တိုင်းနဲ့ပြည်နယ်ခုနှစ်ခုမှာ ပိုးသတ်ဆေးနှစ်မျိုးရဲ့ အသုံးပြုခွင့်နဲ့ ဖြန်ဖြူးရောင်းချခွင့်ကို တားမြစ်ပိတ်ပင်

၁၆၊ ဒီဇင်ဘာလ။

ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ Thiamethoxam (သိုင်ရာမီသောက်ဇင်) နဲ့ Clothianidin (ကလိုသိုင်ယာနီဒင်) ပိုးသတ်ဆေးနှစ်မျိုး အသုံးပြုခွင့်ကို ၂ နှစ်တိတိ ပိတ်ပင်လိုက်တယ်လို့  ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့မှာ  ကြေညာခဲ့သလို  စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲကလည်း အဲဒီပိုးသတ်ဆေး အမျိုးအစား နှစ်ခုကို ဖြန့်ဖြူးရောင်းချရင် အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထပ်မံကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခု ဒီဇင်ဘာလတွေမှာ ပြည်ပကို တင်ပို့ခဲ့တဲ့ ပဲတီစိမ်းနဲ့ ငရုတ်သီးတွေမှာ ဓာတ်ကြွင်းတွေ ကျန်ရှိနေတာကို စစ်ဆေးတွေ့ရှိတာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေက ပစ္စည်းတွေကို ပြန်လည် ပို့ဆောင်တာတွေ၊ ကုမ္ပဏီတွေကို တင်သွင်းခွင့်ပိတ်ပင်တာတွေ လုပ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို ပိုးသတ်‌ဆေး နှစ်မျိုးကို အသုံးပြုခွင့်နဲ့ ရောင်းချဖြန့်ဖြူးခွင့်တွေ ပိတ်ပင်တားမြစ်လိုက်တာပါ။

“ဒီမှာက အများစုက (တောင်သူ လယ်သမား) သိုင်ရာမီသောက်ဇင် ဆိုတာကို သိတာမဟုတ်ဘူး။ သူတို့က ထရန်စဖောင်းလား၊ အာမိုလား၊ ဝိစာရလား စသဖြင့်ပေါ့ အဲ့လိုပဲသိတာ။ ဝိစာရရဲ့ ပိုးသတ်ဆေးပေါ့ အဲ့လိုမျိုး။ ဆိုတော့ သူတို့သုံးနေတဲ့ဟာက မထိရောက်ရင် တခြားသူတွေညွှန်းတဲ့ ဆေးပြောင်းသုံးမယ်ပေါ့။ ဒါပေမယ့် အဲ့ဆေးတွေတိုင်းမှာ သိုင်ရာမီသောက်ဇင် ပါလား မပါလားလည်း မသိဘူး”လို့ မြောင်းမြမြို့နယ်က လယ်သမား တဦးက ပြောပါတယ်။

ပြည်ပပို့တဲ့ စိုက်ပျိုးသီးနှံတွေမှာ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ ဓာတ်အကြွင်းအကျန်တွေ တွေ့ပြီဆိုရင် ဓာတ်ခွဲတွေ့ရှိတဲ့ သက်ဆိုင်ရာ ပိုးသတ်ဆေးတွေကို တားမြစ်တာထက် ဘာကြောင့် ဓာတ်ကြွင်းတွေ ကျန်နေရတာလဲ ဆိုတဲ့အကြောင်းရင်းကို ရှာဖွေဖြေရှင်းတာက ပိုပြီးထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့လည်း စိုက်ပျိုးရေးဆေးဝါးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

“ဘမ်းထားတဲ့ ဆေးတွေ(တားမြစ်ထားတဲ့)ကို တောင်သူတွေ သိဖို့လိုတယ်။ အဲဒါမှ ရောင်းတဲ့ဆိုင်တွေက ညာရောင်းလို့ မရမှာ နောက်ထပ် တခြားပင်လုံးပြန့် ပိုးသတ်ဆေးကို အလှည့်ကျ သုံးပေးတာ ပိုကောင်းတယ်”လို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ စိုက်ပျိုးရေးဆေးဝါးကျွမ်းကျင်သူတဦးက မှတ်ချက်ပေးပါတယ်။

အခုလို စိုက်ပျိုးရေး ထုတ်ကုန်တွေမှာ ဓာတုဓါတ်ကြွင်းတွေ တွေ့တယ်ဆိုတာ ဆေးတွေကို အလွန်အကျွံ အသုံးပြုလို့ ဖြစ်နိုင်တယ်လို့ စိုက်ပျိုးရေး သုတေသနဦးစီး ဌာနကနေ CDM ပြုလုပ်ခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ဒီဆေးတွေက တကယ်အာနိသင်ပြည့်ဝတယ်ဆိုရင် ထိရောက်တဲ့ ဆေးတွေဖြစ်တယ်။ ဆိုတော့ စဉ်းစားစရာက နှစ်မျိုးရှိမယ် တခုက အာနိသင်မပြည့်ဝလို့ ပိုးတွေကို မကာကွယ်နိုင်လို့ ခဏခဏ သုံးနေရတာလား။ နောက်တခုက ပိုးတွေက ဒီဆေးတွေကို ခံနိုင်ရည်ရှိလာလို့လားပေါ့။ ဒါဆိုရင် ဘာဆေးတွေပြောင်းသုံးရမလဲပေါ့။ ဒါကို အဖြေရှာနိုင်မှ စိုက်တဲ့သူတွေရော ကုန်သည်တွေရော ခံသာမယ် ” လို့ သူမက မှတ်ချက်ပေးပါတယ်။

Thiamethoxam (သိုင်ရာမီသောက်ဇင်) နဲ့ Clothianidin (ကလိုသိုင်ယာနီဒင်) ပိုးသတ်ဆေးတွေဟာ အရွက်မှတဆင့် တပင်လုံးကို ပြန့်နှံသွားစေတဲ့ (ပင်လုံးပြန့်) အာနိသင်ရှိတာကြောင့် ပျပိုး၊ သီးလုံးဖောက်ပိုး၊ ရွက်စားငမြှောင်တောင်၊ လှေး စတဲ့ စုပ်စားပိုးတွေဟာ အပင်ရဲ့ ဘယ်အစိတ်အပိုင်းကိုပဲဖြစ်ဖြစ် စုပ်စားမိတာနဲ့ သေဆုံးစေနိုင်ပါတယ်။

ဒါကြောင့် တောင်သူလယ်သမားတွေဟာ ဒီပိုးတွေကို ကာကွယ်ဖို့အတွက် ဒီဓာတ်ပါတဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုတာဟာ ထိရောက်မြန်ဆန်တဲ့ အနေအထားမှာရှိတာကြောင့် သုံးစွဲကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို မကြာခဏ ထပ်ကာတလဲလဲ သုံးစွဲခြင်းဟာ ပိုးတွေအတွက် ဆေးယဉ်ပါးမှုကိုဖြစ်စေပါတယ်။

ရေးဆင်းစိုက်ပျိုးရေး ကျောင်းဆင်းတဦးလည်းဖြစ် လက်ရှိမှာလည်း စိုက်ပျိုးရေးဆေးလောကမှာ ကျင်လည်နေသူတဦးလည်း ဖြစ်တဲ့ ဟင်္သာတက လူငယ်တဦးကတော့ ဆေးကုမ္မဏီကြီးတွေက အစိုးရကို ငွေနဲ့ချယ်လှယ်နေတာလို့ မှတ်ချက်ပေးပါတယ်။

“ဆေးတွေကို ထပ်ခါထပ်ခါ သုံးတယ်ဆိုတာထက် အခုနောက်ထုတ်တဲ့ ဆေးတွေမှာ AI(Active Ingredient) တွေ တွဲထုပ်တာ များလာတယ်။ အဲဒါ ဆေးကုမ္မဏီကြီးတွေ လက်မဲကြီးတွေ နဲ့ပဲ ဆိုင်တော့တာ။ ဘမ်းတယ်သာ ပြောတာ ကုမ္မဏီကြီးတွေက ထုတ်တဲ့ ဆေးနှစ်မျိုးတွဲတွေမှာဆို အဲဒီဆေးတွေပါတယ်။ အစိုးရက စာထုတ်တာပဲ ရှိတာ အောက်ခြေမှာ တကယ်မထိရောက်ဘူး”လို့ ရှင်းပြတယ်။

တောင်သူလယ်သမားတွေ အနေနဲ့က စိုက်ပျိုးရေးဆေးကုမ္မဏီ နဲ့ အစိုးရမှုဝါဒအကြားမှာ အရင်းကျေအောင် မနည်းရုန်းကန်နေကြရပါတယ်။

“အခုက ပိုးသတ်ဆေး တခါဖြန်းနဲ့ မရတော့ဘူး ဒါကလက်တွေ့ပဲ။ ဒီတော့ ဘာကိုသုံးရမှာလဲ။ တခုခုဖြစ်ရင် လယ်သမားတွေက GAP (Good Agricultural Practices) အတိုင်းမလုပ်လို့ ဘာညာနဲ့ အရင်ဆုံး အပြစ်တင်ကြတယ်။ တကယ်ခံရတာက လယ်သမားတွေပါပဲ။ ကုန်သည်ဆိုတာက ရှုံးရင် တခါပေါ့ ” လို့ မြောင်းမြမြို့နယ်က လယ်သမားက မှတ်ချက်ပေးပါတယ်။