
အမေရိကန်ဘက်က ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ Cartel de los Soles အဖွဲ့ကို ဦးဆောင်နေသူဖြစ်တယ်လို့ စွပ်စွဲထားတဲ့အတွက် မာဒူရိုဟာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။
၁၇၊ နိုဝင်ဘာ။
အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို ဦးဆောင်နေတယ်လို့ စွပ်စွဲထားတဲ့ Cartel de los Soles အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက နိုဝင်ဘာ ၂၄ ရက်နေ့ကနေစပြီး အဆိုပါအဖွဲ့ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း အဖြစ် အမေရိကန်က သတ်မှတ်ဖို့ ရည်ရွယ်ထားတယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။
အမေရိကန်ဘက်က ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ Cartel de los Soles အဖွဲ့ကို ဦးဆောင်နေသူဖြစ်တယ်လို့ စွပ်စွဲထားတဲ့အတွက် မာဒူရိုဟာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။ မာဒူရိုဘက်ကတော့ အဆိုပါ စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံအတွင်း စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သင့်၊ မသင့် စဉ်းစားနေချိန်အတွင်း အခု ကြေညာချက်ဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို လျှော့ချဖို့နဲ့ မာဒူရိုအပေါ် ဖိအားပေးဖို့ ထရမ့်အစိုးရရဲ့ နောက်ဆုံးကြိုးပမ်းမှု ဖြစ်ပါတယ်။
Cartel de los Soles အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာနဲ့အတူ အမေရိကန်အစိုးရဟာ အဆိုပါ အဖွဲ့နဲ့ ဆက်စပ်သူတွေကို ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေနဲ့ နှိမ်နင်းနိုင်တော့မှာ ဖြစ်ပြီး အထူးသဖြင့် အဲဒီအဖွဲ့ကို သိလျက်နဲ့ အကူအညီပေးတာတွေဟာ တရားမဝင် ဖြစ်သွားမှာပါ။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ Cartel de los Soles အဖွဲ့အပေါ် အရင်က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်လာတာဟာ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေကို မြှင့်တင်လိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။
အမေရိကန်အစိုးရက Cartel de los Soles အဖွဲ့ကို ဗင်နီဇွဲလားသမ္မတ မာဒူရို ဦးဆောင်နေပြီး စစ်တပ်ကလူတွေပါ ပါဝင်တယ်လို့ စွပ်စွဲထားပေမဲ့ မာဒူရိုရဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
ဒါပေမဲ့ အမေရိကန်က မာဒူရိုကို မူးယစ်ဆေးဝါးမှောင်ခိုကူးသူအဖြစ် သတ်မှတ်လိုက်တာဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မာဒူရိုကိုယ်တိုင်ကိုဖြစ်စေ၊ သူ့နဲ့နီးစပ်တဲ့သူတွေကိုဖြစ်စေ ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်တစ်ခု ရယူတာဖြစ်တယ်လို့ အကဲခတ်လေ့လာသူတွေက ရှုမြင်ကြပါတယ်။
စက်တင်ဘာလကတည်းက အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာ ကမ်းရိုးတန်းတွေက သင်္ဘောတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ ဆယ်စုနှစ်တွေအတွင်း ကာရစ်ဘီယံဆီ စစ်ရေးအရ အကြီးဆုံး တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးနေတယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို အနည်းဆုံး ၂၁ ကြိမ် တိုက်ခိုက်ခဲ့ရာ လူ ၈၃ ဦးခန့် သေဆုံးခဲ့ပါတယ်။
Ref – BBC