ဟင်္သာတမြို့က နှစ်လောင်းပြိုင်လူသတ်မှု တလပြည့်တဲ့အထိ တရားခံမပေါ်သေး

“မျက်မြင်သက်သေတွေကလည်း ဘာမှမပြောနိုင်ဘူး။လူလည်း မပြောနိုင်ဘူး၊ဆိုင်ကယ်နံပါတ်လည်း မပြောနိုင်ဘူး ဖြစ်နေတယ် အနားကလူတွေကလေ”

၈၊အောက်တိုဘာ။

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က သွားဆေးခန်းတခုမှာ သွားဆရာဝန်နဲ့ သူ့အမျိုးသမီးကို ဓါးနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တဲ့ နှစ်လောင်ပြိုင်လူသတ်မှုဟာ ဒီနေ့ဆိုရင် တလတိတိပြည့်သွားပြီဖြစ်ပေမယ့် တရားခံကိုတော့ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

“အမှုအခြေအနေကတော့ မပေါ်သေးဘူး။ လိုက်တုန်းရှိသေးတယ်။CCTV မှတ်တမ်းရလိုက်လည်း အထောက်အကူပြုတဲ့ အချက်အလက်က မရဘူးဖြစ်နေတယ်” လို့ အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက DNA ကိုပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့တုန်းက သုံးပင်ကွင်းရပ်ကွက်၊ပါဆယ်လမ်းမှာ ရှိတဲ့ ဒေါက်တာတင်မောင်ထွန်း သွားဆေးခန်းမှာ အမည်မသိလူတဦးက ဒေါက်တာတင်မောင်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မီမီသက်တို့ကို ဓါးနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာပါ။ဒါ့အပြင် ဆေးခန်းအတွင်းမှာ ရှိနေတဲ့ မိသားစုဝင် အမျိုးသမီး တဦးနဲ့ ဆေးခန်းအကူ အမျိုးသမီးတို့လည်း ဓါးဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ သိရပါတယ်။ သွားဆေးခန်းနဲ့ လမ်းတဖက်မှာရှိတဲ့ လဘ္ဘက်ရည်ဆိုင်ရဲ့ cctv မှတ်တမ်းအရ ညနေ ၄ နာရီ ၄၆ မိနစ်မှာ အခင်းဖြစ်ပွားရာ ဆေးခန်းကနေ လူသတ်သမားရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအနည်းငယ် ရခဲ့တဲ့ ဆေးခန်းအကူ အမျိုးသမီးဟာ လမ်းမကိုထွက်လာခဲ့ပြီး လမ်းသွားလမ်းလာနဲ့ လဘ္ဘက်ရည်ဆိုင်မှာ ရှိနေသူတွေကို အကူအညီလာတောင်းခဲ့တာ တွေခဲ့ရပြီး ၄ နာရီ ၄၇ မိနစ်မှာ အခင်းဖြစ်ရာ သွားဆေးခန်း ခြံဝန်းအတွင်းကနေ လူတဦးဟာ ဆိုင်ကယ်ကို နောက်ပြန်တွန်းထွက်ခဲ့ပြီးမှ ပါဆယ်လမ်းအတိုင်း ဟင်္သာတဘူတာဘက်ကို မောင်းထွက်သွားတာ တွေ့ခဲ့ရပါတယ်။ဒီနှစ်လောင်းပြိုင်လူသတ်မှု့ကို ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့် ထားပါတယ်။ ဒါပေမယ့် အခင်းဖြစ်ပွားပြီး တလကြာတဲ့အထိ လူသတ်တရားခံကို မဖေါ်ထုတ်နိုင်သေးတာပါ၊

“မျက်မြင်သက်သေတွေကလည်း ဘာမှမပြောနိုင်ဘူး။လူလည်း မပြောနိုင်ဘူး၊ဆိုင်ကယ်နံပါတ်လည်း မပြောနိုင်ဘူး ဖြစ်နေတယ် အနားကလူတွေကလေ”လို့ မြို့မရဲစခန်း တာဝန်ကျ ရဲအရှိက ပြောပါတယ်။ မိသားစုဝင်တဦးကလည်း တလကြာတဲ့အထိ အခုလို လက်သည်တရားခံ မဖေါ်ထုတ်နိုင်သေးတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေပါတယ်။

“အိမ်မှာလည်း cctv မရှိတာက ဆိုးသွားတယ်”လို့ သူကပြောပါတယ်။ဒါ့အပြင် လမ်းတဖက်က လဘ္ဘက်ရည်ဆိုင်ရဲ့ cctv မှတ်တမ်းအရ ဆိုင်ကယ်မောင်းထွက်သွားသူရဲ့ မျက်နှာကို သေသေချာချာ မမြင်လိုက်ရသလို ၊ မြို့ပေါ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ပေါပေါများများ ရှိနေတဲ့အတွက် အခုထိ တရားခံကို မဖေါ်ထုတ်နိုင်သေးတာလို့ သူ့က မှတ်ချက်ပေးပါတယ်။

ဟင်္သာတမြို့ရဲ့ လူစည်ကားချိန်မှာ အခုလို လူနှစ်ဦးကို ဓါးနဲ့ထိုးသတ်သွားတဲ့ အမှုကို မြို့ခံတွေတင်မက တနိုင်ငံလုံးကပါ စိတ်ဝင်တစား ရှိနေပြီး တလကြာတဲ့အထိ အခုလို တရားခံမပေါ်သေးတဲ့ အပေါ်မှာလည်း ရဲတပ်ဖွဲ့ရဲ့ လုပ်ရည်ကိုင်ရည်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဟင်္သာတမြို့သားတွေတော့ စိတ်အတော်ပျက်နေကြပြီလို့ အသက်၅၅ အရွယ်ခန့်ရှိ မြို့ခံလုပ်ငန်းရှင်တဦးက ပြောပါတယ်။ “ခရိုင်မြို့ကြီးမှာ ဒန ဆိုတဲ့ အဖွဲ့ကြီးလည်း ရှိတယ်။စီအိုင်ဒီလည်းရှိတယ်။အခင်းဖြစ်တဲ့ အိမ်ကလည်း လမ်းဘေးကပ်လျှက်၊ရှေ့တည့်တည့် မျက်နှာချင်းဆိုင် လမ်းတဖက်မှာ ခရိုင်အာမခံရုံးနဲ့ ဆယ်လူလာဆိုတဲ့ လဘ္ဘက်ရည်ဆိုင် အကြီးကြီးလည်း ရှိတယ်။ အမှုလည်း မပေါ်သေး။မသင်္ကာတဲ့သူတွေ  ဖမ်းထားတာလဲ ဝက်ဒိုင်မှာ ဝက်သတ်တဲ့ လူတွေတောင် ပါတယ်၊ဓါးကိုင်ကျွမ်းလို့တဲ့”လို့ မှတ်ချက်ပေးပါတယ်။အခုလို အမှုကိုမဖေါ်ထုတ်နိုင်ပေမယ့် နှစ်လုံး၊သုံးလုံး လောင်းကစားဒိုင် လုပ်တဲ့အိမ်ဆိုရင်တော့ လမ်းကြို၊လမ်းကြားမှာ ရှိနေရင်တောင် ရဲတပ်ဖွဲ့ဝင်တွေက သိနေတတ်တယ်လို့လည်း သူက ဖြည့်ဆွက်မှတ်ချက်ပေးပါတယ်။

မြို့မရဲစခန်းအနီး နေထိုင်သူ မြို့ခံအမျိုးသမီးတဦးကတော့ နှစ်လောင်ပြိုင်လူသတ်မှု ဖေါ်ထုတ်နိုင်ဖို့အတွက်  “ရဲတွေ ဗေဒင်ဆရာတွေ စုံအောင်လိုက်မေးနေကြတယ်”လို့ပြောပါတယ်။မိသားစုဝင်တဦးကတော့ “ရဲကလည်း ရဲအလုပ်လုပ် ကိုယ်တွေလည်း စီးပွားရေး ပြန်လုပ်နဲ့ပဲ တလပြည့်သွားပြီ”လို့ မှတ်ချက် ပေးပါတယ်။ ဟင်္သာတမြို့မှာ ရဲစခန်း တာဝန်ကျ ရဲအရာရှိကတော့ “ဇွဲတော့ မလျှော့ပါဘူး။ကြိုးစားလိုက်နေတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။