
ဒလန်ရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်ရအောင်လည်း သူ့ထက် အဆပေါင်းများစွာ ဆိုးတဲ့သူတွေ မအူပင်မှာ ရှိနေတာပဲလေ။ သူ့လောက်က စာရင်းရှင်းလောက်စရာလည်း မဟုတ်ပါဘူး။ တခြားအကြောင်းအရာတွေ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ် ”
၂၉၊ ဒီဇင်ဘာလ။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ၇ ရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးသန်းဝင်း ဆိုသူဟာ ရွေးကောက်ပွဲအလွန် ဒီကနေ့မနက် အစောပိုင်းမှာ ဆိုင်ကယ် ကယ်ရီလိုက်ရင်း လည်ပင်းပြတ်ရှ ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပေမယ့် ဒီသေဆုံးမှုဟာ ရွေးကောက်ပွဲနဲ့ တစုံတရာ ပါတ်သက်မှု ရှိမရှိ မသိရသေးပါဘူး။
ရာအိမ်မှူးလည်းဖြစ် အသံချဲ့စက်နဲ့ ဆိုင်ကယ်ကယ်ရီ အငှားလည်းလိုက်တဲ့ ဦးသန်းဝင်းဟာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က အိုင်ဝိုင်းလမ်းအတွင်းက မူလတန်းကျောင်းအနီးမှာ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ လဲနေတာကြောင့် အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းကနေ ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် နံနက် ၉ နာရီ ဝန်းကျင်မှာပဲ ဆုံးသွားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ တွေ့ကတည်းက သွေးကတော်တော်ထွက်နေပြီ။ လုယက်ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးလို့ ထင်တယ်။ ဆိုင်ကယ်လည်း ရှိနေတယ် ဆိုတော့လေ ” လို့ ဆေးရုံရောက်ဖို့ ကူညီပေးခဲ့သူ တဦးက ပြောပါတယ်။
သေဆုံးသူဟာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်ဖြစ်တဲ့ အားလျော်စွာ လူသိများသူတဦးဖြစ်သလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးလည်း တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူ တဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ အချို့သော စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့ နိုင်ငံရေးသမားတွေနဲ့ ပြဿနာအချို့ ရှိခဲ့ဖူးပေမယ့် ရာထူးနေရာအရရော၊ လုပ်ဆောင်ချက်တွေအရပါ ကြီးမားတဲ့ အငြိုးထားစရာတွေတော့ မရှိဘူးလို့လည်း ဆိုကြပါတယ်။
“ကျွန်မတို့နဲ့ မတည့်ပေမယ့် သူလည်း သူ့အလုပ်သူလုပ် ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ် ဒီလိုပဲနေကြတာပါပဲ။ ဒလန်ရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်ရအောင်လည်း သူ့ထက် အဆပေါင်းများစွာ ဆိုးတဲ့သူတွေ မအူပင်မှာ ရှိနေတာပဲလေ။ သူ့လောက်က စာရင်းရှင်းလောက်စရာလည်း မဟုတ်ပါဘူး။ တခြားအကြောင်းအရာတွေ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ် ” လို့ သူနဲ့အခြေအတင်ဖြစ်ဖူးတဲ့ နိုင်/ကျဉ်းတဦးက ပြောပါတယ်။
ဦးသန်းဝင်းနဲ့ ပတ်သက်တဲ့ သတင်းတင်ထားတဲ့ လူမှုကွန်ရက် စာမျက်နှာတချို့မှာတော့ ဒီကနေ့ နံနက်ပိုင်းမှာ သူနဲ့အတူ ဆိုင်ကယ်ပေါ် ပါသွားတဲ့သူဟာ လူငယ်လေးသာဖြစ်ကြောင်း မှတ်ချက်ပေးထားသူတွေရှိပြီး အတည်ပြုနိုင်ဖို့ DNA က ကြိုးစားခဲ့ပေမယ့် မှတ်ချက်ပေးခဲ့တဲ့ ကာယကံရှင်နဲ့ အဆက်သွယ် မရရှိခဲ့ပါဘူး။
မအူပင်ဒေသခံတွေကတော့ လက်ရှိကာလမှာ မအူပင်မြို့နယ်မှာ မူးယစ်ဆေးဝါး အမျိုးစုံနဲ့ လောင်းကစားဝိုင်းတွေ များလာတာကြောင့် လုယက်မှုနဲ့ အခုလိုမျိုး အကြောင်းရင်းမသိ လူသတ်မှုတွေဟာ မကြာခဏ ဆိုသလို ဖြစ်လာနေတယ်လို့ ဆိုကြပါတယ်။
ဒီနေ့ညနေ သတင်းတင်ဆက်ချိန်အထိ သေမှုသေခင်းနဲ့ ပါတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို အမှု့နဲ့ပါတ်သက်တဲ့ သံသယရှိသူ တစုံတရာကို ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။