ဘုရားတသွားနေရတဲ့ ဧရာဝတီလမ်းမများ

“မင်းကလည်း လမ်းကဒီလောက် ကောင်းတာကို။ ငါတို့တွေ ဘုရား၊ တရားမြဲတယ်။ ဖြေးဖြေးမောင်းရတာများတော့ စိတ်ရှည် သည်းခံနိုင်စွမ်းတွေ မြင့်လာတာပေါ့ “

၁၃၊ အောက်တိုဘာလ။

မိုးအကုန်ကာလရဲ့ မိုးစပ်စပ် နေစပ်စပ်ကြားမှာ လမ်းလုပ်သားတချို့  အငွေ့တထောင်းထောင်းထနေတဲ့ ကတ္တရာပုံးတွေကိုင်ပြီး လမ်းအပေါက်တွေ ဖာနေကြပါတယ်။

ရန်ကုန် – ပုသိမ် လမ်းမကြီးပေါ်က ဒီလိုမြင်ကွင်းမျိုးဟာ ဒီလမ်းကို အသုံးပြုနေကြတဲ့ ကားသမားတွေအတွက်တော့ ထူးဆန်းတဲ့ မြင်ကွင်းမျိုး မဟုတ်ပါဘူး။ နှစ်စဉ် နှစ်တိုင်း ပွင့်လင်းရာသီ ရောက်ခါနီးရင် လမ်းအပေါက်ဖာတဲ့ ကိစ္စက လမ်းမကြီးပေါ်မှာ ဟိုတကွက် ဒီတကွက်မြင်ရလေ့ရှိတယ်လို့ ပုသိမ်က ကားသမားတွေက ဆိုကြပါတယ်။

“ ဒါက မထူးဆန်းပါဘူး။ ထူးဆန်းတာက သူတို့ဘယ်လောက်ပြင်ပြင် လမ်းတွေက ကောင်းမလာတာပါပဲ ” လို့ ပုသိမ်မှာ နေထိုင်တဲ့ တက္ကစီဆရာ ကိုတရုတ်ကြီးက မှတ်ချက်ပြုပါတယ်။

နာမည်နဲ့ ဆန့်ကျင်ဘက် အသားအရည်နဲ့ ခပ်ရွဲရွဲဗိုက်ကို ပိုင်ဆိုင်ထားတဲ့ ကိုတရုတ်ကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန် – ပုသိမ် လမ်းရဲ့ ကျောင်းကုန်း အပိုင်းမှာ ချိုင့်ခွက်နဲ့ စက်ဘီးကိုရှောင်ရင်း ကားလမ်းဘေးထိုးကျခဲ့သူပါ။

လူက အန္တရာယ်ကင်းခဲ့ပေမယ့် ကားကတော့ အများကြီး ထိခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ မင်းကလည်း လမ်းက ဒီလောက်ကောင်းတာကို။ ငါတို့တွေ ဘုရား၊ တရားမြဲတယ်။ ဖြေးဖြေးမောင်းရတာများတော့ စိတ်ရှည် သည်းခံနိုင်စွမ်းတွေ မြင့်လာတာပေါ့ ” လို့ ကိုတရုတ်ကြီးရဲ့ မိတ်ဆွေတဦးက ဝင်ပြောပါတယ်။

သူ့ပြောဆိုမှုကြောင့် အနားကလူတွေပါ ရယ်လိုက်ကြပုံပါပဲ ဖုန်းထဲကနေ ကြားရတဲ့ ရယ်သံတွေဟာ နားထောင်နေသူကိုပါ ပြုံးမိစေပါတယ်။

ကားသမားတွေက ဒီလိုတွေ ပြောနေပေမယ့် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကတော့ ရန်ကုန် – ပုသိမ်။ ပုသိမ် – ငွေဆောင်။ ပုသိမ် – ရှောပြာ- ချောင်းသာ လမ်းပိုင်းတွေကို အဆင့်မြှင့်တင် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆက်တိုက် သတင်းထုတ်ပြန်နေပါတယ်။

ဒီလမ်းပိုင်းတွေဟာ အသုံးပြုမှု များပြားတာကြောင့် ပျက်စီးမှုလွယ်ကူမြန်ဆန်ပေမယ့် တိုင်းအစိုးရ အနေနဲ့ ခရီးလမ်းသွားလာရေး အဆင်ပြေချောမွေ့ဖို့အတွက် အချိန်မီ ပြင်ဆင်မှုတွေ ပြုလုပ်ပေးလေ့ ရှိတယ်လို့လည်း တာဝန်ရှိသူတချို့က MRTV ကိုဖြေကြားထားတာကို ထုတ်လွှင့်ထားကြပါတယ်။

ဒါအပြင် ပုသိမ် – ရေကြည် – ဂွ လမ်းကိုလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့ရှိနေသလို ဖျာပုံ၊ ကျုံပျော်၊ ဓနုဖြူ၊ အင်္ဂပူ၊ မြောင်းမြ၊ အိမ်မဲ စတဲ့ မြို့နယ်တွေက မြို့ချင်းဆက်လမ်းတွေ၊ တံတားတွေကိုလည်း ပြုပြင်တာတွေ လုပ်နေတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ဆက်တိုက် ထုတ်ပြန်နေခဲ့တာဖြစ်ပါတယ်။

“ ဟုတ်တယ်။ လမ်းတွေချဲ့နေတဲ့ နေရာတွေရှိတယ်။ တံတားတွေချဲ့နေတာတွေလည်း ရှိတယ်။ ဒါပေမယ့် လကမ္ဘာဖြစ်နေတဲ့ နေရာတွေလည်း အများကြီး။ သတင်းတင်ကြည့်လိုက် ဘယ်နေရာတွေ ပျက်နေလည်းဆိုတာ လာမန့်ကြလိမ့်မယ်။ ဧရာထဲ ဘယ်လမ်းက ကောင်းတယ်လို့ ပြောလို့ရလဲ။ ကျောင်းကုန်းဆိုရင် ကားသေးလေးတွေတောင် သွားမရတော့ဘူး။ ကျွန်တော်တို့ ဓနုဖြူ – ဇလွန်လမ်းရော ကောင်းတဲ့နေရာ ရှိလို့လား ” လို့ ဇလွန်မြို့နယ်က ကားသမားတဦးက ဆိုပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန် – ရေကြည် – ဂွ နဲ့ ရန်ကုန် – မုံရွာ လမ်းမကြီးတွေနားမှာ AA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေနဲ့ လမ်းပြုပြင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်လို့ မရနေဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နဲ့ ဩဂုတ်လတွေတုန်းက ဆောင်းပါးကြီးတွေနဲ့ ဝါဒဖြန့်ခဲ့ဖူးပါတယ်။

ဒါပေမယ့် မြို့ချင်းဆက် လမ်းပိုင်းတွေနဲ့ လမ်းကွန်ရက်တွေ များပြားလှတဲ့ ဧရာဝတီတိုင်းထဲက အခြားသော လမ်းပေါင်း မြောက်များစွာကတော့ ပျက်စီးယိုယွင်းနေပြီး အန္တရာယ်ရှိနေတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာက မြေပြင် အခြေအနေဖြစ်နေတာပါ။

ဒီချုပ်အစိုးရလက်ထက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ မြန်အောင်မဲဆန္ဒနယ်က ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဒေါ်စုစုအောင်ကတော့ ဒီချုပ်အစိုးရ ၅ နှစ်တာ သက်တမ်းမှာ တိုင်းဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးလမ်းတွေ၊ကျေးလက်လမ်းတွေ၊ဧရာဝတီမြစ် ကမ်းထိန်းလုပ်ငန်းတွေနဲ့ လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်တာတွေကို ဘတ်ဂျက် အများဆုံး သုံးခဲ့တယ်လို့ ပြောပါတယ်။

“ပထမ လွှတ်တော်သက်တမ်းမှာ ကြိုပြီး စီမံကိန်းရေးဆွဲခဲ့တာတွေတော့ သူတို့လိုက်လုပ်နေတာ တွေ့တယ် ။အခုနောက်ပိုင်းမှာတော့ သူတို့ဘက်က အထင်ကရ လုပ်တာမတွေ့ရဘူး။ ရှေ့ဘတ်ဂျက်က စီမံကိန်းတွေကိုပဲလုပ်တာရှိပြီး အသစ်အသစ် စီမံကိန်းတွေ လမ်းပိုင်းပြင်ဆင်တာတွေ မြင်မနေရဘူး”လို့ သူမက မှတ်ချက်ပေးပါတယ်။

ဖျာပုံမြို့နယ်ထဲက ဒေါ်ငြိမ်း ကမ်းခြေ အပါအဝင် ကျုံကဒွန်းကျေးရွာနဲ့ ဆက်စပ်နေတဲ့ ကုန်သွယ်ရေး လမ်းပိုင်းအဖြစ် အသုံးပြုကြတဲ့ ဖျာပုံ – ကျုံကဒွန်းလမ်းပိုင်းရဲ့ အခြေအနေကို ဒီလမ်းပိုင်းကို အသုံးပြုနေကြသူတွေက TikTok လူမှုကွန်ရက် စာမျက်နှာမှာ အများအပြား ဖော်ပြထားကြပါတယ်။

ဗွက်တသောသောဖြစ်နေတဲ့ ဒီလမ်းပိုင်းဟာ မိုးရွာနေချိန်မှာ လုံးဝအသုံးပြုလို့ မရတော့တဲ့ အခြေအနေထိ ဆိုးရွားသွားပြီလို့ ကုန်ကားမောင်းသူ တဦးက DNA ကိုဖြေကြားပါတယ်။ ဒီလမ်းပိုင်းဟာ ကျုံကဒွန်းဘက် တခြမ်းလုံးက ကျေးရွာတွေရဲ့ လူမှု စီးပွားတွေအတွက် အဓိက အရေးပါတဲ့ လမ်းပိုင်းလည်းဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“ တနှစ်ထက် တနှစ်ပိုဆိုးလာတာပေါ့။ တခါမှလာမပြင်ကြတော့ ဒီနှစ်အရမ်းဆိုးသွားပြီ။ ဒီလမ်းက ဒီဘက်ကလူတွေ(ကျုံကဒွန်းဘက်) အနည်းဆုံး ရွာပေါင်း ၃၀ လောက်က လူတွေအတွက် ကျန်းမာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး အတွက် သုံးကြတဲ့ လမ်းပါ ” လို့ သူကဆိုပါတယ်။

ဒါပေမယ့် ဖျာပုံအပိုင်ထဲကပဲ အမာမြို့နယ်ဘက်မှာတော့ လမ်းနဲ့တံတားတချို့ကို ပြင်ဆင်တာ အသစ်ဆောက်လုပ်တာတွေကို ၂၀၂၂ ခုနှစ်ကတည်းက ဆက်တိုက်လုပ်နေခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ကျုံကဒွန်းဒေသခံ အမျိုးသမီးတဦးက အုပ်ချုပ်ရေးပိုင်းကလူတွေဟာ ဒေသဖွံ့ဖြိုးရေး စီမံခန့်ခွဲရာမှာလည်း တရားမျှတမှု မရှိဘူးလို့ သူမရဲ့ ခံစားချက်ကို ရင်ဖွင့်ပါတယ်။

“ကျွန်မတို့ကိုက တမင်မလုပ်ပေးတာ ဖြစ်နိုင်ပါတယ်။ သူတို့ကို (စစ်ကောင်စီ)ထောက်ခံသူများတဲ့ အပြောင်(ရွာ)ဘက်မှာဆို တံတားချည်းပဲ ၂ ခု အသစ်လုပ်ပေးထားတာ ” လို့ ပြောပါတယ်။

ဒီလိုမျိုးဆိုးဝါးနေတဲ့ လမ်းဟာ အင်္ဂပူ – ညောင်ကျိုး လမ်းပိုင်းမှာလည်း ရှိပါတယ်။

ဒီလမ်းပိုင်းနဲ့ပတ်သက်လို့ DNA က လမ်းအခြေအနေကို ဆက်တိုက် သတင်းဖော်ပြနိုင်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ညောင်ကျိုးအပိုင်ထဲက လမ်းပြိုကျတဲ့ နေရာအထိ လာရောက် ကြည့်ရှု့ခဲ့ပေမယ့်  ထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတော့ မတွေ့ရပါဘူး။

ထိုနည်းတူစွာ ဟင်္သာတ – ကျုံပျော် လမ်းပိုင်းမှာလည်း ချိုင့်ခွက် ကြီး၊ငယ်တွေ များပြားနေတာကြောင့် မကြာခဏ ယာဉ်မတော်တဆမှုတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ လမ်းမကြီးလို့ ခေါ်ဆိုတဲ့ လမ်းမကြီး ၃ ခုရှိပါတယ်။ ရန်ကုန် – ပုသိမ်လမ်း။ ရန်ကုန် – ဟင်္သာတ လမ်း။ ပုသိမ် – မုံရွာလမ်း တို့ဖြစ်ပါတယ်။

ရန်ကုန် – ပုသိမ်လမ်းဟာ ၁၁၃ မိုင်ဝန်းကျင်ရှည်လျားပြီး ပုသိမ် – မုံရွာလမ်းကတော့ ဧရာဝတီတိုင်းအတွင်းမှာ မိုင် ၁၀၀ ဝန်းကျင်ရှိပါတယ်။ ရန်ကုန် – ဟင်္သာတ လမ်းဟာလည်း မိုင် ၁၀၀ ဝန်းကျင် ရှိပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ရှေ့ပိုင်းကာလတွေမှာ ဒီလမ်းတွေကို အသုံးပြုချိန်ဟာ ပုံမှန်ယာဉ်တစီးအတွက် အလွန်ဆုံး ၃ နာရီဝန်းကျင်သာ ကြာတတ်ပါတယ်။ ၂၀၂၂ ခုနှစ်ထိ နေ့ချင်းပြန်ခရီးအဖြစ် သက်သောင့် သက်သာ သွားလို့ရနိုင်တဲ့ လမ်းခရီးတွေ ဖြစ်ခဲ့ပါတယ်။

မိုးတွင်းမိုးများတဲ့ ကာလတွေမှာတောင်မှ မောင်းချိန် ၄ နာရီထက် မကျော်ခဲ့တဲ့ လမ်းတွေဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ အနည်းဆုံး ၅ နာရီဝန်းကျင်လောက် အချိန်ယူနေရတယ်လို့ ကားသမားတွေက ဆိုပါတယ်။

“ ကားကြီးတွေတောင် လူးလွန်းလို့ အရမ်းမမောင်းရဲဘူး။ အရမ်းမောင်းလည်း မှောက်တာပဲ။ ကားသေးတွေကတော့ ပြောမနေနဲ့ ဘယ်လောက် သတိထားမောင်းမောင်း အောက်ပိုင်းတွေက ခဏခဏ ပြင်ရတယ် ” လို့ ကိုတရုတ်ကြီးက ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မြို့တွေကို ဒီလမ်းမကြီးတွေတဆင့် ချိတ်ဆက်ထားကြတာဖြစ်ပါတယ်။ ရန်ကုန်ဘက်ကလာမယ်ဆိုရင် ဗိုလ်မြတ်ထွန်းတံတားကို ကျော်လိုက်ပြီးတာနဲ့ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း လမ်းခွဲ။

ပန်းတနော်ပြီးတဲ့နောက် ပန်းတနော်၊ ကျောင်းကုန်း၊ ကန်းကြီးထောင့်၊ ပုသိမ်ဆိုပြီး လမ်းမကြီး ကနေ အိမ်မဲ၊ မြောင်းမြ၊ လပွတ္တာ လမ်းခွဲက တခု။

တခါ အပင်နှစ်ဆယ် တံတားကနေ ပုသိမ် – မုံရွာလမ်းမကြီး တလျှောက် အသုတ်၊ ရေကြည်၊ ကျုံပျော်၊ ငသိုင်းချောင်း၊ ကြို့ကုန်း။ ကြို့ကုန်းကနေ မြန်အောင်၊ ကြံခင်း ပြန်ဆက်။ တခါ ငသိုင်းချောင်းကနေ ဂွ (ရခိုင်)လမ်း။

တဖက်မှာလည်း ဗိုလ်မြတ်ထွန်း တံတားကနေ မအူပင်လမ်းခွဲကို ဆင်းဆင်း၊ ရန်ကုန် တွံတေးကနေ မအူပင်ကိုပဲ သွားသွား မအူပင်ကို ရောက်တာနဲ့ တချိန်ကနာမည်ကြီးခဲ့တဲ့ ဆရာ မင်းသီင်္ခရဲ့ စာအုပ်တွေထဲက မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး။ တခါ မအူပင်၊ မော်ကျွန်း၊ ဘိုကလေး စတဲ့ လမ်းပိုင်းတွေလည်းရှိနေပါသေးတယ်။

ရန်ကုန် – ပုသိမ် လမ်းနဲ့ မအူပင် ဘိုကလေးလမ်းတွေဟာ ပင်လယ်နဲ့ချိတ်ဆက်နိုင်တဲ့ လမ်းတွေဖြစ်ပြီး ပုသိမ် – မုံရွာလမ်းက ပဲခူး၊ စစ်ကိုင်းတို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ပုသိမ် – ရေကြည်-ငသိုင်းချောင်း လမ်းကတော့ ရခိုင်ကို ပေါက်ရောက်ပါတယ်။

ဒီလမ်းတွေဟာ ၂၀၂၁ ခုနှစ်အထိ တရက်ကို ယာဉ်အစီးရေ ၄၀၀၀ (လေးထောင်) ဝန်းကျင် အသုံးပြုသွားလာခဲ့တဲ့ လမ်းတွေဖြစ်ပြီး ဧရာဝတီတိုင်းရဲ့ ကုန်သွယ်စီးပွားကို ထောက်ထားတဲ့ အဓိကထောက်တိုင်တွေထဲက တခုလည်းဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်ထိ ဒီလမ်းတွေ တိုးချဲ့ပြင်ဆင်ဖို့အတွက် ကျပ်သန်းပေါင်း ၂၉ ဘီလီယံ ဝန်းကျင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ စစ်တပ်က အရပ်သားတွေကို ဗုံးကြဲရာမှာ အသုံးပြုနေတဲ့ ရုရှားထုတ် MI-35 တစီးစာ တန်ဖိုးထက်တောင် လျှော့နည်းနေပါသေးတယ်။ “နိုင်ငံတကာ ကာကွယ်ရေး သုတေသနအဖွဲ့အစည်း (SIPRI/IISS) ခန့်မှန်းချက်အရ လက်နက်တပ်ဆင် ၊စွမ်းရည်မြှင့်ထားတဲ့ MI 35 တစီးရဲ့ ခန့်မှန်းတန်ဖိုးဟာ ဒေါ်လာ ၂၅ သန်းဝန်းကျင် ရှိနိုင်ပြီး ပြင်ပငွေလဲနှုန်း မဟုတ်တဲ့ ဗဟိုဘဏ်ပေါက်ဈေးနဲ့ တွက်မယ်ဆိုရင်တောင် မြန်မာကျပ်ငွေ ၅၂ ဘီလီယံကျော်ရှိပါတယ်။ အဲဒီလို များပြားတဲ့ ပမာဏရှိတဲ့ စစ်သုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲ နေပေမယ့် ဧရာဝတီတိုင်းအတွင်းက အဓိက လမ်းမကြီးတွေအတွက်တော့ စစ်ကော်မရှင်က ၂၉ ဘီလီယံသာ သုံးစွဲထားခဲ့တာပါ။

“နှစ်စဉ် နှစ်တိုင်း လမ်းဦးစီးဌာနက သုံးတဲ့ ဘတ်ဂျက်က ကျေးလက်လမ်းတွေသုံးတဲ့ ဘတ်ဂျက်ထက် ပိုများတယ်ဗျ။များတဲ့အပေါ်မှာ ပိုကောင်းလာရမှာ သူတို့ မသုံးနိုင်လို့ပဲလား၊ အလေအလွင့်များလို့ပဲလား ဆိုတာကတော့ ကျွန်တော်လည်း သေချာမသိဘူးလေ”လို့ NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တဦးက မှတ်ချက်ပေးပါတယ်။သူက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း စီမံကိန်းနဲ့ ဘဏ္ဌာရေး၊စီးပွားရေးနဲ့ ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီဝင် တဦးလည်း ဖြစ်ပါတယ်။

“အမှန်တကယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ပထမ ၅ နှစ် ၂၀၂၀ နဲ့ ၂၀၂၅ အတွင်းမှာက ရန်ကုန်ကနေ ဗိုလ်မြတ်ထွန်း တံတားအထိ ၂၀ နဲ့ ၂၅ အကြားမှာဆိုလို့ရှိရင် ဗိုလ်မြတ်ထွန်း တံတားကနေ ပုသိမ်အထိ လမ်းပိုင်းအဆင့် မြှင့်မယ့် စီမံချက်ရှိတယ်။ အဲလို လျှာထား ထားတာ ရှိတယ်။ ဒုတိယအဆင့်ကတော့ ၅ နှစ်အတွင်းမှာ အဲဒါတွေက ပျက်သွားတာပေါ့”လို့ မှတ်ချက်ပေးပါတယ်။

ပုသိမ်က တက္ကစီဆရာတွေရဲ့ ပြောပြချက်အရ ဧရာဝတီတိုင်းထဲမှာ တရက်ကို အနည်းဆုံး ယာဉ်မတော်တဆမှု ၃ မှုပျမ်းမျှရှိပြီး အများစုဟာ ချိုင့်တွေကိုရှောင်ရင်း ဖြစ်ရတာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှုတွေကြောင့် ယခုနှစ်အတွင်း လူပေါင်း ၂၀ ဝန်းကျင်ခန့် သေဆုံး ခဲ့နိုင်ချေရှိတယ်လို့ ဒီတက္ကစီဆရာတွေကတော့ ခန့်မှန်းကြပါတယ်။

ဒီထဲကမှ ဓနုဖြူ – ဇလွန် လမ်းပေါ်မှာ ဧပြီလက ဖြစ်ပေါ်ခဲ့တဲ့ ကုန်တင်ယာဉ်နဲ့ အိမ်စီးကား တိုက်တဲ့အမှုမှာ အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဇလွန်မြို့နယ်က ကားသမားက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ လမ်းတွေကို ဆက်တိုက်ပြင်ဆင်နေပြီး ခရီးလမ်းတွေဟာ ချောမွေ့နေဆဲပါပဲ။

ကိုတရုတ်ကြီး ကတော့ “ ရွေးကောက်ပွဲကနီးပြီလေ။ အပေါက်ဖာတာ နည်းနည်း ပုံရိုက်တာ များများပေါ့ ” တဲ့။