နေအိမ်မှာတောင် မလုံခြုံတော့ဘူးလား


၂၀ ၊ အောက်တိုဘာလ။

“သေဒဏ်ပေးတာက လွဲလို့ မလိုချင်ဘူး” လို့ ဒေါ်ဆန်းအေးကြည်က သူ့ဆန္ဒကို ပြောပါတယ်။

ဒီလို ပြောနေချိန် သူ့မျက်ဝန်းမှာ မိခင်တယောက်ရဲ့ နာကျင်ဝမ်းနည်းမှု့ကိုလည်း အတိုင်းသား မြင်တွေ့နေရပါတယ်။ဝါးကပ်ခင်း ၊ဝါးကပ်ကာထားတဲ့ အိမ်လေးပေါ်မှာထိုင်ရင်း ဒေါ်ဆန်းအေးကြည်က သူ့သမီးဖြစ်သူ သေဆုံးခဲ့ချိန်က အဖြစ်အပျက်တွေကို ပြန်ပြောပြနေခဲ့တာပါ။အဲဒီညက သူတို့သားအမိဟာ ဒီအိမ်လေးပေါ်မှာပဲ တအိပ်ယာထဲ အတူအိပ်နေခဲ့ကြပြီး၊ တရေးနိုးမှာ သမီးဖြစ်သူဟာ အိမ်နောက်ဖေးကို အပေါ့သွားရာကနေ သူမအိပ်ရာဆီကို အပြီးတိုင် ပြန်မလာနိုင်ခဲ့တော့ပါဘူး။

နောက်တနေ့ မနက်မှာတော့ ရွာအပြင်က သစ်ပင်တပင်မှာ လည်ပင်းကြိုးတွဲလောင်းနဲ့ သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့သာ သူ့သမီးငယ်ကို ပြန်ရှာတွေ့ခဲ့ပါတယ်။ တကယ်တော့ အသက် ၉ နှစ်သာ ရှိသေးတဲ့ သမီးငယ်ရဲ့ ရုပ်အလောင်းကို ပြန်တွေ့တဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေကိုလည်း တွေ့ခဲ့ရပါတယ်။

🔹၅ လကျော်ကြာ တိုင်ခဲ့ပြီ

အဲဒီဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့က ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ ဖြစ်ပျက်ခဲ့တာပါ။

“နေ့တိုင်း သူတယောက်တည်း သွားနေကျမို့ အဲဒီနေ့ကလည်း သွားခွင့်ပေးလိုက်တာ။ ကျမလည်း အလုပ်ပင်ပန်း တော့ အိပ်ပျော်သွားတယ်။ မနက်မိုးလင်းတော့ သမီးကို ရှာမတွေ့လို့ ရွာက လူကြီးတွေနဲ့ လိုက်ရှာချိန်မှာ အဲဒီလို တွေ့ရတော့တာပဲ” လို့ ဒေါ်ဆန်းအေးကြည်က မျက်ရည်စို့ကာ ပြောပြပါတယ်။
အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို ကျေးရွာရဲ့ အရှေ့တောင်ဘက် မိုင်ဝက်ဝန်းကျင်အကွာ လယ်ကွင်းပြင်အနီး သစ်ပင်တပင်မှာ ပြန်တွေ့ခဲ့ရတာပါ။

အမျိုးသမီးအင်္ဂါစပ်မှာ စုတ်ပြဲဒဏ်ရာတွေပါရှိပြီး၊ဆရာဝန်ဆေးစစ်ဆေးချက်အရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ လက္ခဏာတွေ အဖြစ် ဦးခေါင်းမှာလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အမှုနဲ့ဆက်စပ်တဲ့ သံသယရှိသူ ၈ ယောက်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)ရဲက ဖမ်းဆီးစစ်ဆေးနေပြီး ၆ လ နီးပါးကြာတဲ့အထိ ကျူးလွန်သူကို ပြစ်ဒဏ်စီရင်ချက် မချမှတ်နိုင်သေးပါဘူး။

ဒါကြောင့် နောက်ထပ် အဲဒီလိုဖြစ်စဉ်တွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဖားပြိုကျေးရွာကနေ ယာယီတိမ်းရှောင်သွားတဲ့ အမျိုးသမီးတချို့တောင် ရှိနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

🔹နေအိမ်မှာတောင် မလုံခြုံတော့ဘူးလား

အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာ၊ အကြမ်းဖက်ခံရတာ၊ သတ်ဖြတ်ခံရတာတွေဟာ လက်ရှိ ရခိုင်ပြည် အတွင်းမှာ ခပ်စိပ်စိပ် ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမ သီတင်းပတ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ဘေးရှောင်စခန်းမှာ စစ် ဘေးရှောင်အမျိုးသမီးတယောက်ကို အမျိုးသားနှစ်ယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူတွေကို ရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာက အသက် ၂၄ နှစ်အရွယ် အမျိုး သမီးတယောက်ကို တရွာတည်းနေ အမျိုးသားတယောက်က အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ခဲ့ပါတယ်။

ကျူးလွန်သူ အမျိုးသားကို နစ်နာသူမိသားစုဝင်တွေက သက်ဆိုင်ရာ နယ်မြေတရားရုံးမှာ တရားစွဲဆိုရာမှာ တ ရားရုံးက အာမခံနဲ့ တနှစ်ကျော်ကြာအထိ ပြန်လွှတ်ပေးထားခဲ့ပါတယ်။

အဲဒီနောက် မိသားစုဝင်တွေက လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ ဖေါ်ထုတ် ပြောဆိုလာတာကြောင့် ကျူးလွန်သူအမျိုးသားကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာမှ ပြန်လည်ဖမ်းဆီးခဲ့ပေမယ့် ရုံးချိန်းတွေ ထပ်မံတက်နေရကာ လက်ရှိအချိန်အထိ အမှုကို အပြီးမသတ် ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။

ပြည်တွင်းစစ်ရေးအကြား အမှုတွေကို ဆုံးဖြတ်၊စီရင်ရာမှာ ကြန့်ကြာမှုများစွာ ရှိနေတာကြောင့် အမျိုးသမီးတွေမှာ တနေ့ထက်တနေ့ လုံခြုံမှု ပိုမိုကင်းမဲ့လာနေကြရတယ်လို့ အမျိုးသမီးတွေက ပြောဆိုကြပါတယ်။

“အခု သတင်းတွေအရဆိုရင် အကြမ်းဖက်ခံရတဲ့အမျိုးသမီးတော်တော်များများဟာ ကိုယ့်ရဲ့ အိမ်မှာ ရှိနေချိန်မှာပဲ ခံနေရတာ ပိုများတယ်။ ဒါကြောင့် အိမ်ထဲမှာနေရင်တောင် ညဘက် နောက်ဖေးတွေကို သွားတာအစ ကြောက်လန့်နေရတယ်။ အပြင်ကိုသွားရင်လည်း နေ့ခင်းဆိုရင်တောင် အဖော်မပါဘဲ မသွားရဲဘူး” လို့ မင်းပြားမြို့နယ်က မလုံးလုံးက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း အာရက္ခတပ်တော်(AA)က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ကာ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးတွေကို လုပ်ဆောင်နေပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ရာနှုန်းပြည့် အကာအကွယ်ပေးနေတယ်လို့ ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက မီဒီယာတွေကို ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို အနှောင့်အယှက်ပေးတာနဲ့ ပြစ်မှုတခုခု ကျူးလွန်မှုတွေ ရှိခဲ့ရင် ကျူးလွန်သူကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘဲ ချက်ချင်း သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက အရေးယူဆောင်ရွက်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် မြေပြင်မှာ အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့ အမှုအများအပြားကို အမှု မှန်ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတဲ့ ဖြစ်စဉ်တွေနဲ့ အကြမ်းဖက်ခံရမှုတွေ ရှိနေဆဲဖြစ်တာကို တွေ့ရ ကြောင်း ဒေသခံအမျိုးသမီးတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထောက်ပြကြပါတယ်။

“တော်လှန်ရေးကာလဖြစ်တာကြောင့် တရားရေး၊ အုပ်ချုပ်ရေးအပိုင်းတွေကို ဆောင်ရွက်ရာမှာ ပေါ်ပေါ်ထင်ထင် မလုပ်နိုင်တဲ့အပိုင်းကို ပြည်သူတွေက လက်ခံရမယ်။ ဒါပေမယ့် တော်လှန်ရေးကာလကို အကြောင်းပြပြီး ဒုစရိုက်မှု၊ ပြစ်မှု ကျူးလွန်သူတွေကို လျစ်လျူရှုစရာ အကြောင်းမရှိဘူး။ ဒါကို ပြည်သူဘက်ကလည်း ခွင့်လွှတ်စရာ အကြောင်းမရှိဘူး။ အမှုမှန်တွေပေါ်ပေါက်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်နိုင်ဖို့လိုတယ်။ အဲဒီလိုမလုပ်ရင် အစိုးရ (ULA) ကို ပြည်သူတွေက ယုံကြည်မှု လျော့နည်းလာမှာကတော့ အသေအချာပဲ” လို့ ရခိုင်ပြည်က အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးကာလဖြစ်နေတာကြောင့် တရားဥပဒေစိုးမိုးရေး ယန္တရားကို ကျွမ်းကျင် ဥပဒေပညာရှင်တွေနဲ့ စနစ်တကျ တည်ဆောက်ထားတာ မရှိတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ဆောင်ရွက်နေသူ တချို့ရဲ့ အရည်အချင်း မပြည့်မီတာတွေကြောင့်လည်း အခုလို ဒုစရိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာလို့ သူက ဆိုပါတယ်။

🔹စစ်ရေး ပဋိပက္ခတွေအကြား တိုးတိတ်သွားတဲ့ အမျိုးသမီးများအသံ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာက အသက် ၅၀ အရွယ် ဒေါ်ဝင်းနုယဉ်မှာ နေအိမ်မှာ အိပ်နေချိန် အမည်မသိသူရဲ့ ဓါးပြတိုက်၊သတ်ဖြတ်တာကို ခံခဲ့ရပြီး လက်ရှိမှာ သံသ ယရှိသူတချို့ကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆွေမျိုးတော်စပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ဆင်ခြံကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင် အမျိုးသမီးတယောက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက အားဓမ္မပြုကျင့်ဖို့ ကြိုးပမ်းနေချိန် ကျေးရွာသားတွေက ဖမ်းမိခဲ့ပါတယ်။

အဲဒီလိုပါပဲ အမ်းမြို့နယ်၊ ရက္ခတိန်တိုက်နယ်ကျေးရွာမှာလည်း ဖခင်ဖြစ်သူက သမီးဖြစ်သူကို အသက် ၁၂ နှစ် အရွယ်ကနေ ၁၈ နှစ်အထိ ၆ နှစ်ကြာ အဓမ္မပြုကျင့်နေခဲ့ပြီး သမီးဖြစ်သူမှာ ဖခင်ရဲ့ ကိုယ်ဝန်ကို လွယ်ထားရပါတယ်။ လက်ရှိမှာ ဖခင်ဖြစ်သူကို ရဲက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲ မတိုင်ခင်ကတော့ အခုလို အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ၊ ဖိနှိပ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ အိမ်တွင်းအကြမ်းဖက်ခံရတာ စတဲ့ အမှုတွေကို အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေး အမျိုးသမီးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

အဲဒီအဖွဲ့တွေဟာ ရခိုင်ပြည် မြို့နယ်အသီးသီးမှာ ရုံးတွေဖွင့်လှစ်၊ အခြေစိုက်ပြီး ဥပဒေပိုင်းဆိုင်ရာ အကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှု၊ ငွေကြေးထောက်ပံ့ကူညီအားပေးမှု စတဲ့အကူအညီတွေ ပေးခွင့်ရခဲ့ကြတာပါ။

ဒါပေမယ့်လည်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် စစ်တပ်ရဲ့ လမ်းခရီးပိတ်ဆို့မှု၊ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အမျိုးသမီးအဖွဲ့အစည်းတွေမှာ ပြည်မနဲ့ ပြည်ပနိုင်ငံတွေကို တိမ်းရှောင်သွားကြရပါတယ်။

ဒါကြောင့် အခုအခါ ရခိုင်ပြည်အတွင်း မြေပြင်မှာ အကူအညီပေးနေတဲ့ အခြေစိုက်အမျိုးသမီးအဖွဲ့အစည်းတွေ မရှိသလောက် ဖြစ်သွားခဲ့ရပြီး ကူညီဆောင်ရွက်မှုတွေ အားနည်းသွားရသလို လက်ရှိအမှုတွေမှာလည်း တစိတ်တပိုင်း ကြန့်ကြာမှုတွေ ရှိနေရတာဖြစ်တယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

“မိုင်းအန္တရာယ်၊ စားဝတ်နေရေး အခက်အခဲရှိကြတာ၊ လမ်းခရီးပိတ်ဆို့ခံထားရတာ တမျိုး၊ လုံခြုံမှုမရှိတာ တမျိုးဆိုတော့ လူတိုင်းက စိတ်ဓာတ်ကျနေကြတဲ့ အခြေအနေမှာ အသံထွက်ပေးနိုင်ဖို့က မလွယ်ကူကြဘူး။ အမျိုးသမီးကို ကိုယ်စားပြုထားတဲ့ အဖွဲ့တွေ ပြည်တွင်းထဲမှာ လှုပ်ရှားလို့ရနိုင်တဲ့အနေအထား ရှိဖို့လည်း လိုအပ်တယ်။ ဒါတွေ ကြောင့်လည်း အမျိုးသမီးအသံတွေလည်း ထွက်တာ နည်းပါးလာတယ်လို့ ထင်တယ်” လို့ ရခိုင်အမျိုးသမီးကွန် ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

🔹တရားမျှတမှုအတွက် ကြန့်ကြာနေတာ ဘာလို့လဲ/ဘာကြောင့်လဲ

အခုလို ပြည်တွင်းစစ် ပဋိပက္ခတွေအကြား နစ်နာသူအမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ စိန်ခေါ်မှုတွေ များစွာ ရှိနေပါသေးတယ်။ အဲဒီလိုနစ်နာခဲ့ရတဲ့ မိသားစုဝင်တွေမှာလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့ လိုလားနေကြပြီး ရုံးချိန်းတွေတက်နေရတာကြောင့် ခရီးစရိတ်ကုန်ကျမှုတွေ များစွာလည်း ရှိနေကြတယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

သမီးဖြစ်သူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖားပြိုကျေးရွာက ဒေါ်ဆန်းအေးကြည်က “အခုဖမ်းထားတဲ့ ရှစ်ယောက်ထဲက ပထမဆုံး တယောက်ကို ဖမ်းတယ်။ သူ့ ခန္ဓာကိုယ်ပေါ်မှာ သွေးတွေပါတယ်။ သူ့ကို စစ်ဆေး ချိန် ကလေးကို ဘယ်နေရာမှာ၊ဘယ်လို သတ်ဖြတ်ခဲ့တဲ့အကြောင်းကို ဝန်ခံထားပြီ။ ကျန်တဲ့ ၇ ယောက်ထဲက တချို့ ကောင်လေးတွေက အဲဒီနေ့က ရွာမှာ ရှိမနေကြဘူး။ အမှုထဲမှာ အဲဒီကောင်လေးတွေလည်း ပါတယ်ဆိုပြီး ဆွဲထည့်ထားတာ။ တရားခံအစစ်က ဝန်ခံထားပေမယ့် အမိန့်ချဖို့ကို အချိန်ကြာနေတာ”လို့ ပြောပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ အမှုတွေ ကြန့်ကြာနေတာဟာ တရားဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ လိုအပ်နေတာကို ထောက်ပြနေတာအပြင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ထောက်ပြဝေဖန်ကြပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ရာနှုန်းပြည့်အာမခံကြောင်း ULA/AA က ပြောဆိုထားပေမယ့် ပြေမြင်မှာ အခုလို မပြီးပြတ်နိုင်သေးတဲ့ အမှုတွေ ရှိနေတာနဲ့ အကြမ်းဖက်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာဟာ အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့နေရတာရဲ့ သက်သေပဲ ဖြစ်ပါတယ်။

#အမျိုးသမီး #မလုံခြုံမှု #အကြမ်းဖက်ခံရမှု #တရားမျှတမှု
#သတင်းဆောင်းပါး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH