အနောက်အုပ်စုအနေနဲ့ ရုရှားကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် နောက်ထပ်စစ်ပွဲတွေ ရှိမှာ မဟုတ်ဘူးလို့ ပူတင်ပြော

သောကြာနေ့က ဘီဘီစီ ရုရှားအယ်ဒီတာရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပူတင်က ရုရှားဟာ နောက်ထပ် ဘယ်သူ့ကိုမှ ကျူးကျော်မှာ မဟုတ်ဘူးဆိုပေမဲ့ အနောက်အုပ်စုက အရင်ကလို ထပ်မလိမ်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

၂၀၊ ဒီဇင်ဘာ။

ရုရှားကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် ယူကရိန်းစစ်ပွဲပြီးတဲ့နောက်မှာ နောက်ထပ် စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။

မော်စကိုက ဥရောပနိုင်ငံတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း အဓိပ္ပာယ်မရှိတဲ့ စကားတွေလို့ သူက ပယ်ချထားပါတယ်။

လေးနာရီခွဲနီးပါး ကြာမြင့်တဲ့ ရုပ်သံအစီအစဉ်အတွင်းမှာ ယူကရိန်း ကျူးကျော်မှုအတွင်း ပူတင် သုံးနှုန်းလေ့ရှိတဲ့ “အထူးစစ်ဆင်ရေး” အသစ်တွေ ထပ်ရှိလာဦးမလားလို့ BBC သတင်းထောက် စတိဗ် ရိုစင်ဘတ်က မေးမြန်းခဲ့ပါတယ်။

“ခင်ဗျားတို့ဘက်က ကျွန်တော်တို့ကို လေးလေးစားစား ဆက်ဆံမယ်၊ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အကျိုးစီးပွားကို လေးစားဖို့ အမြဲကြိုးစားခဲ့သလိုမျိုး ခင်ဗျားတို့ကလည်း ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို လေးစားမယ်ဆိုရင် ဘာစစ်ဆင်ရေးမှ ရှိလာမှာ မဟုတ်ဘူး”လို့ ပူတင်က အခိုင်အမာ ပြောခဲ့ပါတယ်။

အခုလအစောပိုင်းတုန်းကလည်း ရုရှားဟာ ဥရောပနဲ့ စစ်ဖြစ်ဖို့ အစီအစဉ်မရှိဘူးဆိုပေမဲ့ ဥရောပသားတွေက စစ်ဖြစ်ချင်တယ်ဆိုရင်တော့ ချက်ချင်းအဆင်သင့်ပဲလို့ ပူတင်က ပြောထားပါတယ်။

သောကြာနေ့က ဘီဘီစီ ရုရှားအယ်ဒီတာရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပူတင်က ရုရှားဟာ နောက်ထပ် ဘယ်သူ့ကိုမှ ကျူးကျော်မှာ မဟုတ်ဘူးဆိုပေမဲ့ အနောက်အုပ်စုက အရင်ကလို ထပ်မလိမ်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် ၁၉၉၀ ပြည့်နှစ်မှာ အနောက်အုပ်စုက ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချက်ကို ပေးခဲ့တဲ့ ကတိကို နေတိုးအဖွဲ့က ဖောက်ဖျက်ခဲ့တယ်လို့ သူက ကာလရှည်ကြာ စွပ်စွဲလာတာပါ။ ဒါပေမဲ့ အဆိုပါ ကတိမျိုး ပေးခဲ့တာမရှိဘူးလို့ ဂေါ်ဘာချက်က နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

မော်စကိုမြို့က ခန်းမတခုမှာ ကျင်းပတဲ့ Direct Line မာရသွန်အစီအစဉ်ဟာ အများပြည်သူနဲ့ ရုရှားနိုင်ငံတဝန်းက ဂျာနယ်လစ်တွေဆီက မေးခွန်းတွေကို စုစည်းဖြေကြားတာ ဖြစ်ပါတယ်။

ပူတင်ဟာ ၂၀၁၄ မှာ သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားအပါအဝင် ယူကရိန်းရဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေပါဝင်တဲ့ ရုရှားမြေပုံကြီး ရှေ့မှာ ထိုင်ပြီး တိုက်ရိုက်အစီအစဉ်မှာ ဖြေကြားခဲ့တာပါ။

အစီအစဉ်ဆီ မေးခွန်းပေါင်း သုံးသန်းကျော် ရောက်ရှိခဲ့တယ်လို့ ရုရှားအစိုးရရုပ်သံဌာနက ပြောပါတယ်။ ရုပ်သံအစီအစဉ် ပြီးသွားပြီး နာရီပိုင်းအတွင်းမှာတင် ရုရှားက ယူကရိန်းတောင်ပိုင်း အိုဒက်ဆာဒေသကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ လူ ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစီအစဉ်ကို ကြိုတင်စီစဉ်ထားတာ ဖြစ်ပေမဲ့ တိုက်ရိုက်ဖန်သားပြင်ပေါ်မှာတော့ ပြည်သူတွေဆီက ဝေဖန်ချက်တချို့ တက်လာခဲ့ပါတယ်။ အဲဒီအထဲမှာ အစီအစဉ်ကို လူပြက်ပွဲလို့ ခေါ်ဆိုတာ၊ အင်တာနက်ပြတ်တောက်မှုကို ညည်းတွားတာနဲ့ ရေပေးဝေမှု ညံ့ဖျင်းတာတွေကို ထောက်ပြတာတွေ ပါဝင်ပါတယ်။

ဖုန်းအင်တာနက် ပြတ်တောက်မှုတွေဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လို့ အာဏာပိုင်တွေက အပြစ်ပုံချထားပါတယ်။ ပူတင်ကတော့ ရုရှားရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေး အခြေအနေကိုလည်း ထည့်သွင်းပြောကြားသွားပြီး နိုင်ငံအတွင်းမှာတော့ ကုန်ဈေးနှုန်းတွေက တက်နေပြီး စီးပွားရေး တိုးတက်မှုကလည်း တဖြည်းဖြည်း ကျဆင်းနေတာဖြစ်ပါတယ်။

Ref – BBC