
အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) က အဆိုပါငလျင်ဟာ လူဦးရေ ၅၂၃,၀၀၀ ခန့်ရှိတဲ့ မူဇားအီရှာရီဖ် မြို့အနီး မြေအောက် ၂၈ ကီလိုမီတာ အနက်ကိုဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
၃၊ နိုဝင်ဘာလ။
အာဖဂန်နစ္စတန်မြောက်ပိုင်း မူဇားအီရှာရီဖ် မြို့အနီးမှာ ဒီကနေ့ မနက်အစောပိုင်းက ပြင်းအား ၆.၃ မဂ္ဂနီကျုဒ့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူဆယ်ဦး သေဆုံးပြီး ၂၆၀ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) က အဆိုပါငလျင်ဟာ လူဦးရေ ၅၂၃,၀၀၀ ခန့်ရှိတဲ့ မူဇားအီရှာရီဖ် မြို့အနီး မြေအောက် ၂၈ ကီလိုမီတာ အနက်ကိုဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းပြည်နယ် ဆာမန်ဂန်ရဲ့ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာမီ ဂျိုယန်ဒါ က “ဒီကနေ့ မနက်အထိ စုစုပေါင်း လူ ၁၅၀ ဦး ဒဏ်ရာရရှိပြီး ခုနစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းပို့လာပြီး ကျန်းမာရေးစင်တာတွေကို ပို့ဆောင်ထားတယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သေဆုံးသူစာရင်းဟာ ဒီကနေ့မနက်အထိ စုဆောင်းရရှိထားတဲ့ ဆေးရုံမှတ်တမ်းတွေကို အခြေခံထားတယ်လို့လည်း သူက ဆိုပါတယ်။
ငလျင်ရဲ့ သက်ရောက်မှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပေးတဲ့ အလိုအလျောက်စနစ် PAGER မှာ USGS က လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒါဟာ သိသာထင်ရှားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်သလို ကြီးမားကျယ်ပြန့်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ငလျင်ကြောင့် မူဇားအီရှာရီဖ် မြို့ရှိ အထွတ်အမြတ်ထားရာ Blue Mosque ဗလီဟာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရတယ်လို့ ဘော့လ်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာဂျီ ဇေ့ဒ် က ပြောပါတယ်။
နိုင်ငံရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီကတော့ ထိခိုက်ပျက်စီးမှု အစီရင်ခံစာတွေကို နောက်ပိုင်းမှာ မျှဝေပေးသွားမယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာတော့ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်နေတဲ့ ဗီဒီယိုတွေနဲ့ အဆောက်အအုံတွေအတွင်း ပြိုကျနေတဲ့ အပျက်အစီးပုံတွေကို လူမှုမီဒီယာပလက်ဖောင်း X မှာ မျှဝေထားတာတွေရှိပြီး ဗီဒီယိုတစ်ခုမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေကြားက သေဆုံးနေပုံရတဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်နေတာတွေလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လလည်း အာဖဂန်နစ္စတန်မှာ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
အာဖဂန်နစ္စတန်ဟာ မြေငလျင်ဘေးဖြစ်လွယ်တဲ့ နိုင်ငံတခုဖြစ်ပြီး အဓိကအကြောင်းအရင်းကတော့ ကြီးမားတဲ့ မြေလွှာပြတ်ရွေ့ရှင်နှစ်ခုပေါ်မှာ တည်ရှိနေတာကြောင့် ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကလည်း အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အာဖဂန်နစ္စတန်အပြင် ပါကစ္စတန်မြောက်ပိုင်းတို့မှာ လူ ရာချီ သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ နောက်ထပ် ငလျင်တစ်ခုကြောင့်လည်း အနည်းဆုံး လူ ၁,၀၀၀ သေဆုံးခဲ့ရပါတယ်။
Ref : Reuters