ဖိလစ်ပိုင်မှာ တိုင်ဖွန်း မုန်တိုင်းကြောင့် လူ ၆၀ကျော် သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်ပျမ်းမျှ မုန်တိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်း ၂၀ ဝန်းကျင် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။

၅၊ နိုဝင်ဘာ။

အခုနှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖိလစ်ပိုင်အလယ်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ခဲ့ရာ လူပေါင်း ၆၆ဦးထက်မနည်း သေဆုံးခဲ့ပြီး သိန်းနဲ့ချီ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန်း ကယ်မဲဂီကြောင့် လူဦးရေအထူထပ်ဆုံး အလယ်ပိုင်းကျွန်းဖြစ်တဲ့ စီဘူးကျွန်းပေါ်ရှိ မြို့တွေအပါအဝင် နေရာအနှံ့အပြားမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုအများစုဟာလည်း အဲဒီနေရာမှာ ဖြစ်ပွားခဲ့တာပါ၊ လက်ရှိမှာတော့ ၂၆ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဗီဒီယိုတွေမှာတော့ လူတွေဟာ အိမ်ခေါင်မိုးတွေပေါ်မှာ ခိုလှုံနေကြရတာကို တွေ့မြင်ရပြီး ကားတွေနဲ့ ကုန်တင်ကွန်တိန်နာတွေကတော့ လမ်းတွေတစ်လျှောက် ရေစီးနဲ့အတူ မျောပါသွားတာတွေကိုလည်း တွေ့ရပါတယ်။

သေဆုံးသူစာရင်းထဲမှာ ကယ်ဆယ်ရေးလုပ်ဖို့ စေလွှတ်ခဲ့တဲ့ စစ်ဘက်သုံး ရဟတ်ယာဉ်တစင်း မင်ဒါနာအိုကျွန်းပေါ်မှာ ပျက်ကျလို့ သေဆုံးခဲ့ရတဲ့ အဖွဲ့ဝင်ခြောက်ဦး မပါဝင်သေးဘူးလို့ ဆိုပါတယ်။ ကယ်ဆယ်ရေး ရဟတ်ယာဉ် လေးစင်းအနက် တစင်းဖြစ်တဲ့ အဆိုပါ ရဟတ်ယာဉ်ဟာ အဂူဆန်ဒယ်ဆားအနီးမှာ အင်္ဂါနေ့က ပျက်ကျခဲ့တာဖြစ်ပါတယ်။

“ရဟတ်ယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားလို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ချက်ချင်းစတင်ခဲ့တယ်”လို့ ဖိလစ်ပိုင်လေတပ်က ပြောပါတယ်။ နောက်ပိုင်းမှာတော့ လေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လေယာဉ်မှူးနဲ့ အဖွဲ့သားတွေလို့ ယူဆရတဲ့ ရုပ်အလောင်းခြောက်လောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

တီနိုလို့ ဒေသတွင်း အမည်ပေးထားတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့အစောပိုင်းက ကုန်းတွင်းကို ဝင်ရောက်ပြီးနောက် အားပျော့သွားခဲ့ပေမဲ့ တစ်နာရီ မိုင် ၈၀ (၁၃၀ ကီလိုမီတာ) ကျော် အရှိန်နဲ့အတူ လေတိုက်နှုန်း ဆက်လက်ရှိနေခဲ့တာပါ။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာ ဗီဆာယက်စ် ကျွန်းစုဒေသကို ဖြတ်ကျော်ပြီး ဒီကနေ့မှာတော့ တောင်တရုတ်ပင်လယ်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ “စီဘူး အခြေအနေကတော့ တကယ့်ကို မကြုံစဖူးပါပဲ”လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပမ်မဲလာ ဘာရီကွာထရိုက ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

“လေပြင်းကိုပဲ အန္တရာယ်ရှိမယ်လို့ ထင်ခဲ့ပေမဲ့ ရေကပဲ ပြည်သူတွေကို တကယ်အန္တရာယ်ဖြစ်စေတာပါ” လို့ဆိုပြီး “ရေကြီးမှုကတော့ အပျက်အစီးများလွန်းပါတယ်”လို့ သူက ဆက်ပြောပါတယ်။ ဘာရီကွာထရိုဟာ ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့အတွက် အင်္ဂါနေ့ညနေပိုင်းမှာ စီဘူးဒေသကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အသက် ၂၈ ရှစ်နှစ်အရွယ် ဒွန် ဒယ် ရိုဆာရီယိုကတော့ မုန်တိုင်းပြင်းထန်စွာ တိုက်ခတ်နေချိန် စီဘူးမြို့ အပေါ်ထပ်တစ်ခုမှာ ခိုလှုံခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ “ကျွန်တော် ဒီမှာနေလာတာ ၂၈ နှစ်ရှိပြီ၊ ဒါကတော့ ကျွန်တော်တို့ ကြုံဖူးသမျှထဲမှာ အဆိုးဆုံးပါပဲ”လို့ သူက AFP သတင်းဌာနကို ပြောပါတယ်။

စုစုပေါင်း လူပေါင်း ၄၀၀,၀၀၀ နီးပါးကို တိုင်ဖွန်းမုန်တိုင်းရဲ့ လမ်းကြောင်းကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြို့ပြကာကွယ်ရေးရုံးရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ရာဖာလီတို အလီဟန်ဒရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်ပျမ်းမျှ မုန်တိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်း ၂၀ ဝန်းကျင် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။

နောက်ဆုံးတိုက်ခတ်ခဲ့တဲ့  မုန်တိုင်းကြောင့် လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အခြေခံအဆောက်အအုံတွေအပြင် သီးနှံတွေလည်း ပျက်စီးခဲ့တာ တလမပြည့်သေးခင်မှာ အခုလို မုန်တိုင်းနောက်တလုံး ဆက်လက်ဝင်ရောက်လာတာပါ။

စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ပြင်းအား ၆.၉ မဂ္ဂနီကျူဒ့်အဆင့်ရှိ ငလျင်တစ်ခု ဖိလစ်ပိုင်အလယ်ပိုင်းကို လှုပ်ခတ်ခဲ့ရာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးဒဏ်ရာရခဲ့ပြီး စီဘူးဒေသမှာလည်ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ခံစားခဲ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကယ်မဲဂီဟာ ဗီယက်နမ်နိုင်ငံကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး လက်ရှိဗီယက်နမ်နိုင်ငံမှာလည်း စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Ref – BBC