လေပွေလှိုင်းတွေရှိနေပေမယ့် ဧရာဝတီတိုင်းအတွက် အခါလွန်မိုး စိုးရိမ်ဖွယ်မရှိ

၁၇၊ နိုဝင်ဘာလ။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေပွေလှိုင်းတွေရှိနေပြီး ဒီလေပွေလှိုင်းတွေဟာ ဒီဇင်ဘာ ပထမပတ်ထိ ရှိနေနိုင်ပေမယ့် ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံကိုတော့ သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က တွက်ချက်ခန့်မှန်းထားပါတယ်။

“ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ လေပွေလှိုင်းတွေကြောင့် မိုးပါးပါးရွာနိုင်တာလဲ ဆက်ပြီး ရှိနေနိုင်ပါမယ်။ ဒီဇင်ဘာလမှာတော့ နှစ်စဉ်ရွာသွန်းမြဲထက်လျော့နိုင်တယ်၊ အခါလွန်မိုး၊ ဖျက်မိုးအန္တရာယ်မရှိတော့ပါ   ” လို့ ဦးဝင်းနိုင်က DNA ကို ပြောပါတယ်။

မိုးဇလ ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ဧရာဝတီတိုင်းအတွင်းမှာ နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်း မိုးရွာသွန်းမှုတွေ ရပ်သွားနိုင်တယ်ဆိုပေမယ့် ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းတွေကြောင့် မိုးတိမ်ဖြစ်ထွန်းမှုတွေ ရှိနိုင်ပြီး မိုးပါးပါးရွာနိုင်ချေရှိနေတာကိုတော့ တောင်သူလယ်သမားတွေ အနေနဲ့ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမယ့် မိုးများဖို့ မရှိတာကြောင့် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နိုင်ပြီလို့ အကြံပြုထားကြပါတယ်။

မုန်းတိုင်းဖြစ်ပေါ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့တော့ ဦးဝင်းနိုင်က လက်ရှိဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ နိုဝင်ဘာလကုန်ပိုင်းမှာ မုန်တိုင်းအဆင့်ကို ရောက်ရှိလာနိုင်မလားဆိုတာကို စောင့်ကြည့်ဖို့ လိုအပ်တဲ့ အနေအထားဆိုပေမယ့် အကယ်၍ မုန်တိုင်းဖြစ်လာခဲ့ရင်လည်း အိန္ဒိယနိုင်ငံဘက်ကို ရွေ့လျားနိုင်ချေ မြင့်မားတာကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ ရှင်းပြပါတယ်။