လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံသား ၁၂ သန်းကျော် အငတ်ဘေးကကြုံနိုင်

“အာဟာရပြည်ဖို့ မပြောပါနဲ့ စျေးထဲမှာ အတန်ဆုံးဟင်းတွေကို ဝယ်စားရတာလေ။ အသားငါးဆို တလနေမှ တခါတောင် မစားဖူးဘူး။ ငတ်တဲ့ နေ့တွေတောင်ရှိတယ်၊ ကယ်ဆယ်ရေးလည်း မရတော့တာကြာပြီ၊ အလုပ်လည်းမရှိ၊ ချက်စရာဆန်မရှိရင် ထွက်ပြီး အလှူခံစားရတယ်”

၁၂၊ ဒီဇင်ဘာ။

လာမယ့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူဦးရေ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ကြုံတွေ့ခံ စားရလာနိုင်ပြီး လူဦးရေ တသန်းခန့်ကတော့ အသက်ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်မယ့် ဆာလောင်မွတ် သိပ်မှု အရေးပေါ်အဆင့်ထိ ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်သတိပေးပါတယ်။

နိုင်ငံအဝှမ်း စစ်ရေးပဋိပက္ခတွေ၊ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ် ရက်ဆက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အခုအခါ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၃ ဒသမ ၆ သန်း( ၃၆ သိန်း) ရှိ နေရာကနေ လာမယ့်နှစ်ထဲမှာ ၄ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကုလက ခန့်မှန်းထားပါတယ်။

အဲဒီလိုပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေ ပိုများလာတာတို့ဟာ လက်ရှိရန်ပုံငွေ မ လုံလောက်မှု ကြုံတွေ့နေရတဲ့ မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်တဲ့အခြေအနေမှာ ရှိ နေဖြစ်တယ်လို့ WFP က ဆိုပါတယ်။

လက်ရှိမှာလည်း မြန်မာပြည်သူတွေဟာ ဆိုးရွားလှတဲ့ ဝမ်းရေဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်တွေမှာ ကျန်းမာရေး အတွက် လုံလောက်တဲ့ အစားအသောက်တွေ ဝယ်မစားနိုင်ကြသလို ကလေးငယ်ထောင်ပေါင်းများစွာဟာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရပါတယ်။

ကလေးငယ်နဲ့ မိခင်ပေါင်း လေးသိန်းကျော်ဟာ လတ်တလောအာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး အာဟာရတန် ဖိုးနည်းပါးလှတဲ့ ထမင်းဖြူသက်သက် ဒါမှမဟုတ် ဆန်ပြုတ်ကျဲကျဲတို့ကိုသာ အားပြုမှီဝဲနေကြရတယ်လို့ WFP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေ ပေါင်းစုံပြီး ပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းကို‌ တိုက် စားဖျက်ဆီးနေတဲ့အခြေအနေပါ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီအပေါ်မှာ အာရုံစိုက်မှု နည်းပါးနေပါတယ်” လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောပါတယ်။

“ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး၊ ရန်ပုံငွေရရှိမှု အနည်းပါးဆုံး အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေ ဟာ ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ပါဘူး။ လိုအပ်ချက်ပမာဏက ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်စွမ်း ထက် အများကြီး ပိုများနေပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

နိုင်ငံအဝှမ်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အမိုးအကာမလုံတဲ့ တဲအိမ်တွေ၊ လမ်းဘေး တဲအိမ်တွေနဲ့ မလုံခြုံတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် လူမှုကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေလည်း မရကြတော့တာကြောင့် ဝမ်းရေးအတွက် တောင်းရမ်းစား သောက်နေကြရသူတွေပင် ရှိနေကြတာပါ။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ မွေးကင်းစ လေးလအရွယ်ကလေးငယ်ရဲ့ မိခင်တဦးက “အာဟာရပြည်ဖို့ မပြောပါနဲ့ စျေးထဲမှာ အတန်ဆုံးဟင်းတွေကို ဝယ်စားရတာလေ။ အသားငါးဆို တလနေမှ တခါတောင် မစားဖူးဘူး။ ငတ်တဲ့ နေ့တွေတောင်ရှိတယ်၊ ကယ်ဆယ်ရေးလည်း မရတော့တာကြာပြီ၊ အလုပ်လည်းမရှိ၊ ချက်စရာဆန်မရှိရင် ထွက်ပြီး အလှူခံစားရတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုလိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဥ်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေတွေ မြင့်တက် လာနိုင်ကြောင်း ခန့်မှန်းထားပြီး အဲဒီလို တိုးမြင့်လာတာကြောင့် လက်ရှိမှာပင် ဝမ်းရေးအနိုင်နိုင်ရုန်းကန်နေရတဲ့ သန်းနှင့်ချီသော အိမ်ထောင်စုတွေကို ဆိုးရွားတဲ့ ဒုက္ခဆင်းရဲသို့ တွန်းပို့လိုက်သလို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြေပြင်ကွင်းဆင်း ဆောင်ရွက်နေပါတယ်။ တကယ့်ကိုခက်ခဲလှတဲ့ အခြေအနေတွေကြား ကပဲ စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေကို နေ့စဉ် ဖြန့်ဝေပေးနေပါတယ်။ ဒါပေမဲ့ ရန်ပုံငွေလိုအပ်ချက်က အကြီးအကျယ် ရှိနေပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ လာမယ့်နှစ် မှာ ဒီအကျပ်အတည်း ပိုမိုဆိုးရွားမလာအောင် တားဆီးဖို့အတွက် စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့မှုတွေနဲ့ သံတ မန်ရေးရာ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်”လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောပါတယ်။

WFP အနေနဲ့ လာမယ့်၂၀၂၆ ခုနှစ်အတွင်းမှာ အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်ထဲကနေ ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားဖို့ ရည်မှန်းထားပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

WFP ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလုံအလောက်မရတာကြောင့် မြန်မာနိုင်ငံအ တွင်းက စစ်ဘေးရှောင်ပြည်သူတွေကို လုံလောက်တဲ့အထောက်အပံ့တွေ မပေးနိုင်တော့ဘဲ စစ်ဘေးရှောင်အများစု ဟာ အထောက်အပံ့တွေ မရကြတော့တာဖြစ်ပါတယ်။