မြန်မာစစ်တပ်ဟာ Facebook ကိုအသုံးချပြီး ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းတရား လှုံ့ဆော်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေ တင်ပြ

Facebook ကနေ ဖယ်ရှားလိုက်တဲ့ အကောင့် ၁၆၃ ခု၊ Page ၄၈၅ ခု၊ Group ၁၇ ခုနဲ့ Instagram အကောင့် ၁၆ ခုဟာ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကို IIMM (လွတ်လပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးယန္တရား) ရဲ့ စုံစမ်းစစ်ဆေးချက်တွေအပြင် New York Times သတင်းဌာနရဲ့ ၂၀၁၈ ခုနှစ် ဖော်ထုတ်ချက်တွေအရလည်း အတည်ပြုနိုင်ခဲ့တာပါ။

၁၄၊ ဇန်နဝါရီ။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာရှေ့နေ အာဆာလန် ဆူလေမန်က မြန်မာစစ်တပ်ဟာ Facebook လူမှုပလက်ဖောင်း ကို အသုံးချပြီး ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ စနစ်တကျ ပြန့်ပွားအောင် လုပ်ခဲ့တယ်လို့ အထောက်အထားတွေနဲ့ မနေ့က ကြားနာပွဲမှာ တင်ပြသွားခဲ့ပါတယ်။

Facebook ကနေ ဖယ်ရှားလိုက်တဲ့ အကောင့် ၁၆၃ ခု၊ Page ၄၈၅ ခု၊ Group ၁၇ ခုနဲ့ Instagram အကောင့် ၁၆ ခုဟာ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကို IIMM (လွတ်လပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးယန္တရား) ရဲ့ စုံစမ်းစစ်ဆေးချက်တွေအပြင် New York Times သတင်းဌာနရဲ့ ၂၀၁၈ ခုနှစ် ဖော်ထုတ်ချက်တွေအရလည်း အတည်ပြုနိုင်ခဲ့တာပါ။

အဆိုပါအကောင့်တွေကို ဖွင့်တဲ့နေရာမှာ စစ်တပ်ရဲ့ နည်းပညာဌာန (DSITD) အီးမေးလ်တွေ၊ အိုင်ပီလိပ်စာတွေနဲ့ ဒစ်ဂျစ်တယ်ကွတ်ကီး (Digital Cookies) တွေကို သုံးထားတာမို့ ဒါဟာ အောက်ခြေဝန်ထမ်းတွေ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာဆိုတဲ့ မြန်မာဘက်က ငြင်းချက်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

စစ်တပ်လို တင်းကျပ်တဲ့ အမိန့်ပေးစနစ်ရှိတဲ့ အဖွဲ့အစည်းမှာ အထက်က ခွင့်ပြုချက်မပါဘဲ စစ်တပ်အဆောက်အအုံတွေထဲကနေ အခုလို နှစ်ပေါင်းများစွာ လုပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထောက်ပြသွားပါတယ်။

၂၀၁၇ နယ်မြေရှင်းလင်းရေး ကာလအတွင်းမှာ ဒီစစ်တပ်ကွန်ရက်ကနေ အမုန်းစကားပါတဲ့ အကြောင်းအရာပေါင်း ၁၀,၀၀၀ ကျော်ကို ဖြန့်ဝေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီဝါဒဖြန့်မှုတွေထဲမှာ

အဆိုးဆုံးကတော့ နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာက ဂျူးတွေကို သတ်ခဲ့တာကို တရားမျှတတယ်လို့ ရေးသားပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်တာဟာလည်း အဲဒီလိုပဲ လက်စားချေတာဖြစ်လို့ မှန်ကန်တယ်ဆိုတဲ့ ပုံစံမျိုး ဝါဒဖြန့်ခဲ့တာပါ။

စစ်တပ်ဟာ သူတို့ရဲ့ ဝါဒဖြန့်မှုတွေမှာ အစွန်းရောက်ဘုန်းကြီးတွေကိုလည်း ငွေကြေးနဲ့ လက်ဆောင်တွေပေးပြီး အသုံးချခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီထဲမှာ မဘသအဖွဲ့ ၊  ဦးဝီရသူရနဲ့

သီတဂူဆရာတော်တို့ ပါဝင်ပါတယ်။

သီတဂူဆရာတော်

စစ်တပ်ထဲမှာ ဟောခဲ့တဲ့ “ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကို သတ်တာဟာ အပြစ်မကြီးဘူး၊ တိရစ္ဆာန် သတ်တာနဲ့တူတူပဲ” ဆိုတဲ့ ဟောပြောချက်ကိုလည်း စစ်တပ်အကောင့်တွေကနေ ၁၁ ကြိမ်တိုင်တိုင် ပြန်ဖြန့်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို အထက်ကနေ စနစ်တကျ မှိုင်းတိုက်ခဲ့တာကြောင့်ပဲ အောက်ခြေစစ်သည်တွေကြားမှာ အစွန်းရောက်အမြင်တွေ စွဲမြဲသွားပြီး အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ထက် သူတို့အပေါ် အကြမ်းဖက်တာကို အားပေးအားမြှောက်လုပ်ပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်ဆိုတာကို  Facebook Campaign  လှုံ့ဆော်မှုက အထင်အရှား သက်သေပြနေတယ်လို့ ဆူလေမန်က တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။