ရွေးကောက်ပွဲကပြောတဲ့ ဧရာဝတီစစ်ရေးအခြေအနေ

စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာ ၂၇ အုပ်စုကို ကြေညာခဲ့ပေမယ့် မြေပြင်မှာတော့ ဒါ့ထက်ပိုပြီး စစ်ရေးဧရိယာက ကျယ်ပြန့်နေနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

၃၀၊ဒီဇင်ဘာ။

အာဏာသိမ်းစစ်တပ် စိတ်တိုင်းကျ စီမံခဲ့ပြီး ရွေးကောက်ပွဲ ပထမအသုတ်ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာပါတဲ့ အချက်အလက်တွေကပဲ စစ်တပ်ဟာ ဧရာဝတီတိုင်းမှာ စစ်ရှုံးနေပြီး မြို့နယ် လေးမြို့နယ်အတွင်းက ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၃၀ နီးပါး လက်လွှတ်ထားရတယ်ဆိုတာ ဝန်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်တာ ဘယ်နေရာတွေလဲ
ဒီဇင်ဘာ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင် တော့မယ့် ကျေးရွာအုပ်စု လေးခုရဲ့ စာရင်းကို ကြေညာခဲ့ပါတယ်။ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ ဘောမိကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအုပ်စုနဲ့ သာပေါင်းမြို့ နယ် သစ်ဖြူကျေးရွာအုပ်စု၊ ကျွန်းလျှားကြီးကျေးရွာတွေ ပါဝင် ခဲ့ပါတယ်။

သာပေါင်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၂ ခုထဲမှာ ကျေးရွာပေါင်း ၁၀ ရွာလောက် ပါဝင်ပြီး ပုသိမ်မြို့နယ်ထဲက ကျေးရွာအုပ်စု ၂ ခုထဲမှာတော့ ကျေးရွာပေါင်း ၂၀ လောက် ပါဝင်နေတယ်လို့ ၂၀၁၅၊၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်လုံးမှာ သာပေါင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် မဲအနိုင်ရခဲ့တဲ့ ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့မယ့် နေရာတွေကို ထပ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီတကြိမ်ကြေညာ တဲ့ အထဲမှာတော့ မြို့နယ် ၂ မြို့နယ်အတွင်းက ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စု ပါဝင်လာခဲ့ပါတယ်။

ရေကြည်မြို့နယ်ထဲက ကက္ကူကြီး ၊ သက္ကယ်ပြင်၊ ရွာသစ်ကြီး နဲ့ ပန်းပုကွင်းကျေးရွာအုပ်စုတွေနဲ့ လေးမျက်နှာမြို့နယ်ထဲက ဒေါင့်ကြီး ၊ မယ်ဇလီ၊ ယင်းဆယ် ၊ခြောက်ဆယ်၊ သောင်ဘုတ်၊ ကြီးပေါက်ကုန်း ၊ပန်းတောကြီး၊ ကွမ်းခြံကုန်း၊ ဘဲ့ပြားကုန်း ၊ ဝါးတောကွင်း၊ချင်းကုန်း ၊ သဲနုကုန်း၊ မိုးကုတ်၊ လှည်းထောက်ကွင်း၊ လှော်ကထား ၊ကွင်းကြီး ၊ ဝတ်ကုန်း၊ ကညင်တိုင် နဲ့ ချင်းလယ် ကျေးရွာအုပ်စု ၁၉ စုဖြစ်ပါတယ်။

ရေကြည်မြို့နယ်ထဲက ကျေးရွာအုပ်စု ၄ စုမှာ ကျေးရွာပေါင်း ၂၀ ကျော်ပါဝင်နိုင်ပြီး လေးမျက်နှာမြို့နယ်ထဲက ၁၉ အုပ်စုမှာတော့ ကျေးရွာ ၁၈၀ နဲ့ ၁၉၀ ကြား ပါဝင်နိုင်တယ်လို့ ဒီချုပ်ပါတီရဲ့ လေးမျက်နှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအုပ်စု ၁၉ စုထဲမှာ ချင်းကုန်းကျေးရွာအုပ်စုမှာ ရွာပေါင်း ၁၀ ရွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်သလို ၊ သဲနုကုန်း၊လှည်းထောက်ကွင်း၊လှောက်ကထား စတဲ့ ကျေးရွာအုပ်စုတွေဟာလည်း အုပ်စုကြီးတွေဖြစ်ပြီး တအုပ်စုကို ကျေးရွာ ၉ ရွာစီ စုဖွဲ့ထားကြတာ ဖြစ်ပါတယ်။ လှော်ကထ ကျေးရွာအုပ်စုဟာ လေးမျက်နှာမြို့နယ်ရဲ့ မြစ်အနောက်ဘက်ခြမ်းမှာ တခုတည်းသော တိုက်နယ်ဆေးရုံရှိတဲ့ ကျေးရွာအုပ်စုကြီးလည်း ဖြစ်ပါတယ်။

အခုကြေညာခဲ့တဲ့ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအုပ်စုတွေထဲမှာ ယင်းဆည်လို ကျေးရွာအုပ်စု တခုလုံးကို တရွာတည်းနဲ့ စုဖွဲ့ထားတဲ့ ကျေးရွာအုပ်စု ပါသလို ကညင်တိုင်းကျေးရွာအုပ်စုဆိုရင်တော့ သူ့အုပ်စုထဲမှာ ကျေးရွာပေါင်း ၁၉ ရွာပါဝင်နေတဲ့ ကျေးရွာအုပ်စုကြီးမျိုးလည်း ပါဝင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုလို ဧရာဝတီတိုင်းအတွင်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တွေထဲက ကျေးရွာအုပ်စုတွေဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ရခိုင်ရိုးမတောင်ခြေနဲ့ ထိစပ်နေတဲ့ ကျေးရွာအုပ်စုတွေ ဖြစ်သလို ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ အခြေစိုက်တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ) ၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ အနီးမှာရှိတဲ့ အမတ ၃၄၄ ၊ ခရိုင်မြို့ကြီးဖြစ်တဲ့ ဟင်္သာတမြို့ရဲ့ ခလရ ၁၈ ၊ ကွင်းကောက်မြို့မှာရှိတဲ့ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တတက(၅) အစရှိတဲ့ ဧရာဝတီတိုင်းရဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာဌာနတွေနဲ့ အလွန်နီးကပ်တဲ့ အနေအထားမှာ ရှိတဲ့ ကျေးရွာတွေ ဖြစ်နေတဲ့ အပြင် ဧရာဝတီတိုင်းနဲ့ အထက်အညာကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးတခုဖြစ်တဲ့ ပုသိမ်-မုံရွာလမ်းမကြီးကို ဆုံးရှုံးလိုက်ရတာလည်း ဖြစ်ပါတယ်။

စစ်တပ်လော်ဘီ ဝါဒဖြန့်သူတွေ အနေနဲ့ ဧရာဝတီတိုင်းကို စစ်တပ်က ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ပြီး စစ်ပွဲတွေဟာ နေရာအချို့မှာသာ ကြို့ကြားဖြစ်နေပြီး တိုင်းတခုလုံးဟာ ပွဲလမ်းတွေ၊အလှူအတန်းတွေနဲ့ အေးချမ်းနေတယ်လို့ ပုံဖေါ်နေကြပေမယ့် အခု ရွေးကောက်ပွဲမှာ ကျေးရွာပေါင်း ၂၀၀ ကျော် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုတာကိုတော့ လက်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာလည်း စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာ ၂၇ အုပ်စုကို ကြေညာခဲ့ပေမယ့် မြေပြင်မှာတော့ ဒါ့ထက်ပိုပြီး စစ်ရေးဧရိယာက ကျယ်ပြန့်နေနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ၂၀၁၅ ရော ၂၀၂၀ မှာပါ သာပေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်ခင်မိုးဝါကတော့ သာပေါင်းမြို့နယ် ထဲမှာ တိုက်ပွဲတွေ ကြိုကြား ကြိုကြား ဖြစ်နေတဲ့ ဧရိယာဟာ အခုစာရင်းမှာပါတဲ့ ကျေးရွာအုပ်စု ၂ ခုထက် မကဘူးလို့ဆိုပါတယ်။

“မြေပြင်မှာ မငြိမ်သက်မှုက အခုစာရင်းထက် ပိုကျယ်တာပေါ့၊ အုပ်စု တစုနဲ့ တစုကလည်း ဆက်စပ် နေတာကိုး ။ ကျွန်းလျှားကြီး အုပ်စုနဲ့ ဆက်နေတဲ့ ပျဉ်းမထုံးအုပ်စုထဲမှာရှိတဲ့ တောင်ဝါးရားတို့ တောင်ထန်းတို့ရွာတွေမှာလည်း ရွေးကောက်ပွဲ လုပ်နိုင်ဖို့ မသေချာလောက်ဘူး။ လုပ်နိုင်ခဲ့ရင်တောင် မဲပေးဖို့ လူတွေမှ မရှိတော့တာ”လို့ ပြောပါတယ်။

🔹 တနှစ်ပြည့် စစ်ပွဲတွေ

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်တပ်ဟာ ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးမှာ ရှိနေတဲ့ ဂွမြို့ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း စစ်မီးဟာ ဆက်တိုက်ဆိုသလို ဧရာဝတီတိုင်းအတွင်းက ဧရိယာတွေအထိပါ ကူးစက်လာခဲ့တာ ဖြစ်ပါတယ်။ ဂွမြို့ကို ဆုံးရှုံးလိုက်ရပြီး ဂွမြို့နယ်နဲ့ တဆက်တည်းရှိနေတဲ့ ကမ်းရိုးတန်း ဒေသတွေဖြစ်တဲ့ မကျီးဇင်၊ ဘောမိ ၊ မကျီးပင်ချိုင်၊ မီးလောင်ချိုင် ကျေးရွာတွေအထိ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေက ရောက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်က တိုက်ပွဲတွေဟာ နာမည်ကြီးကမ်းခြေတွေဖြစ်တဲ့ ရွှေသောင်ယံ၊ချောင်းသာ၊ငွေဆောင် ကမ်းခြေတွေအထိ သက်ရောက်မှု ရှိခဲ့ပြီး ဟိုတယ်တွေ ပိတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊သာပေါင်း၊ရေကြည်၊လေးမျက်နှာ မြို့နယ်တွေအတွင်းကို တပြိုင်နက် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး ရေကြည်နဲ့ လေးမျက်နှာ မြို့နယ်တွေ ထဲမှာတော့ ဧရာဝတီတိုင်းရဲ့ အဓိကကျတဲ့ လမ်းပိုင်းဖြစ်တဲ့ ပုသိမ်-မုံရွာလမ်းကြီးကို ဖြတ်တောက် ပိတ်ဆို့နိုင်ဖို့ ဦးတည်ခဲ့တာကို တွေ့ရပါတယ်။

ရခိုင်ရိုးမ တောင်ခြေကနေ ဧရာဝတီတိုင်းနဲ့ အထက် အညာကို အဓိက ဆက်သွယ်ထားတဲ့ ပုသိမ်-မုံရွာလမ်းမကြီး အကြားက ကျေးရွာတွေကို သိမ်းပိုက်နိုင်ခဲ့ရာကနေ ၊ ပုသိမ်-မုံရွာလမ်းမကြီး အရှေ့ခြမ်းမှာရှိတဲ့ ပန်းတောကြီးကျေးရွာကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဟာ ဧပြီလအတွင်းမှာ ရောက်ရှိလာခဲ့ပြီး ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်) မှာ ထိန်းချုပ်လိုက်နိုင်တယ်လို့ သတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

အဲဒီလိုပဲ တဖက်မှာလည်း ပူးပေါင်းတပ်ဖွဲ့တွေဟာ ရန်ကုန်-ငသိုင်းချောင်း-ဂွလမ်းပေါ်မှာ ရှိပြီး ဧရာဝတီ၊ရခိုင်ပြည် ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာ အကြီးဆုံး စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သလို ထိုးစစ် ဟာ စစ်တပ်ရဲ့ အမတ ၃၄၄ ကို ခြိမ်းခြောက်နိုင်တဲ့အထိ ကျယ်ပြန့်လာတာ တွေခဲ့ရပါတယ်။

ရွေးကောက်ပွဲနီးလေစစ်ရေးအရှိန်မြှင့်လေစစ်တပ် အနေနဲ့ ဧရာဝတီတိုင်းအတွင်း အခုလို ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုကို လွယ်လွယ် လက်လျှော့ခဲ့တာ မဟုတ်ပဲ စက်တင်ဘာ ၊ နိုဝင်ဘာ ၊ အောက်တိုဘာ လတွေအတွင်းမှာ အဲဒီဒေသတွေကို ပြန်ထိန်းချုပ်နိုင်ပြီး သူတို့စိတ်ကြိုက် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အင်အားအလုံးအရင်း ဖြည့်တင်းပြီး ကြိုးစားခဲ့သေးတာ တွေ့ရပါတယ်။

အထူးသဖြင့် ရှမ်းမြောက်က လားရှိုး ၊ သီပေါ စတဲ့ ဧရိယာတချို့ကို တရုတ်အစိုးရ ဖိအားပေးမှုနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့ အပစ်ရပ်စဲရေး သဘောတူနိုင်ခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ စစ်မြေပြင်တွေကို စစ်တပ်က အင်အားဖြည့်တင်းနိုင်ခဲ့တာပါ။

ရခိုင်နဲ့ဧရာဝတီ စစ်မျက်နှာပြင်တွေမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ တပ်အင်အား ဖြည့်တင်းတာ၊ လက်နက်ကြီးပစ်ကူ ပေးတာ၊ လေယဉ် ၊ ဒရုန်း ၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ခဲ့တာကို တွေ့ရပါတယ်။

“အခုရက်ဆိုရင် လက်နက်ကြီးတွေနဲ့ အချိန်ပြည့် ပစ်နေတယ်။နောက် ပါရာမော် တာ (စက်တပ်လေထီး)တွေ၊လေယာဉ်နဲ့လည်း လာကြဲတယ် နော်”လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီချုပ်ပါတီရဲ့ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ စစ်ရှောင်တွေ ရှိတဲ့နေရာတွေ၊ဘုန်းကြီးကျောင်းတွေ ရှိတဲ့နေရာတွေကို ဦးတည်ပြီး ပစ်နေတဲ့ အခြေအနေကြောင့် နေ့စဉ်နဲ့အမျှ ဒါဏ်ရာရတာတွေ၊သေဆုံးတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ လေးမျက်နှာမြို့နယ်ထဲက လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ဧရိယာအတွင်းမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ကပဲ လက်နက်ကြီးထိပြီး လူတဦး လက်နဲ့ခြေထောက်တွေမှာ ပြတ်ထွက်ဒဏ်ရာနဲ့ သွေးလွန် သေဆုံးခဲ့တယ်လို့ ဒေါ်ချိုချိုဝင်းက ရှင်းပြပါတယ်။

🔹 မြို့နယ်ဧရိယာရဲ့ တဝက်ကျော် ရွေးကောက်ပွဲ မလုပ်နိုင်တော့ပါ

လေးမျက်နှာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၅ ခုရှိပြီး ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စု ရှိနေရာမှာ အခုဆို ကျေးရွာအုပ်စုပေါင်း ၁၉ အုပ်စုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။ ဒါဟာ ဧရိယာအရ လေးမျက်နှာမြို့နယ်ထဲက ငဝန်မြစ် အနောက်ဘက်ခြမ်းက ကျေးရွာအုပ်စုအားလုံးနီးပါး ပါဝင်ခဲ့တာဖြစ်ပြီး ဧရိယာအရ လေးမျက်နှာမြို့နယ်ရဲ့ သုံးပုံ နှစ်ပုံ အကျယ်အဝန်း ရှိပါတယ်။

မြို့နယ်ထဲမှာ ဖြတ်စီးဆင်းတဲ့ ငဝန်မြစ်ကို ပိုင်းခြားပြီး လေးမျက်နှာမြို့နယ်ကို ငဝန်မြစ် အရှေ့ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်းဆိုပြီး ခေါ်လေ့ရှိကြပါတယ်။ ငဝန်မြစ် အနောက်ဘက်ခြမ်းမှာ ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စု ရှိတာဖြစ်ပြီး အခုရွေးကောက်ပွဲ မကျင်းပနိုင်တာ ၁၉ အုပ်စုမှာ မြစ်အနောက်ဘက်ခြမ်း ၁၈ အုပ်စုပါဝင်ပြီး မြစ်အရှေ့ဘက်ခြမ်းက သောင်ဘုတ်ကျေးရွာအုပ်စု တခုလည်း ပါဝင်လာတာ တွေ့ရပြီး သောင်ဘုတ်အုပ်စုမှာ ရွာအားဖြင့် ကျေးရွာသုံးရွာ ပါဝင်နေပါတယ်။

“ကျွန်မတို့တုန်းက ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၁၉၅ ရုံ ရှိခဲ့တာကိုး။အဲဒီမှာတော့ ဘိသလွန်တို့ ပါမယ်။ အခု ၁၉ အုပ်စုမှာ အနည်းဆုံးတော့ ရွာပေါင်း ၁၈၀ နဲ့ ၁၉၀ နီးပါး ရှိမယ်”လို့ ဒီချုပ်လေးမျက်နှာကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ပြောပါတယ်။လူဦးရေအားဖြင့် မြစ်အရှေ့ဘက်ခြမ်းက ပိုများတယ်ဆိုပေမယ့် ဧရိယာအားဖြင့်တော့ မြစ်အနောက်ဘက်ခြမ်းက ပိုကျယ်ဝန်းတယ်လို့လည်း ဒေါ်ချိုချိုဝင်းက ထောက်ပြပါတယ်။

🔹 စစ်ရှုံးနေလို့ ပြည်သူ့စစ်နဲ့ ကျားကန်

တကယ်တော့ စစ်တပ်က အခုလို ဧရိယာတဝက်ကျော် ဆုံးရှုံးထားတဲ့ လေးမျက်နှာမြို့နယ်ဟာ စစ်တပ်ထောက်ခံသူ များသလို ပြည်သူ့စစ် နဲ့ မဘသ အားကောင်းတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စစ်တပ်ဟာ အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကို စစ်ရေးအရ မနိုင်တဲ့အခါမှာ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး ကျားကန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

DNA အနေနဲ့ ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းပြီး စုဆောင်းခဲ့တဲ့ အချက်အလက်တွေအရ စစ်တပ်ဟာ ပန်းတောကြီး ပြည်သူ့စစ် ၊ယင်းဆယ်ပြည်သူ့စစ် ၊ဘိသလွန်၊ ခတ္တူပြည်သူ့စစ် အဖွဲ့တွေကို စစ်သင်တန်းပေ; လက်နက်တပ်ပေးခဲ့တာ တွေ့ခဲ့ရပါတယ်။

🔹 ပန်းတောကြီးပြည်သူ့စစ်အဖွဲ့
အင်အား ၆၀ ကျော်ရှိပြီး ပန်းတောကြီး ၊လယ်တံငယ်၊ ကျောက်စရစ်ကုန်း၊ စာစီကုန်း စတဲ့ကျေးရွာတွေက သူတွေကို စုဖွဲ့ပြီး ကွင်းကောက် တိုင်းဗဟို(၅)က အရာရှိတွေကိုယ်တိုင် ပန်းတောကြီး ဘောလုံးကွင်းမှာ စစ်သင်တန်း ပေးခဲ့တယ်လို့ သိရပါတယ်။ စစ်သင်တန်းဆင်း ပြည်သူ့စစ်တွေကိုလည်း စစ်တပ်က လက်နက် ၅၀ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

🔹 ယင်းဆယ်ပြည်သူ့စစ်အဖွဲ့
အင်အား ၆၀ ကျော်ရှိပြီး ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ စစ်တပ်က လက်နက် ၃၀ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

🔹 ဘိသလွန်ပြည်သူ့စစ်
ဘိသလွန်၊ခတ္တူကျေးရွာအုပ်စုတွေကတော့ လေးမျက်နှာတံတားအဆင်းက ကျေးရွာအုပ်စုတွေဖြစ်ပြီး အခု ကြေညာတဲ့ ၁၉ အုပ်စုထဲ မပါဝင်သလို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ အလွန်အားကောင်းတဲ့ ကျေးရွာအုပ်စုတွေ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာအုပ်စုတွေမှာ ၂၀၂၀ ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရခဲ့ပါတယ်။

🔹 ဘိသလွန် ဒေသခံတွေအပြင် အနီးအနား ဝန်းကျင်ရွာတွေက ရွာသားတွေနဲ့ စုဖွဲ့ထားတဲ့ ဘိသလွန် ပြည်သူ့စစ်အဖွဲ့မှာ ၂၀၂၅ ခုနှစ် မေလမှာ ပြည်သူ့စစ်သင်တန်း အပါတ်စဉ် ၂ အပြီး စာရင်းတွေ အရ ဘိသလွန်ရွာက ၄၀ ဦး၊ ခတ္တူနဲ့ ဇီးတောကျေးရွာက ၃၀ ဦး ၊ ကရင်တောရွာမှ ၂၀ ဦး ၊ ဗောဒိရွာက ၂၀ ဦး ၊ နင်းကြမ်းရွာက ၃၀ ဦး ၊ သောင်စုရွာက ၂၀ ဦး ၊ ကျွန်းဦးရွာက ၂၀ ဦး စုစုပေါင်း အင်အား ၁၈၀ ရှိနေပါတယ်။

အဲဒီဘိသလွန် ပြည်သူ့စစ်အဖွဲ့တွေဟာ လက်ရှိအချိန်မှာလည်း စစ်တပ်နဲ့ ပူးပေါင်းပြီး လေးမျက်နှာ တံတားလုံခြုံရေးကို တာဝန်ယူထားကြသလို ပန်းတောကြီးကျေးရွာအနီး ဆီဆုံကုန်း စစ်မျက်နှာမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး တိုက်ပွဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

ဘိသလွန်ပြည်သူ့စစ်အဖွဲ့ရဲ့ လက်နက်အင်အား အတိအကျကို မသိရပေမယ့် ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်တဦးရဲ့ ခန့်မှန်းမှုအရ လက်နက် ၁၀၀ ခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း စစ်တပ်ဟာ လေးမျက်နှာမြို့နယ်ထဲမှာ အကြီးအကျယ် စစ်ရှုံးခဲ့ပြီး လက်ရှိအချိန်အထိ စစ်မီးဟာ ငဝန်မြစ် အရှေ့ခြမ်း လေးမျက်နှာ၊အိုင်သပြုမြို့တွေဆီကို ကူးစက်မလာအောင် ကျားကန်နေရတဲ့ အခြေအနေသာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလမှာ တပ်ချုပ်ကို မျက်နှာမပျက်ရစေဖို့ နတခစစ်တိုင်းမှူးအနေနဲ့ အရပ်သားပစ်မှတ်တွေ ၊ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကို နေ့စဉ်ဗုံးကြဲနေပေမယ့် လက်လွှတ်ထားရတဲ့ မြေပြင်ဆုံးရှုံး ဧရိယာတွေကိုတော့ ဆုပ်ဆုပ်ကိုင်ကိုင် ပြန်ယူနိုင်တဲ့ အခြေအနေမှာ မရခဲ့ပါဘူး။

တဖက်မှာလည်း လေးမျက်နှာမြို့နယ်ကို ရွေးကောက်ပွဲရဲ့ တတိယအသုတ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပဖို့ စာရင်းသွင်းထားတာ ဖြစ်ပြီး အချိန်မှီ နယ်မြေမစိုးမိုးနိုင်တော့တဲ့အတွက် အခုလို မြို့နယ်ဧရိယာ တဝက်ကျော် ၊ ငဝန်မြစ် အနောက်ဘက်ခြမ်း ကျေးရွာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်ဧရိယာတွေမှာ အခုလို စစ်တပ်ဘက်က ရွေးကောက်ပွဲ မလုပ်နိုင်တော့တဲ့ အခြေအနေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ်ကာလကို ဦးတည်နေတာလို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“နယ်မြေတွေ ကျုံ့သွားဖို့ များတယ်။အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတရပ်လုံးက အယုံအကြည်မဲ့တယ်။ပြည်သူတရပ်လုံးကလည်း ရတဲ့နည်းနဲ့ တော်လှန်တယ်၊ပုန်ကန်တယ်၊တိုက်ထုတ်နေတယ်”လို့ မှတ်ချက်ပေးပါတယ်။

🔹 စိုးမိုးနယ်မြေ အုပ်ချုပ်ရေးတွေ စတင်နေပြီ
ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာ ဖြစ်တဲ့အတွက် လူထုထောက်ခံမှု မရှိတဲ့ ရွေးကောက်ပွဲက ရှုပ်ထွေးမှုကို ပိုပြီးသာ ဖြစ်ထွန်းစေတယ်လို့ အာရက္ခတပ်တော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဩဂုတ်လ ၁၁ ရက်နေ့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ဖူးပါတယ်။

“စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်လို့ ရနိုင်ပေမယ့်လည်း ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

ရခိုင်ကမ်းရိုးတန်းနဲ့ ဆက်နေတဲ့ ပုသိမ်မြို့နယ်ထဲက ကျေးရွာတွေ ၊ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ သာပေါင်းမြို့နယ်ထဲက ကျေးရွာတွေ ၊ ရေကြည်မြို့နယ်ထဲက ကျေးရွာတွေ၊ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေမှာ အာရက္ခတပ်တော်နဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေဘက်က ဒေသအုပ်ချုပ်ရေးတွေကို စတင်နိုင်ခဲ့တာ တနှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းနဲ့ ဆက်စပ်နေပြီး ရခိုင်လူမျိုး အများစုနေထိုင်ကြတဲ့ ပုသိမ်မြို့နယ်တွေထဲက ကမ်းခြေဒေသတွေနဲ့ သာပေါင်းမြို့နယ်ထဲက ကျေးရွာအုပ်စုတွေကို အာရက္ခတပ်တော်က ဒေသအုပ်ချုပ်ရေးတွေ စီမံနေပြီလို့ ဒေသခံတွေက အတည်ပြုချက်ပေးပါတယ်။

အဲဒီလိုပဲ ကုန်းတွင်းပိုင်းတွေဖြစ်ပြီး ကရင်လူမျိုး၊ဗမာနဲ့ ရခိုင်အနည်းစု နေထိုင်ကြတဲ့ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေထဲက ကျေးရွာအုပ်စုတွေမှာတော့ ဧရာဝတီတိုင်းအခြေပြု တော်လှန်ရေးတပ်ဖွဲ့တွေက ခွဲဝေအုပ်ချုပ်နေတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force) က တာဝန်ယူ စီမံနေပြီး လေးမျက်နှာမြို့နယ်ထဲကိုတော့ ဗျူဟာ ၂၉ တပ်ဖွဲ့ စီမံအုပ်ချုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပေးပါတယ်။

PLF တပ်ဖွဲ့ဟာ ဧရာဝတီတိုင်းအတွင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ၊CDM တွေ၊ ဒေသခံ လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်တခုဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ထိန်းချုပ်မှုအောက်မှာ ရှိမနေပဲ သီးခြားရပ်နေတဲ့ တပ်ဖွဲ့ တခုဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့ စစ်မျက်နှာ တိုက်ပွဲတွေ အတွင်းမှာ PLF လိုမျိုး MOD အောက်က မဟုတ်ပဲ သီးခြားရပ်တည်နေတဲ့ တပ်ဖွဲ့ ၆ ဖွဲ့ခန့် ရှိနေတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်ကိုတော့ MOD လက်အောက်ခံဖြစ်ပြီး ဧရာဝတီတိုင်းတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေနဲ့ စုဖွဲ့ထားတဲ့ ဗျူဟာ ၂၉ က အုပ်ချုပ်ရေးပိုင်းတွေကို စတင်နေတာပါ။ ဒါ့အပြင် ဗျူဟာ ၂၉ ရှိရာ ဧရိယာဖြစ်တဲ့ လေးမျက်နှာမြို့နယ်ထဲမှာ အညာနဲ့ တောင်ပိုင်းတိုင်း စစ်ဒေသတွေမှာ အခြေအစိုက် စုဖွဲ့ထားတဲ့ 96 Soldiers-PDF အဖွဲ့ကလည်း ပူးပေါင်းပါဝင် တိုက်ပွဲဝင်နေပြီလို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုထားပါတယ်။