ခွေးတိုးပေါက်ကချောင်လို့လား

(၁)တနေ့သ၌ကျွန်ုပ်၏အိမ်တော်မင်္ဂလာဝန်းအ
တွင်းသို့ အဘယ်ကမျက်စိလည်လမ်းမှားလာ
သောခွေးတကောင်ရောက်လာ၏။ခွေးကအ
သွေးအမွှေးကောင်းကာ ခွေးချောလေးဖြစ်သော
ကြောင့် မဒမ်ဖျံကဟင်းကျန်ထမင်းကျန်လေးတွေချကျွေး၏။ဘရိတ်ဖတ်၊လန့်ခ်ျ၊ဒင်နာစသည်ဖြင့်နေ့စဉ်ရက်ဆက် မပျက်မကွက်ကျွေးမွေးသောအခါ ခွေးမှာအိမ်ကမခွာတော့။
မဒမ်ဖျံက ခွေးထီးလေးကို”တိုးပွား”ဟုပင်
အမည်ပေးလိုက်သေး၏။တိုးပွားကလည်းခွေး
တို့၏မာယာအတိုင်း မဒမ်ဖျံသွားလေးရာတ
ကောက်ကောက်လိုက်၏။ညဖက်အိမ်ရှေ့ဖိနပ်
ချွတ်တွင်အိပ်ပြီး သူစိမ်းမြင်လျှင်ထထဟောင်၏။ဤမျှဆိုလျှင် ခိုးတို့၏ဝတ္တရားကျေပြီ
မဟုတ်လား။
(၂)ကျွန်ုပ်သည် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့်
ခွေး၊ကြောင်များမွေးခြင်းကို နှစ်သက်သူမဟုတ်။ကျွန်ုပ်၏နှလုံးသားသည် ဦနှောက်ထက်
အရွယ်အစားကြီးပေရာ တိရိစ္ဆာန်များအပေါ်သံ
ယောဇဉ်ကြီးမိမှာကိုစိုးရိမ်သည့်အလျှောက် မိသားစုဝင်များအား အိမ်မွေးတိရိစ္ဆာန်များမွေး
မြူခြင်းကိုပိတ်ပင်ထားခဲ့၏။
ယခုမူ ကျွန်ုပ်၏ရှုမငြီးသည့်ချစ်ဇနီးက အနူး
အညွတ်တောင်းဆိုလာ၍သာ ကျွန်ုပ်ခွင့်ပြုရခြင်းဖြစ်၏။တိုးပွားလေးနှင့်နေထိုင်လာသည်မှာ
သုံးလေးနှစ်ကြာသည်အထိမည်သည့်ပြဿနာမှမရှိခဲ့သော်လည်း နောက်ပိုင်းအရွယ်ရောက်၍
ခွေးပျိုပေါက်ဖြစ်လာသောအခါ ခွေးပျိုလှည့်
သည့်ပြဿနာသည်တိုးပွားလေးထံဖြစ်ပေါ်လာ၏။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ပေါ့မိန်းမရယ်
ဟုမဒမ်ဖျံကိုနားချသော်လည်း မာမီဖျံခမြာ သူ့
သားလေးတိုးပွားကို ဂျလေဘီခွေးမတွေနှင့်ညား
သွားမှာကိုအဖြစ်မခံနိုင်။အနှီကြောင့်ပင်ကျွန်ုပ်
အား ခွေးတိုးပေါက်မရှိအောင်လုံခြုံစွာခြံစည်းရိုး
ခတ်ရန်နှင့် တိုးပွားလေးအားအိမ်ခြံအတွင်းမှလုံး
ဝအပြင်ထွက်ခွင့်မပြုဟု မဒမ်ဖျံကအမိန့်တော်
ထုတ်လေ၏။
(၃)ပြဿနာကားဤမှာတွင်မပြီး။ကျွန်ုပ်အိမ်ရှေ့
လမ်းဟိုဘက်အခြမ်းတွင် စည်ပင်သာယာဈေး
ကလေးတခုရှိ၏။အနှီဈေးထဲတွင် မွေးချင်တိုင်း
မွေး၍ပေါက်ချင်တိုင်းပေါက်နေသော ဈေးခွေး
မိသားစုတွေနေကြ၏။ သူတို့ကိုသွန်သင်ဆုံးမပေးသူမရှိ။ ငါးသည်မ၏ငါးကို အလစ်တွင်ခိုးစားရန်ခြောင်းကာ အလစ်သုတ်သဖြင့်ငါး
သည်မက တရုတ်သိုင်းကားထဲကလို ဓားပျံဖြင့်
ပစ်၍ ခေါင်းပေါက်သွားသော်လည်းမမှတ်။ခိုးမှ
စားရသည့်အမျိုးသည် ခိုးဖို့သာတွေး၏။သား
ဆက်ခြားခြင်းအတွက် ပဋိသန္တေတားဆေးထိုး
ပေးမည့်သူမရှိ၍လည်း အနှီသောသူခိုးအင်အား
စုသည်တဖြေးဖြေးကြီးထွားလာ၏။
အနှီဈေးခွေးအပေါင်းသည် ငါးသည်၊ကြက်
သားသည်၊ဝက်သားသည်အစရှိသော ဈေးသည်
များထံမှ သူတို့စား၍ရသောအသားငါးများကိုခိုး
သည့်နေရာတွင် တကောင်နှင့်တကောင်စားမာန်
ခုတ်ကာ ဟောင်ကြကိုက်ကြသော်လည်း ပြင်ပ
ကသူစိမ်းခွေးများနှင့်ပတ်သက်လျှင်မူ အခြင်း
ခြင်းညီညွတ်ကြ၏။
အချို့ဈေးဝယ်သူများသည် ဈေးလာလျှင်အိမ်
ကသူတို့မွေးထားသည့် ခွေးကလေးတွေကိုခေါ်လာတတ်၏။အနှီသို့ သူစိမ်းခွေးတွေဝင်လာခြင်း
ကိုဈေးခွေးအပေါင်းကလက်မခံ။အမိဈေးမြေကို
ကျူးကျော်သူအား ဝိုင်း၍ဟောင်ကြ၊ကိုက်ကြ၏။
မဒမ်ဖျံ၏သားတော်မောင်တိုးပွားသည် အနှီ
ဈေးဝန်းအတွင်းက ကာလသမီးခွေးပျိုမကလေး
များကို ခြံဝန်းအတွင်းကမျှော်ကာကြိတ်၍ခိုက်နေ၏။မဒမ်ဖျံကားမရိပ်မိသော်လည်း ကျွန်ုပ်အကဲခတ်မိ၏။ညအချိန်ဈေးခွေးများ အူလျှင်
တိုးပွားလည်းလိုက်အူတတ်၏။ဈေးဖွင့်ချိန် ဈေး
ခွေးများ လမ်းပေါ်တက်လမ်းသလားလျှင် တိုးပွားမှာ ခြံတံခါးဝ၌တအီအီဖြစ်နေတတ်၏။
တနေ့သ၌တိုးပွားသည် အချစ်နှင့်စစ်မှာမတရားတာမရှိဘူးဟူသည့် ထုံးကိုနှလုံးမူ၍ ခြံစည်းရိုးကိုဖြဲကာ ညကာလခွေးပျိုလှည့်ရန်အ
တွက်ဈေးအနီးသို့ချဉ်းကပ်သွားလေ၏။
ရလာဒ်မှာကား အမိမြေကိုကာကွယ်သည့်ဈေး
ခွေးအပေါင်းသူတော်ကောင်းတို့၏ဝိုင်းကိုက်ခြင်းကိုခံရကာ အလဲလဲအကွဲကွဲဖြင့်ပြန်လာရခြင်းဖြစ်၏။နံနက်မိုးလင်းသည့်အခါ၌ မဒမ်ဖျံ
မှာ ရင်ဘတ်စည်တည်းလျှက် တိုးပွားလေး၏
ဒဏ်ရာများကို ဆေးထည့်ပေးရင်းပါးစပ်ကပွစိ
ပွစိဖြင့် တိုးပွားလေးကိုဆုံးမနေ၏။
ကျွန်ုပ်ကြားလိုက်မိသော မဒမ်ဖျံ၏စကားမှာကား”တိုးပွားရယ် နင့်ကိုငါကလူလိုသူလိုကျွေး
မွေးထားတာ နင်ကခွေးသူခိုးတွေနဲ့ပေါင်းချင်
တယ်ပေါ့လေ ပေါင်းပါလားဟိုဘက်အိမ်ကနိုင်ငံ
ခြားခွေးမလေးနဲ့ ခုတော့အရပ်ရပ်နေပြည်တော်
ကြားလို့မှမတော် အမျိုးယုတ်ခွေးတွေဆီသွား
တော့ နင့်ကိုဝိုင်းကိုက်ကြပြီမဟုတ်လား ဟဲ့
မှတ်ထား ဘယ်ခွေးတိုးပေါက်မှမချောင်ဘူးဟ”
ဟူသတတ်။