အမေရိကန်ရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း မာဒူရိုမှာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
၉၊ ဇန်နဝါရီ။
ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့တယ်လို့ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယိုဒါဒို ကာဘယ်လိုက ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားအစိုးရဘက်က သေဆုံးသူအရေအတွက်ကို အခုမှ ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားစစ်တပ်ကတော့ သေဆုံးသွားတဲ့ စစ်သား ၂၃ ဦးရဲ့ အမည်စာရင်းကို ထုတ်ပြန်ထားပြီး သေဆုံးသူတွေထဲမှာ မာဒူရိုရဲ့ လုံခြုံရေးအဖွဲ့ဝင် အများအပြားလည်း ပါဝင်နေပါတယ်။
အဲဒီလုံခြုံရေးအဖွဲ့ဝင်တွေဟာ “သွေးအေးအေးနဲ့ သတ်ဖြတ်ခံခဲ့ရတာ” လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားမှာ ရောက်ရှိနေတဲ့ ကျူးဘားစစ်ဘက်နဲ့ ထောက်လှမ်းရေးအဖွဲ့ဝင် ၃၂ ဦးလည်း ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ကျူးဘားအစိုးရဘက်က အတည်ပြုထားပါတယ်။
စစ်ဆင်ရေးအတွင်း သမ္မတမာဒူရိုနဲ့အတူ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အမေရိကန်ရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း မာဒူရိုမှာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
လတ်တလောမှာတော့ ဗင်နီဇွဲလားရဲ့ ယာယီသမ္မတအဖြစ် ဒယ်လ်စီ ရော့ဒရီဂွက်ဇ်က တာဝန်ယူထားပါတယ်။
ယာယီသမ္မတ ရော့ဒရီဂွက်ဇ်ဟာ တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သည်တွေအတွက် ရည်စူးကာ တပတ်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး ကာရာကတ်စ်မြို့မှာ သေဆုံးသွားတဲ့ စစ်သည်တွေအတွက် ဈာပနအခမ်းအနားကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။
Ref – BBC