိုက်တာပါ။
မဟာဗျူဟာကျပြီး သယံဇာတ ကြွယ်ဝလှတဲ့ အဆိုပါကျွန်းဟာ အမေရိကန်ရဲ့ လုံခြုံရေးအတွက် အလွန်အရေးကြီးတာကြောင့်ကျွန်းကိုသိမ်းယူဖို့ လိုအပ်ရင် အင်အားသုံးဖို့အထိပါ ထရမ့်က ထည့်သွင်းစဉ်းစားနေတာပါ။
ဒါပေမဲ့ ဂရင်းလန်းနဲ့ ဒိန်းမတ်ဘက်ကတော့ ဒီကျွန်းဟာ ရောင်းဖို့မဟုတ်သလို၊ အင်အားသုံးမယ်ဆိုပြီး ခြိမ်းခြောက်တာဟာလည်းဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်လို့ တုံ့ပြန်ထားပါတယ်။
ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထရိုးလ်စ်လွန်ပေါလ်ဆင်ကတော့ ဂရင်းလန်းမှာ နေတိုးတပ်ဖွဲ့ဝင်တွေ တိုးချဲ့ချထားမယ့်အရေအတွက် အတိအကျကို အခုထိ မဆုံးဖြတ်ရသေးဘူးလို့ ကြာသပတေးနေ့က ကိုပင်ဟေဂင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ဒါပေမဲ့ တခုကတော့ ရှင်းပါတယ်၊ ၂၀၂၆ တနှစ်လုံးမှာ တပ်ဖွဲ့ဝင်တွေကို ပိုပြီးတောင့်တင်းအောင်၊ အမြဲတမ်းရှိနေအောင် စီစဉ်သွားမှာပါ။ အာတိတ်ဒေသ လုံခြုံရေးဟာ ဒိန်းမတ်နိုင်ငံအတွက်တင် မဟုတ်ဘဲ နေတိုးအဖွဲ့ဝင်အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုပြသဖို့ ဒါဟာ အလွန်အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။
ဂရင်းလန်းကိစ္စနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) ရဲ့ အင်အားကြီးနိုင်ငံတွေက ဒိန်းမတ်ဘက်က ရပ်တည်ပေးနေကြပါတယ်။နေတိုးအဖွဲ့ဝင် နယ်မြေတခုကို အမေရိကန်ကသာ စစ်ရေးအရ အင်အားသုံးသိမ်းပိုက်မယ်ဆိုရင် ဒါဟာ အမေရိကန်ကိုယ်တိုင်ဦးဆောင်နေတဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန်မှာပြုလုပ်တဲ့ အစည်းအဝေးမတိုင်ခင်မှာတင် ဂရင်းလန်းနဲ့ ဒိန်းမတ်တို့ဟာ နေတိုးမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကျွန်းပတ်ဝန်းကျင်မှာ စစ်ရေးအရ အင်အားတိုးချဲ့မှုတွေ စတင်နေပြီလို့ ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ဒိန်းမတ်ဟာ ဂရင်းလန်းကျွန်းပေါ်က အာတိတ်ဒေသ ပူးပေါင်းကွပ်ကဲမှုဌာနမှာ စစ်ဘက်နဲ့ အရပ်ဘက် ဝန်ထမ်းပေါင်း ၁၅၀ ခန့် ထားရှိထားပါတယ်။
ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေး၊ ဖင်လန်နဲ့ နယ်သာလန် နိုင်ငံတွေကလည်း ဒီနှစ်နှောင်းပိုင်းမှာလုပ်မယ့် စစ်ရေးလေ့ကျင့်မှုကြီးတွေအတွက် ပြင်ဆင်ဖို့ စစ်ဘက်ဝန်ထမ်းတွေ စေလွှတ်နေပြီလို့ ပြောပါတယ်။
ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ကီ ရပ်စ်မူးဆင်ရဲ့ အဆိုအရ လူဦးရေ ၅၇,၀၀၀ ခန့်ရှိတဲ့ ဂရင်းလန်းကျွန်းမှာ လက်ရှိအမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ ခန့် အခြေစိုက်နေတယ်လို့ ဆိုပါတယ်။ ဥရောပက တပ်ဖွဲ့ဝင် ဘယ်လောက်အထိ တိုးချဲ့သွားမလဲဆိုတာကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အခု စတင်စေလွှတ်တဲ့ အရေအတွက်ကတော့ နည်းတယ်လို့ သိရပါတယ်။
Ref – Reuters