နိုဝင်ဘာ ဒုတိယပတ်ထိ မိုးဆက်ရွာနိုင်

မုန်တိုင်း အကြွင်းအကျန်တွေကြောင့် နိုဝင်ဘာ ၈ ရက်နေ့မှာ မိုးပြန်ရွာလာနိုင်ပါတယ်

၄၊ နိုဝင်ဘာလ။

မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းမှာ နိုဝင်ဘာ ဒုတိယပတ်အထိ မိုးဆက်နိုင်ပြီး အားပျော့တဲ့ လာနီညာ အစွန်း‌ရောက် ရာသီဥတု ဖြစ်စဉ်ကြောင့် နိုဝင်ဘာလကုန်မှာလည်း မိုးရွာသွန်းနိုင်ချေတွေ ရှိနေကြောင်း မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။

“ မိုးဆက်နေတော့ လယ်သမားတွေ ဒုက္ခရောက်နေတယ်ဆိုတာ သတင်းတွေဖတ်ရတယ်။ မိုးက ဆက်တိုက် ဆက်နိုင်တယ်။ တခုခုဘာလုပ်လို့ ရမလဲဆိုတာကို သတိပြုပြီး လုပ်ကိုင်တွေးတောကြစေချင်တယ် ” လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက အကြံပြုပါတယ်။

မိုးဇလပညာရှင် ဦးဝင်းနိုင်ကလည်း ဧရာဝတီအနောက်ဘက် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ် ကမ်းရိုးတန်းတွေကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော် ဝင်ရောက်နိုင်ချေရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါအပြင် ဒီမုန်တိုင်းရဲ့ အကြွင်းအကျန်တွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၈ ရက်နေ့မှာ မိုးပြန်ရွာလာနိုင်တယ်လို့ သူကတွက်ချက် ထားပါသေးတယ်။

“ နိုဝင်ဘာ ၅ ရက်မှာ လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံကို ဖြတ်ပြီးချိန်ဖြစ်မှာမို့ အဲ့အချိန်မှာ မိုးနည်းသွားနိုင်တယ် နိုဝင်ဘာ ၇ ရက်မှာတော့ မိုးကင်းသွားနိုင်တယ်။ နောက် မုန်တိုင်း အကြွင်းအကျန်တွေကြောင့် နိုဝင်ဘာ ၈ ရက်နေ့မှာ မိုးပြန်ရွာလာနိုင်ပါတယ် ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဧရာဝတီတိုင်းမှာ မိုးတိမ်တောင်တွေဟာ ဆက်တိုက်ရှိနေတာကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေအပြင် ကမ်းလွန်ပင်လယ်ပြင်မှာ အလုပ်လုပ်ကိုင်နေကြသူတွေပါ ရုတ်တရက် ကျရောက်လာနိုင်တဲ့ မိုးသက်လေပြင်းနဲ့ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း စတာတွေကိုပါ ဂရုစိုက်သင့်တယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။